အပိုင်းအစ - ၇

4.9K 591 2
                                    


ငါ ဒီနေ့ စောစောနှိုးလာတယ်။ ပြတင်းပေါက်ကို ဖွင့်ကြည့်တော့ နေခြည်တွေက အခန်းထဲ ဝင်လာတယ်။ ငါ အတော် အူမြူးသွားတယ်။ နေရောင်မမြင်ရတာ နည်းနည်း ကြာနေပြီလေ။

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အဝတ်ဘီဒိုကိုဖွင့်၊ ငါ့ရဲ့ အကောင်းဆုံးသော ဝတ်စုံက ဘာဖြစ်မလဲ ရှာကြည့်လိုက်တယ်။ စုစုပေါင်းမှ ၄စုံတောင် မရှိတဲ့ အဝတ်အစားတွေကြား ငါ အတော်ကြီး ရွေးရခက်သွားသလားပဲ။ အားလုံးက ယောင်္ကျားလေးအဝတ်ဒီဇိုင်းတွေချည်း။

အိုး ….. စိမ်းပြာရောင်အင်္ကျီလေး။ အားလုံးထဲမှာ အရောင်အထွက်ဆုံးအဝတ်။ ငါ မဝတ်ဖြစ်တာ အတော်ကြာနေပြီ။ ငါ အဝတ်လဲပြီးတော့ ဥယျာဉ်ဘက် ပြေးထွက်ခဲ့တယ်။

“မမလျန်… မမလျန်… ခဏစောင့်ဦး…”

လီအာလေး င့ါနောက် ပြေးလိုက်လာတာတွေ့တော့ ငါပြေးတာရပ်လိုက်ပြီး လီအာလေးကို ဖမ်းပွေ့လိုက်တယ်။

“လီအာလေး အစောကြီးနှိုးနေတာလား…”

“မမလျန်.. အင့် … လီအာလေး ဒါကို လက်ဆောင်ပေးချင်လို့…”

ဆံထိုးလေး။ ဆံထိုးမှာ ပျံလွှားငှက်ကလေးပုံ ထွင်းထားတာ။ ငါ အတော် သဘောကျသွားတယ်။ လီအာလေး သူ့ဘာသာသူ ထွင်းထားတဲ့ ဆံထိုးပဲ။ ကလေးလက်ရာလေး ဆိုပေမယ့် ငါ့စိတ်ကို အတော်ကြီး လာရိုက်ခတ်စေတယ်။

တစ်ဆက်တည်းမှာပဲ ငါ နှင်းလုံးလေးကို သတိရလာတယ်။ နှင်းလုံးလေးလည်း ဒီအချိန်ဆို လီအာလေးတို့အရွယ် ရှိတော့မှာ။ အာ… ဒီလိုနေ့မျိုးမှာ အတိတ်တွေကို ခဏမေ့ထားမှပါ။ 
ငါ ဆံနွယ်တွေကို တစ်ဝက်စည်းပြီး ဆံထိုးလေး အကူအညီနဲ့ လှမ်းထုံးလိုက်တယ်။

“ဒီမှာကြည့်… လှတယ်ဟုတ်… ကျေးဇူးတင်ပါတယ် လီအာလေး …”

ဘယ်သူကများ သူတို့ရဲ့ လက်ဆောင်တွေကို အရေးတယူလုပ်တာ သဘောမကျပဲ နေပါ့မလဲ။ ကလေးဆို ပိုဆိုး။ အသိအမှတ်ပြုခံချင်တာ ကလေးတို့ရဲ့ သဘာဝပဲ မဟုတ်လား။

ပြီးတော့ ငါနဲ့လီအာ နှင်းတွေ လက်နဲ့ဆုပ်လုံးပြီး တစ်ယောက်နဲ့တစ်ယောက် ပစ်ပေါက်တမ်း ကစားကြတယ်။ ဝေ့အစ်ကိုလည်း ရောက်လာပြီး ငါတို့နဲ့အတူ ကစားတယ်။ ငါနဲ့ လီအာက တစ်ဖွဲ့လုပ်ပြီး ဝေ့အစ်ကိုကို နှင်းလုံးတွေနဲ့ အပြန်အလှန်ပေါက်ကြတယ်။

ငါတို့ရဲ့ ရယ်သံတွေ ဆူညံနေလိုက်တာ သစ်ပင်တွေပေါ်က နှင်းတွေတောင် ပြုတ်ကျတော့မယ်။ အားရပါးရ ရယ်မောရတဲ့ အခိုက်အတန့်လေးမှာ ငါ နာကျင်စရာတွေ အားလုံးကို မေ့သွားတယ်။ ငါ ဒီလို မပျော်ရတာ အတော်ကြာပြီလေ။ 
ငါ အခန်းထဲ ပြန်ရောက်တော့ ဝေ့အစ်ကိုက

“ချင်းလျန်… ရော့…”

ငါ အလျင်အမြန်ပဲ သူပစ်ပေးတာကို ဖမ်းလိုက်တယ်။ ကြည့်လိုက်တော့ ဓါးမြောင်လေးတစ်ချောင်း။ ဓါးရိုးမှာ ငါနဲ့ နှင်းလုံးလေးပုံ ထွင်းထားတယ်။ ငါ ဒီလို တစ်ထွာလောက်ပဲ ရှိတဲ့ ဓားမြောင်လိုချင်နေတာ ကြာပြီ။ 

“ဝေ့အစ်ကို… ငါနင့်ကို တကယ် ကျေးဇူးတင်ပါတယ်။ နင် ငါ့အပေါ် အကောင်းဆုံးပဲ…”

“ပျော်စရာ မွေးနေ့လေးဖြစ်ပါစေ ချင်းလျန်။ လက်ဆောင်ရပြီးပြီဆိုတော့ …..”

ငါသူ့ကို ဆတ်ကနဲကြည့်လိုက်တယ်။ ဒင်းက လက်ဆောင်ပေးချင်လို့ ပေးတာမှ ဟုတ်ရဲ့လား။ င့ါကို ပျက်ချော်ချော် ပြုံးနေတာ တွေ့တော့။ ငါ သိလိုက်ပြီ။ အီးထုပ်ကောင်။ ချီးကောင်။ ကွေ့အိမ်တော်က မြောင်မမလေးကို အောင်သွယ်ခိုင်းဖို့ ဒင်းငါ့ကို အသုံးချချင်နေတာကိုး။

ငါနဲ့ မြောင်မမလေး နည်းနည်းရင်းနှီးတယ်လေ။ ငါ ညစ်ချင်စိတ်လေးတွေ အလိုအလျောက်ထွက်လာတယ်။ ရတယ်လေ။ ပြီးမှ င့ါကို အဆိုးမဆိုနဲ့ ဝေ့အစ်ကို။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now