အပိုင်းအစ - ၅

5.2K 569 16
                                    


နောက်တစ်နေ့မနက်က စပြီး သခင်လေးကို ဆောင်ရွက်ပေးရတဲ့ ငါ့အလုပ်တွေ ကုန်းလီကို ဝေမျှပေးရတယ်။ ငါ ပင်ပန်းတာ သက်သာသွားပေမယ့် သိပ်တော့ မကျေနပ်ဖူးရယ်။

“ချင်းလျန် သခင်လေးက ဘယ်လက်ဖက်ရည်မျိုးကြိုက်သလဲ။”

(ဂန္ဓမာပန်းလက်ဖက်ရည်) ငါ့အတွေးထဲမှာ ဖြေလိုက်တယ်။ နှုတ်ကတော့

“စံပယ်ပန်းလက်ဖက်ရည်။” ငါ ဘာလို့ ဒီလို ဖြေမိပါလိမ့်နော်။

“ဘာလုပ်မလို့လဲ။ အမလီ”

“သခင်လေးအတွက် ပြင်ပေးမလို့ပါ။”

“အန်း ကျနော်ပြင်ပေးလိုက်မယ်။ အမလီသာ ဥယျာဉ်ကို ခဏသွားကြည့်ပေးပါနော်။ နှင်းပန်းတွေ ပွင့်တော့မှာ။”

သူမမျက်နှာ က အံ့သြသွားဟန်ပြတယ်။ တစ်ခုခု မေးချင်ပုံလည်း ပေါ်နေပေမယ့် ငါ မသိချင်ယောင် ဆောင်ပြီး ခပ်တည်တည်နဲ့ လှည့်ထွက်လာလိုက်တယ်။ တကယ်တော့ ငါက အိမ်ရှင်လေ။ ဧည့်သည်အပေါ် နည်းနည်းတော့ ဖော်ရွေရမှာပေါ့။ ငါ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ ချင်းလျန် နင့်စိတ် နင်ထိန်းစမ်းကွာ။

တစ်လလောက်ကြာတော့ ကုန်းလီတစ်ယောက် င့ါရဲ့ ဘုဆတ်ဆတ်နိုင်တဲ့ အချိုးမပြေတဲ့ စကားတွေရယ်၊ နမော်နမဲ့နိုင်တာတွေနဲ့ အတော်အသားကျသွားပုံပေါ်တယ်။ ငါတော့ သခင်လေးအတွက် ငါလုပ်ရမယ့်အလုပ်တွေ သူအကုန်နီးပါး လုသွားတာတော့ အသားမကျသေးဘူး။ ပြောရရင် သူမအပေါ် အစာမကျေတာတွေ ဖြစ်လာတာပဲ။

မနက်ဆို ကုန်းလီက အစောကြီး ထပြီး သခင်လေးအတွက် မျက်နှာသစ်ဖို့ ပြင်ပေးတယ်။ နံနက်စာတွေ ဖွယ်ဖွယ်ရာရာ ပြင်ပေးတယ်။ အစားအသောက်ဆို ဘယ်ဟင်းနဲ့ဘယ်ဟင်း လိုက်ဖက်တယ်။ အာဟာရဖြစ်အောင် ဘယ်လိုချက်ပြုတ်စားရတယ် စသည်ဖြင့်။ မှုံ့အဒေါ်ကြီးတောင် ကုန်းလီကို ဆရာတင်တဲ့အဆင့်အထိ ဖြစ်သွားပြီ။ သူမ ဟင်းချက်တာ အတော်ကောင်းပါတယ်။ ဒါပေမယ့် သူမရဲ့ အပြုအမူတွေက ငါအတွက် ကြေကွဲစရာတွေ တစ်ခုပြီး တစ်ခု ဖြစ်လာတယ်။

သခင်လေးက ကုန်းလီချက်တဲ့ ဟင်းတွေဆို နှစ်သက်ပုံရတယ်။ ချီးကျူးတာလေးလည်း ကြားရတယ်။ ငါ့ကိုဆို ငါ အလုပ်တွေ ဘယ်လောက်ပဲကောင်းအောင် အစွမ်းကုန်လုပ်လုပ် တစ်ခါမှ ချီးကျူး မခံရဖူးဘူး။ သခင်လေးက ငါ့ကို အောလီလို့များ (အောလီ= အညံ့စား) သတ်မှတ်ထားတာလား။ အခုလည်း ကြည့်။

“ကုန်းလီ… နင် ဟင်းချက်ကောင်းတယ်။ ဘယ်ကသင်ခဲ့တာလဲ။”

“ကျမ အဖွားဆီကနေ သင်ခဲ့တာပါ။ အဖွားက ကျမကို ဟင်းချက်ရာမှာ အရည်အချင်းရှိတယ်လို့ ပြောဖူးတယ်။ သခင်လေး ကြိုက်ရင် အမြဲချက်ကျွေးပါ့မယ်။”

ဘာလဲ။ ဒါ ဘာလဲ။ ရေလာမြောင်းပေးလုပ်နေတာလား။ ငါ့လက်တွေ တုန်လာလို့ ရေနွေးငှဲ့နေတဲ့ ခွက်ချင်းတောင် တိုက်မိတော့မလို ဖြစ်သွားတယ်။ ငါ သခင်လေးမျက်နှာကို ကြည့်လိုက်တော့ ပြုံးတုံ့တုံ့နဲ့။ သူတို့က ဘယ်အခြေအနေထိတောင် ဖြစ်သွားနေပြီလဲ။ ငါ သူတို့ကို စောင့်ကြည့်ရတော့မှာလား။ ကုန်းလီကတော့ သူ့စကား သူရှက်သွားပုံနဲ့ ခေါင်းကြီးငုံ့လို့။ ငါကတော့ ရေနွေးခွက်ကို စားပွဲပေါ် ဆောင့်ကနဲ ချလို့။ ပန်းခြံထဲ ရောက်နေကြတယ်လို့ မှတ်နေကြတာလား ဟေ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now