အပိုင်းအစ - ၂၄

4.5K 529 10
                                    


ဖြတ်လမ်းက တောအုပ်လေး တစ်ခုကို ဖြတ်သွားရတာ။ လူတွေ သိပ်မသုံးတော့ ငါ့အတွက် အာရုံနောက် သက်သာတယ်။ ငါပျင်းရင် တောအုပ်ဖက် လမ်းလျှောက်ထွက်နေကြ ဆိုတော့ ငါ့အဖို့ အဆင်ပြေတယ်။

တောအုပ်လေးထဲမှာ ငါ အေးအေးဆေးဆေး လမ်းလျှောက်နေရင်း လူနှစ်ယောက် စကားပြောနေသံတွေ ကြားလိုက်ရတယ်။ အမှန်တော့ သူတို့က ငါနဲ့ အတော်ကြီးဝေးပါတယ်။ ဒါပေမယ့် ငါ့ရဲ့ အဆင့်မြှင့်ထားတဲ့ နားပါးတဲ့ မြေခွေးနားရွက်တွေက အားလုံးကို ကြားနေရတယ်။

“မင်း အခုထက်ထိ အောင်မြင်အောင် မလုပ်နိုင်သေးဘူးလား…”

“ကျမ ကြိုးစားနေပါတယ်.. သခင်ကြီး.. ခက်တာက သူက ထင်ထားသလို မဟုတ်ဘူး… ပြီးတော့ အရမ်း အကင်းပါးလွန်းတယ်…”

“မင်းက အတော်အသုံး မကျတာပဲ… ငါ့အတွက် အချိန်တွေ ကုန်တယ်…”

“တောင်းပန်ပါတယ် သခင်ကြီး.. အစွမ်းကုန် ထမ်းရွက်ပါ့မယ်… ခွင့်လွှတ်ပေးပါ…”

ငါ စိတ်ဝင်စားသွားတယ်။ သူတို့ တစ်ခုခုကို အပေးအယူလုပ်နေတာပဲ။ မှောင်ခိုပစ္စည်းတွေ အတွက်လား။ ဒါမှမဟုတ် အခြားကိစ္စလား။ မိန်းကလေး အသံက ငါရင်းနှီးနေသလိုလို။ ငါ သိချင်စိတ်ကို မတွန်းလှန်နိုင်တဲ့အဆုံး ကျောက်တုံးအကွယ်နားလေးကနေ ချောင်းနားထောင်နေလိုက်တော့တယ်။ ကျောပေးထားတော့ သူတို့မျက်နှာကို မမြင်ရဘူး။ မိန်းကလေးက အဝါဖျော့ဖျော့အင်္ကျီဝတ်ထားတယ်။

“အချိန်က တစ်နှစ်ကျော်လာတာတောင် ဘာမှ မထူးလာတာ…. ထပ်ပေးတော့ရော ဘာထူးလာမှာမို့လို့လဲ…”

အမဲရောင်ဝတ်ရုံရှည်ကို ခေါင်းမြီးခြုံသည်အထိ ဝတ်ထားတဲ့ လူကြီးရဲ့ လက်ကနေ အစိမ်းရောင် အလင်းတန်းတွေ ထွက်လာပြီး မိန်းကလေးရဲ့ လည်မြိုကို ညှစ်လိုက်တဲ့အချိန်မှာ သူမက အလိုလိုနေရင်း လေပေါ်ကို ၅ပေခန့် မြောက်တက်သွားတယ်။

ဝိုး… အစွမ်းပါလား။ ဒီလို မှော်ပညာမျိုးတတ်တဲ့သူ ဒီရှေးဟောင်းခေတ်မှာလည်း ရှိတာပဲလား။ မိန်းကလေးရဲ့ မျက်နှာတွေ ပြာလာတဲ့အထိ ဖြစ်လာတယ်။

"ခွင့်လွှတ်ပေးပါ သခင်ကြီး… အား… အ…"

တောင်းပန်သံတွေလည်း မထွက်တော့ရော အမဲရောင်ဝတ်ရုံနဲ့လူကြီးက အလင်းတန်းတွေ ဖျောက်လိုက်မှ သူမ မြေပေါ်ကို ပြုတ်ကျလာတယ်။

“အချိန် ၂လပဲ ထပ်ပေးမယ်…”

အဲ့လူကြီးပြောပြီးတာနဲ့ မြင်ကွင်းကနေ အငွေ့လို ဖြစ်ပြီး ပျောက်သွားတော့တယ်။ ငါ မိန်းကလေးကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်တော့ ချောင်း တဟွတ်ဟွတ်ဆိုးရင်း သူ့မျက်နှာ ငါ့ဘက်လှည့်လာတယ်။ ငါ့ ရင်ထဲ ဒိန်းကနဲ ခုန်သွားတယ်။ ကျောက်တုံးနဲ့ အမြန်ကွယ်လိုက်ရင်း ငါ လှည့်ထွက်သွားလိုက်တော့တယ်။

ဘုရားရေ… ဒါ တကယ် မဟုတ်ပါစေနဲ့။ ငါ ဟိုးအစကတည်းက သံသယ ရှိခဲ့တယ်။ အဲဒီ သံသယက အတည်ဖြစ်လာတော့လည်း င့ါကိုယ်ငါ မယုံကြည်နိုင်သေးဘူး။ မျက်မြင်ကိုယ်တွေ့ တွေ့နေရပြီပဲ။ နင် ဘာဖြစ်နေတာလဲ ချင်းလျန်။ ဝမ်းနည်းရမှာလား ပျော်ရမှာလား ငါ မသိတော့ဘူး။ အန္တရာယ်က လက်တစ်ကမ်းမှာ ရှိနေပြီ။

ဘာလို့များ ငါ ဒီလောက်တောင် တုံးရတာလဲ။ ပြီးတော့ ငါ ဘာဆက်လုပ်မှာလဲ။ အဖြေကရော ဘာလဲ။ ငါ့အတွက် တစ်ခုတည်းရယ်။ ဆုံးဖြတ်ချက် မြန်မြန်ချလိုက်တယ်။ ဆုံးဖြတ်ချက် ချပြီးတော့ ငါ့ ခြေလှမ်းတွေလည်း သွက်လို့။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now