အပိုင်းအစ - ၂၁

4.7K 533 4
                                    


ငါထင်တာ မမှားဘူး။ သခင်လေးက ကျောက်တုံးဆီကို လက်လှမ်းလာတာလည်း မြင်ရော

“သခင်လေး… ကျောက်တုံးကို မထိ ……….………”

ငါ့စကားတောင် မဆုံးသေးဘူး။ ငါ့လက်က င့ါစိတ်ထက် အလွန်မြန်သွားတယ်။ ကျောက်တုံးကို ငါ့ရှေ့  ပစ်ချလိုက်မိတယ်။ ကျောက်တုံးက အားလွန်ပြီး အက်ရာတွေတောင် ထွက်လာတယ်။

ငါ ကျောက်တုံးအောက်က သခင်လေးခြေထောက်အစုံကို ကြောင်ကြည့်နေရင်း ငါတွေးမိလာတာက ငါ ဒီနေရာမှာပဲ အငွေ့ပျံရင်ပျံ ဒါမှမဟုတ် ငုတ်တုတ်သေသွားရင် ကောင်းမယ်။ ငါ တကယ်ကြီး ဒုက္ခအကြီးကြီးဖြစ်အောင် လုပ်လိုက်မိပြီ။ ပြဿနာပဲအေ။

ဒါပေမယ့် ငါက ချင်းလျန်လေ။ ဆင်ခြေဆင်လက်တွေက ခေါင်းထဲ အစီအရီပေါ်လာရင်း ချက်ချင်းပဲ ဖြေရှင်းချက်တွေ ထုတ်ရတော့တယ်။ ပြာပြာသလဲနဲ့

“သခင်လေး… ချင်းလျန် ဒီလိုဖြစ်သွားဖို့ မရည်ရွယ်ပါဘူး… သခင်လေး ကျောက်တုံးကို ကိုင်လိုက်လို့ ချင်းလျန် ရုတ်တရက်ရှောင်လိုက်မိရင် အပြစ်ပြန်စရမှာမို့ ရှောင်လိုက်ရင်း ဖြစ်သွားတာပါ… ပြီးတော့ ချင်းလျန်က ကျောက်တုံးကို ၃ရက်နီးပါး မနိုင်မနင်း မ ထားရတော့ လက်အံသေသွားလို့ ဒီလိုဖြစ်သွားတာပါ… ချင်းလျန်ကို ခွင့်လွှတ်ပေးပါလို့ မတောင်းဆိုပေမယ့် ချင်းလျန် တောင်းပန်တာကိုတော့ လက်ခံပေးပါ….”

ဖြေရှင်းချက်တွေ ရေပက်မဝင်အောင် ကရားရေလွှတ် တတွတ်တွတ် ပုံစံနဲ့
ငါ ဒီလိုလည်း ပြောလိုက်ရော သခင်လေးက

“ဆိုလိုတာက ပစ်ချလိုက်တဲ့ မင်းမှာ အပြစ်မရှိပဲ ကျောက်တုံးကို လက်နဲ့ရွယ်လိုက်တဲ့ င့ါမှာသာ အပြစ်ရှိတယ်ပေါ့….”

ငါ ခေါင်းကို သွက်သွက်ခါလိုက်ရင်း

“ဒီလိုသဘောမျိုးဆိုလိုချင်တာ မဟုတ်ပါဘူး သခင်လေး…”

“သခင်လေး ချင်းလျန်က ၃ရက်လုံးလုံး အစာမစားရတော့ အားနည်းပြီး ဖြစ်သွားတာပါ… ကျနော် သူ့ကိုယ်စား သခင်လေးကို တောင်းပန်ပါတယ်… ချင်းလျန်….”

ဝေ့အစ်ကို ဘယ်အချိန်ကတည်းက ပန်းချုံထဲ ထွက်လာမှန်း ငါတောင် သတိမထားမိဘူး။ စစ်ကူရလာပြီဆိုတော့ ငါ နည်းနည်း စိတ်အေးသွားတယ်။ ဝေ့အစ်ကိုက င့ါကို တံတောင်နဲ့လှမ်းတို့တော့ ငါလည်းချက်ချင်း

“သခင်လေး… ချင်းလျန် တောင်းပန်ပါတယ်… လက်ခံပေးပါ….”

သခင်လေးက မျက်မှောင်ကျုံ့ထားရင်း ငါတို့ကို ဘာမှမပြောတော့ပဲ သူ့အခန်းပဲ လှည့်ထွက်သွားတယ်။ မြေကြီးထဲ ဝင်တော့မတတ် ပြားပြားဝပ်ထားရင်းကနေ  ငါသူ့ခြေထောက်ကို ခိုးကြည့်လိုက်တယ်။ ဘာများဖြစ်သွားပြီလဲ။
ကျောက်တုံးက အက်ရာတောင် ထွက်လာတယ်ဆိုတော့ သခင်လေးရဲ့ ခြေချောင်းလေးတွေ ကျိုးများ ကျိုးသွားပြီလား။ သခင်လေး ဒုက္ခိတ ဖြစ်သွားရင်တော့ ငါတော့ ပြေးစရာ မြေမရှိ ဖြစ်တော့မှာပဲ။

သခင်လေးပုံစံက သူ့ခြေထောက် ဘာမှမဖြစ်သလိုပုံစံနဲ့ လျှောက်သွားတယ်။ မသိရင် ခြေထောက်ကို သံမဏိနဲ့ သွန်းထားတဲ့အတိုင်းပဲ။ သခင်လေးက သူစိတ်ထဲမှာ ဘာပဲဖြစ်နေဖြစ်နေ လူရှေ့မှာဆို ဘာမှ မဖြစ်သလို မသိသလို အချေရုပ်နဲ့  နေနေကြ၊ ခံစားချက်ကို ထုတ်မပြတတ်သူ ဆိုတော့ ငါ ခန့်မှန်းရခက်တယ်။ သူ တကယ်ပဲ ဘာမှမဖြစ်သွားတာလား… ဟန်ဆောင်နေတာလား ငါ ဝေခွဲမရဘူး။

သခင်လေး ထွက်သွားပြီးတာနဲ့ တပြိုင်နက်
ဝေ့အစ်ကိုက င့ါကို ငါ့အခန်းထဲ ဆွဲသွင်းပြီး ဒီလို မဆင်မခြင် လုပ်ရလားဆိုပြီး ထပ်ဆူပါလေရော။ ငါတော့ ရေနွေးခွက်ထဲက လက်ဖက်ခြောက်လေးကို ကြည့်ရင်း ငါ လက်ဖက်ခြောက်ခပ်စရာတောင် မလိုဘူးလို့ ထင်မိတယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now