အပိုင်းအစ - ၉

4.8K 567 4
                                    


ဝမ်းနည်းတဲ့ အရှိန်နဲ့ ငါ အလုပ်တွေပဲ ဖိလုပ်နေမိတယ်။  ငါ သခင်လေးနဲ့ မတွေ့ရတာ တစ်ပတ်လောက်ရှိပြီ။ ဝေ့အစ်ကိုက င့ါကို သခင်လေးဆီ လက်ဖက်ရည် သွားမဆက်တော့ဘူးလား မေးရတဲ့အထိပဲ။ ကုန်းလီ ရှိနေတော့ သူ င့ါကို မလိုလောက်တော့ဘူးဆိုတာ နင်မှမသိဘဲ ဝေ့အစ်ကို။ နောက်ဆုံးတော့ ငါ အင်တင်တင်နဲ့ပဲ သခင်လေးအတွက် ဂန္ဓမာပန်းလက်ဖက်ရည် ဆက်ဖို့ ပြင်ရတော့တယ်။

“ချင်းလျန်… သခင်လေး ခေါ်နေတယ်…”

အားရို့။ ငါ နောက်ဆို သူမနဲ့ သခင်လေးကို စိတ်ထဲကနေ တွေးတာတောင် မလုပ်တော့ဘူးဆိုမှ။ အခုလည်း ရောက်လာပြန်ပြီ။ ငါမျက်နှာကို အတတ်နိုင်ဆုံးထိန်းပြုံးပြလိုက်ရင်း

“ဟုတ်ကဲ့ မမလီ.. ချင်းလျန်သွားလိုက်ပါဦးမယ်…”

ငါ လက်ဖက်ရည်ပွဲကို အသာယူပြီး သခင်လေးဆီ ထွက်ခဲ့တယ်။
သခင်လေးက စာကြည့်ဆောင်မှာ အလုပ်ရှုပ်နေပုံပေါ်တယ်။ တစ်ခုခုကို သဲကြီးမဲကြီး မှတ်သားနေတာ ငါရောက်နေတာတောင် သိပုံမပေါ်ဘူး။ ငါ လက်ဖက်ရည်ပွဲကို ဘေးနားက စားပွဲပေါ် အသာချရင်း

“သခင်လေး… ချင်းလျန် ရောက်ပါပြီ …”

အဲတော့မှ သူ င့ါကို လှမ်းကြည့်တယ်။

“အင်း… င့ါကို မင်လာသွေးပေးဦး…”

သခင်လေးက င့ါကို မင်သွေးခိုင်းဖို့တော့ မှတ်မိသားပဲ။ ငါ သူ့ဘေးနား မှာ မင်သွေးပေးနေတုန်း ကုန်းလီ ရောက်လာတယ်။

“သခင်လေး … ကုန်းလီ ဘာဝိုင်းလုပ်ပေးရဦးမလဲ။ မနေ့က ကျမ်းစာတွေအကြောင်း ဆက်ဆွေးနွေးကြမလား။ ကုန်းလီ ဖတ်ရင်း နားမလည်တာတွေရှိလို့ သခင်လေးကို မေးမလို့ …”

လာပြန်ပြီ။ ဆွေးနွေးပွဲတွေ။ ငါ့ကို သူတို့ ကြည်နူးနေတာတွေကို ထိုင်ကြည့်ပေးဖို့ ခေါ်ခိုင်းတာလား။ ငါ့ရဲ့စိတ်အတိုင်းပဲ င့ါလက်ကလည်း အသားကျစွာနဲ့ မင်ကို သွေးတာ တကျိကျိ အသံတောင် ထွက်လာတယ်။

တစ်နာရီကျော်ကြာအောင် သူတို့တွေ ကျမ်းစာအကြောင်း အပြန်အလှန် ဆွေးနွေးနေလိုက်ကြတာ။ တခစ်ခစ် ရယ်သံတွေတောင် ထွက်လာတယ်။ အားနို့… နေပါဦး။ ကျမ်းစာမှာ ရယ်စရာများပါလို့လား။ သူတို့ဆွေးနွေးနေတဲ့ ကျမ်းစာမှာ ရယ်စရာတစ်လုံးမှ မပါတာကို အကြိမ်ကြိမ် ဖတ်ထားဖူးတဲ့ ငါ သိတာပေါ့။ အရိုးရှင်း အလွယ်ကူဆုံးဖြစ်အောင် ရေးထားတဲ့ဟာ င့ါလို ငတုံးတောင် နားလည်တာကို ကုန်းလီက ဘာလို့များ နားမလည်တာလဲ။ ဒါလည်း ဗျူဟာ တစ်ခုလား။ င့ါကို တမင်သက်သက် ခေါ်ထားပြီး နှိပ်စက်နေသလိုပဲ။ ငါ ဆက်မနေနိုင်တော့ဘူး။

“သခင်လေး ခိုင်းစရာ မရှိရင် ချင်းလျန် ပြန်လိုက်ပါဦးမယ်…”

ငါ ခြေထောက်တွေကို တံခါးပေါက်ဆီ လှမ်းလိုက်တယ်။ ဆက်နေလည်း အပိုပဲ။ အခန်းထဲမှာ သွားအိပ်နေတာ င့ါအတွက် ပိုအကျိုးရှိတယ်။ အဲဒါနဲ့များ အချိန်တစ်နာရီကျော်ကြာအောင် ဘာလို့ စောင့်နေရတာလဲ ငအရဲ့။

“လျန်… ခဏနေဦး…”

အား…. အနုနည်းနဲ့ ဘယ်လိုများနှိပ်စက်ဦးမလို့လဲ သခင်လေးရယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now