ကိုယ့်မှာ မင်းပဲ ရှိတယ်

5.4K 493 41
                                    


အခန်းတံခါးကို ဖြေးညင်းစွာ တွန်းဖွင့်လိုက်ပြီး အခန်းထဲသို့ ဝင်လိုက်သည်။ ခြေသံဖွဖွသာ ထွက်အောင် လျှောက်ကာ အခန်းကို ဝေ့ကြည့်ရင်း ချင်းလျန်သာ သူ့အခန်းထဲ အခွင့်မရှိဘဲ ဝင်နေတာတွေ့ရင် မျက်နှာကြီး စူပုပ်ပြီး မကျေနပ်ကြောင်း နှုတ်ခမ်းတလှုပ်လှုပ်နဲ့ အသံမထွက်အောင် ပြောနေမည့် ပုံစံကို မြင်ယောင်ရင်း လီရှန်း ပြုံးလိုက်မိသည်။ ဘာကြောင့်ရယ်မသိ။ သူမ မရှိတော့ပေမယ့် သူမအကြောင်း တွေးမိရင် အနားမှာ ရှိနေသလိုလို သူခံစားရသည်။

အခန်းထဲရှိ သူမ၏ အသုံးအဆောင် ပစ္စည်းများကို လိုက်ကြည့်ရင်း သန့်ရှင်းရေး ထပ်လုပ်လိုက်သည်။ စောင်တွေ ခေါင်းအုံးတွေ နေသားတကျ ဖြစ်နေပေမယ့် သူပိုပြီး ကြည့်ကောင်းအောင် ပြန်လုပ်သည်။ စောင်ကို ပြန်ခေါက်သည်။ အိပ်ရာပေါ်က ဖတ်လက်စ စာအုပ်လေးက သူမ ချန်အိမ်တော်က ထွက်သွားစဉ်က အတိုင်း။ နေရာမပြောင်းဘဲ ထားထားသည်။ စားပွဲပေါ်က စာလိပ်တွေက ဖရိုဖရဲ။ ဒါလည်း ဒီအတိုင်းလေးပဲ ထားကာ ဖုန်တက်သလို ထင်နေရသည့် နေရာကိုသာ အဝတ်စဖြင့် သုတ်လိုက်သည်။
အလှပြင်သည့် နေရာတွင်တော့ ဘာမှမရှိ။ အလှရော ပြင်တတ်ရဲ့လား။ သူတွေးကြည့်သည်။ ကိုယ့်မျက်နှာကို မှန်မှာရော ကြည့်မိရဲ့လား။ သူ့ရဲ့ လျန်က အလိုနည်းတတ်တဲ့သူလား။ အဝတ်အစားထည့်ထားသည့် ဘီဒိုကို ဖွင့်ကြည့်ရင်း သူစဉ်းစားလိုက်မိသည်။ အသင့်ယူလာသည့် စက္ကူဗူးကို ဖွင့်ပြီး အထဲမှ ပစ္စည်းကို ထုတ်ယူလိုက်သည်။ သူကိုယ်တိုင် ချုပ်ထားပေးသည့် ဖိနပ်ကို သူမ စီးလိုစိတ် ရှိပါ့မလားပဲ။

သူမအခန်းထဲက ထွက်လာပြီးနောက် မိုးမခပင်တွေ ရှိသည့်ဘက် လျှောက်ရင်း ရေကန်နားရှိ နားနေဆောင်နားမှာ သူမစိုက်ထားခဲ့သည့် နှင်းဆီတောကို မြင်တော့ ရင်တစ်ခုလုံး ဟာတာတာ ဖြစ်သွားသလို။ နှင်းဆီပင်တွေက သစ္စာရှိစွာပင် သူမ သေဆုံးသွားပြီးကတည်းက တစ်ပွင့်မှ မပွင့်တော့။ ပိုင်ရှင်ပြန်လာမှ ပွင့်မည့်သဘောလားလေ။

“လျန်… ဘယ်တော့ ပြန်လာမလဲ…”

“ကိုယ် စောင့်နေတာ မင်း သိမှ သိပါ့မလား….”

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now