အပိုင်းအစ - ၁၈

4.8K 550 7
                                    


ထမင်းစားပြီးတော့ မြောင်မမလေးက ငါတို့ကို အချိုပွဲနဲ့ ဧည့်ခံပြန်တယ်။ ငါဖြင့် ထွက်ပြေးချင်လှပြီ။ မျက်နှာမပျက်အောင် ထွေရာလေးပါး ပြောနေရင်း

“ချင်းလျန်ကို ကျမ ဒါလေး လက်ဆောင်ပေးချင်လို့ပါ…. လက်ခံပေးပါနော်…”

ငါ့ပါးစပ်ကြီး ဟသွားတယ်။ ပြန်တောင် မစိနိုင်တော့ဘူး။ ပေါ်တင်ကြီး ဒီလိုလုပ်မယ်လို့ ဘယ်သူထင်မှာလဲ။ စားထားတဲ့ ထမင်းတောင် ပြန်အန်ထုတ်ချင်သွားတယ်။ ဝေ့အစ်ကိုမျက်နှာ ကြက်ကြီး လည်လိမ်ထားတဲ့ အတိုင်းပဲ။ သူ ဘယ်လို ခံစားနေရမလဲဆိုတာ ငါ တွေးကြည့်စရာတောင် မလိုဘူး။ ဒီလိုမျိုး ငါလည်းခံစားဖူးတော့ ကိုယ်ချင်းစာပါတယ်။ ငါ ဒီလိုအချိန်မှာ လက်မခံသင့်ဘူး ဆိုတာတော့ သိပါတယ်။ ယူလိုက်ရင် ဇယားရှုပ်လာဦးမယ်။ 

ငါငြင်းဖို့ကြံမှန်းသိတော့ မြောင်မမလေးက

“မိတ်ဆွေအနေနဲ့ ခင်လို့ပါ… တစ်မျိုးမထင်ပါနဲ့ချင်းလျန်…”

“မ.. မဟုတ်ပါဘူး… ကျနော်က မြောင်မမလေးရဲ့ တန်ဖိုးကြီးလက်ဆောင်တွေ လက်ခံဖို့ မဝံ့ရဲလို့ပါ…”

“တန်ဖိုးကြီးပစ္စည်းမဟုတ်ပါဘူး… မမလေးက လက်ဆောင်ပေးခဲတယ်.. ရှင် ကံကောင်းလိုက်တာ… လက်ခံလိုက်ပါ…”

မြောင်မမလေးနဲ့ ပါလာတဲ့ သူ့အဖော်အစေခံမလေးပါ ဝင်ပြောတော့တယ်။
ငါ အင်တင်တင်နဲ့ လက်ဆောင်ထုပ်ကို ယူလိုက်ရတယ်။ ဝေ့အစ်ကိုက င့ါခြေထောက်ကို လာနင်းနေတာကိုး။

ငါ ဝေ့အစ်ကိုကို အဓိပ္ပာယ်ပါတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ နင် ယူခိုင်းလို့ ငါ ယူလိုက်ရတာနော် နောက်မှ ငါ့ကို လာမပြောနဲ့။ ပြီးတော့သူက ခုံအောက်ကနေ င့ါလက်ထဲကို တစ်ခုခုလာထိုးပေးသွားတယ်။ ငါ အသာကြည့်လိုက်တော့ ဝေ့အစ်ကို ဘယ်တုန်းက ဝယ်လိုက်မှန်းမသိတဲ့ ဆံထိုးသေးသေးလေးတစ်ခု။ အော်.. ဒီလိုလား။ ငါ သိပြီ။

“ကျနော့်လို လူအဖို့ မြောင်မမလေးကို တန်ဖိုးကြီးတာတွေ ဘာမှပြန်မပေးနိုင်ပေမယ့် ဒါလေးတော့ လက်ခံပေးပါ… အပြန်အလှန်အနေနဲ့ပေါ့…”

ငါ ဆံထိုးလေးကို ပေးလိုက်တော့ မြောင်မမလေးက အတော်သဘောကျသွားတယ်။ သူ့ခေါင်းမှာ ထိုးထားတဲ့ဆံထိုးကိုဖြုတ်ပြီး ငါပေးလိုက်တဲ့ ဆံထိုးကို ထိုးစိုက်လိုက်တယ်။

“ချင်းလျန်က ကျမအကြိုက်ကိုသိတယ်.. ပုဇဉ်းဆံထိုးလေး လိုချင်လွန်းလို့ လိုက်ရှာနေတာ ကြာလှပြီ..”

ငါ ဘာမှဆက်မပြောနိုင်တော့ဘူး။ ဝေ့အစ်ကိုက သူ့အကြိုက်ကိုပဲ သိတာလေ။ ငါသိတာမှ မဟုတ်တာ။ ငါတို့နှုတ်ဆက်ပြီး အိမ်တော်ဘက် အသော့ပြေးပြန်တော့တယ်။

ပုံမှန်ဆို ခပ်နှေးနှေးလမ်းလျှောက်တတ်တဲ့ ငါက အနောက်က ကျားလိုက်သလို ဖြစ်နေတော့ ဝေ့အစ်ကိုက ငါ့ကို မြောင်မမလေး အနောက်က လိုက်လာတယ်လို့လည်း ပြောရော ငါ ဘယ်ကနေ ဘယ်လို အိမ်တော်ထဲ ပြန်ရောက်သွားမှန်းတောင် မသိဘူး။ နောက်မှ သူင့ါကို စမှန်းသိတော့တာ။

“ဝေ့အစ်ကို နင့်အထုပ် နင်ယူသွား…”

“ဟ… အဲ့တာ နင့်ကိုပေးတာလေ… နင်ပဲယူ…”

“ငါနဲ့ ဘာဆိုင်လို့တုန်း… နင့်ဟာ နင်ယူ…”

ငါတို့ လက်ဆောင်ထုပ်ကို ဘောလီဘောပုတ်သလို လေထဲမှာ ပစ်လိုက်၊ ဖမ်းလိုက်နဲ့။ နောက်ဆုံးတော့ အထုပ်ကို ငါပဲယူလိုက်ရတော့တယ်။ ဖွင့်ကြည့်တော့ အားရို့ရို့… ဘရိုကိတ်အဝတ်အစားတစ်စုံ။တန်ဖိုးမကြီးတဲ့လက်ဆောင်ကြီး။  သူဌေးတွေပဲ ဝတ်တဲ့ဟာကြီး။ ဝေ့အစ်ကို ငါ့ကို လှောင်ရယ်ပါလေရော။ သူ မရယ်ပဲ နေပါ့မလား။ ယောင်္ကျားလေးဝတ်စုံကြီး င့ါကိုပေးတာ။ ငါအဝတ်တွေကို လုံးထွေးလိုက်ပြီး ဝေ့အစ်ကိုကို ပစ်ပေါက်လိုက်တယ်။ စိတ်ထဲကလည်း ချီးထုပ်ပဲ လို့ ကျိန်ဆဲမိလိုက်တယ်။  မြောင်မမလေး နင်ထင်သလို ငါမဟုတ်ဘူးလေ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now