ကိုယ့်ရဲ့ ရင်ခုန်သံဟာ မင်းပဲ...

10K 690 99
                                    

လီရှန်း နှင်းဆီတောဘက်ရောက်တော့ အံ့သြလွန်း၍ ခြေလှမ်းတို့တောင် အယောင်ယောင်အမှားမှား ဖြစ်ကုန်သည်။ အဝေးကနေပင် မြင်နေရသည့် နှင်းမှုန်မှုန်ကြားထဲမှာ တလက်လက်ဖြင့် နှင်းဆီတွေ ပွင့်ထားသည်မှာ မရေမတွက်နိုင်လောက်အောင်ပင်။

“လျန်… မင်း ပြန်ရောက်နေတာလား…”

မဖြစ်နိုင်မှန်း သိပေမယ့် သူမကို သတိရစိတ်သည် ထိန်းချုပ်မရ။ ထူးဆန်းစွာပင် နှင်းဆီတို့ ပွင့်နေသည်ကို မြင်တော့ သူမပြန်လာမည့် နိမိတ်များလားဟု ထင်မိသည်။ နှင်းဆီတောထဲ စိတ္တဇတစ်ယောက်လို လမ်းလျှောက်ရင်းကနေ နှင်းဆီပွင့်များကို ထိကိုင်ကြည့်သည်။ မွှေးအီသည့် ရနံ့ထုံတို့က သူ့တစ်ကိုယ်လုံးကို ကျီစယ်ကာ လေအဝှေ့တွင် ပွတ်တိုက်သွားသည်။ လေအတိုးတွင် သူရေးရေးလေး မြင်လိုက်ရသည်က မှုန်ဝါးဝါးအလင်းဖျော့လေး တစ်ခု။ အပြာနုရောင်သမ်းနေသည့် အလင်းဖျော့လေးက သူ့ပါးပြင်ကို ဝေ့ဝေ့ဝဲဝဲလုပ်ကာ နှင်းဆီဖူးတစ်ဖူးထံ ဝင်ရောက်သွားပြီး ထိုနှင်းဆီဖူးက အဖူးကနေ အပွင့်ဖြစ်သွားသည်။

သူ ပြုံးလိုက်မိသည်။ ကျေနပ်သွားသည့် အပြုံး။ လိုချင်တာ ရှာတွေ့သွားသည့် ကလေးတစ်ယောက်လိုပင် သူ ပြုံးလိုက်မိသည်။ ဒီအလင်းဖျော့အပြာရောင်က သူမဆီကလွဲ၍ ဘယ်သူဖြစ်နိုင်ပါဦးမလဲ။ သူ နှစ်ပေါင်းများစွာ တောင့်တနေသည့် သူမကို ပြန်တွေ့ရတော့မည်။ ခက်တာက နှင်းဆီတောထဲ သူမကို ပတ်ရှာကြည့်ပေမယ့် အရိပ်အယောင်တောင် မတွေ့ရ။

“ဘယ်ထွက်သွားပြန်တာလဲ… အရင်လိုပဲ … ကိုယ့်ကို အရူးလုပ်သွားဦးမလို့လား….”

ဆို့နစ်စွာ မြည်တမ်းမိပြန်သည်။ ရုတ်တရက် သူ တစ်ခုခုကို သတိရသွားသည်။ နှင်းထုတို့ကြားတွင် နစ်ဝင်နေသော ခြေရာများ။ ဒါကို သူဘာလို့ မစဉ်းစားမိတာပါလိမ့်။ သူ လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ နှင်းထုကြားမှာ သူ့ခြေရာတွေက အချိန်အတော်ကြာ ပတ်လျှောက်ထားသောကြောင့် ရှုပ်ယှက်ခတ်လို့နေသည်။ သို့သော်လည်း သူ့ခြေရာထက် သေးသည့် ခြေရာလေးတစ်ခုကိုတော့ သူ ခွဲခြားလို့ ရပါသေးသည်။ အထွေအထူး မလုပ်တော့ဘဲ ခြေရာသေးလေးနောက် နောက်ယောင်ခံလိုက်သွားတော့သည်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now