အပိုင်းအစ - ၁၅

4.8K 520 7
                                    


ဆေးဖော်ဆောင်မှာ တစ်ညလုံးပဲ ငါ သူလိုအပ်တာတွေ ဝိုင်းကူပေးနေရင်း အားဆေးဖော်ရင် ဘယ်လိုဆေးအမျိုးအစား သုံးရတယ် အချိုးက ဘယ်လောက်၊ ပြီးတော့ အခြားရောဂါတွေ အကြောင်း ငါစပ်စုတော့တယ်။ သခင်လေးက ငါမေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေပေးနေရင်း

“လျန် .. မင်းလက်က ဒဏ်ရာတွေ အမာရွတ် ပျောက်သွားပြီလား…”

အို… သခင်လေးက င့ါလက်က နှင်းဆီဆူးရာတွေကို မှတ်မိနေတုန်းလား။ ငါဖြင့် အမာရွတ် ကျန်၊ မကျန်တောင် သေချာ မကြည့်မိဘူး။ င့ါလက်ကို ငါ တစ်ခါမှ မမြင်ဖူးသလို ပြန်ကြည့်ရင်း

“မရှိသလောက်ပါပဲ သခင်လေး…”

“လျန်… မင်းအတွက် ငါ လူတစ်ယောက် ရှာတွေ့ထားတယ်… နောက်တစ်ပတ်လောက်မှာ သူ့ကို ညစာစားဖို့ ဖိတ်ထားတယ်…”

ငါ့အတွက် လူတစ်ယောက် ရှာထားတယ်တဲ့လား။
ဘာလို့လဲ သခင်လေး။ ငါ လက်မထပ်ချင်သေးဘူးလေ။ ဘာလို့ငါ့အတွက် ဒီလောက် စဉ်းစားပေးနေတာလဲ။ အာ…. သူငါ့ကို ပထုတ်ဖို့ စီစဉ်နေတာလား။

“ဒီအတိုင်းလေးပဲ နေလို့မရဘူးလား သခင်လေး….”

“အရွယ်ရောက်တဲ့သူတွေ အိမ်ထောင်ပြုရတာ ထုံးစံပဲ… လူဆိုတာ မျိုးဆက်ပွားဖို့ တာဝန်ရှိတာပဲလေ… မင်းလည်း ဒီတာဝန်ကို ယူရမယ် ….”

ငါမှ မလိုချင်တာကို။ သခင်လေးက ငါ့အတွက် နည်းနည်းလေးတောင်မှ ထည့်စဉ်းစားပေးဖို့ မတွေးတော့ဘူးလား။ ဒါမှမဟုတ် ကုန်းလီကများ သူ့ကို အကြံပေးလိုက်တာလား။ ငါ ဒီအိမ်တော်မှာ အပိုဖြစ်သွားပြီလား။ ငါ အလိုလိုနေရင်းနဲ့ ရင်ထဲမှာ လှိုက်ခနဲ ဝမ်းနည်းလာတယ်။ ငါ မျက်နှာပျက်နေတာကို မြင်တော့ သခင်လေးက

“မင်းနဲ့ လိုက်ဖက်တဲ့လူတစ်ယောက်ပါ ချင်းလျန်… မင်းကိုယ်မင်းလည်း ကြည့်လို့ကောင်းအောင် ပြင်ဆင်ထားဦး….”

သခင်လေးရှေ့မှာ မျက်ရည်တွေ မကျအောင် ထိန်းရင်းနဲ့

“ဟုတ်ကဲ့ ချင်းလျန်ကို သွားခွင့်ပြုပါဦး သခင်လေး..”

ငါ အခန်းထဲက ပြေးထွက်လာခဲ့လိုက်တော့တယ်။ ရေကန်နားထိ ဘယ်လိုရောက်လာမှန်းတောင် မသိလောက်အောင်ပဲ။ ရေကန်ဘေးနားမှာ အားရအောင် ငိုတယ်။ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်တယ်။ ထပ်ကျလာတယ်။ ထပ်သုတ်တယ်။ ငါ ဝမ်းနည်းလွန်းလို့ ငိုရင်း သေသွားရင် ကောင်းမှာပဲ။

ကိုယ်ချစ်တဲ့သူက ကိုယ့်ကို တစ်ချက်လေးမှတောင် လှည့်ကြည့်ဖော်မရဘူး။ မလှည့်ကြည့်တဲ့အပြင် တခြားလူတစ်ယောက်ကို မျက်နှာလွှဲ ခဲပစ် ထိုးထည့်ပေးဖို့တောင် လုပ်ထားတယ်။ ငါက တကယ်ကံဆိုးတဲ့ နှင်းမြေခွေးပဲ။

သခင်လေးမှာ ချစ်ရတဲ့သူ ရှိမှန်းလည်း သိတယ်။ သူတို့နှစ်ယောက်ကြားမှာ ငါက ဗီလိန်ဖြစ်နေခဲ့တာလား။ သခင်လေးက ရုပ်ရည်ချောမောတဲ့သူကိုပဲ နှစ်သက်တာလား။ ယောက်ျားလေး တော်တော်များများက အပေါ်ယံအလှကို အားကြီးသဘောကျကြတယ်။ ငါက ရုပ်ဆိုးနေလို့လား။ ကန်ရေထဲ ငုံ့ကြည့်လိုက်တော့ ငါ့မျက်နှာကို ငါ ပြန်မြင်ရတယ်။

မျက်နှာက သိပ်လှတဲ့အထဲ မပါ။ ငါ့မျက်ခုံးတွေကို ငါ အသာထိကြည့်လိုက်တယ်။ ဒီမျက်ခုံးတွေ… ဒီမျက်ခုံးလေးတွေကို သခင်လေးက ကြည့်လို့ကောင်းတယ်လို့ တစ်ခါတော့ ပြောဖူးတယ်။ အဝတ်အစားကရော။ အညိုဖျော့ရောင် အမျိုးသားဝတ် ဖျင်စအင်္ကျီကို ဝတ်ထားတယ်။ ဆံပင်က နောက်ကျောမှာ ဖရိုဖရဲ ဖေးတင်နေတော့ စိတ်ရှုပ်ရှုပ်နဲ့ ဦးခေါင်းထိပ်နားမှာ စုထုံးထားလိုက်တယ်။ ငိုရလွန်းလို့ မျက်လုံး မို့အစ်အစ်နဲ့မျက်နှာက ထင်းကနဲ။ ပြီးတော့ ငါ့နေပုံထိုင်ပုံကရော မိန်းမဆန်နေတာမှ မဟုတ်တာ။ ကိစ္စမရှိ။ ဒါလည်း တစ်မျိုးကောင်းတာပဲ။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now