ငါ ဒီကိစ္စဖြစ်ပြီးတဲ့ နောက်ပိုင်း အိမ်တော်မှာ သခင်လေးနဲ့ တတ်နိုင်သမျှ မျက်နှာချင်း မဆိုင်ရအောင် ကြိုးစားပြီး ရှောင်နေလိုက်တော့တယ်။ အမှန်တော့ ငါ ရှက်လို့ပါ။ သခင်လေးကို ရှောင်နေပါတယ် ဆိုမှ ကုန်းလီကလည်း အခုတလော သိပ်မရှိဘူး။ သူဘာတွေ အလုပ်ရှုပ်နေပါလိမ့်။ကုန်းလီမရှိတော့ ငါ လုပ်စရာ ရှိတာတွေ ခပ်သွက်သွက်နဲ့ လုပ်တယ်။ သခင်လေး ဝေယျာဝစ္စတွေကိုလည်း သခင်လေး မနှိုးသေးချိန်၊ သခင်လေး မရှိချိန်မှာပဲ သွားလုပ်တော့တယ်။ ငါ ဒီတစ်သက်လုံး ဒီလိုပဲ နေသွားရတော့မယ် ထင်တယ်။ သခင်လေးနဲ့လည်း စကားမပြောဖြစ်တာ အတော်ကြာပြီလေ။ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေရတာ ဘယ်လောက်ပင်ပန်းမှန်း အခုမှ ငါ သိတော့တယ်။ အပြစ်ကလည်း ရှိတာကိုး။
နွေဦးကို ကြိုဆိုဖို့ အိမ်တော်တစ်ခုလုံး အလုပ်ရှုပ်နေချိန်မှာ ငါတော့ ဥယျာဉ်ကို သွားပြီး ပန်းပင်တွေကို ပေါင်းသင်လိုက်၊ ရေလောင်းလိုက်၊ ပြုစုလိုက်နဲ့ အချိန်ကုန်နေစေလိုက်တယ်။ တစ်ချိန်က ငါ စိတ်လိုလက်ရ ဖျက်ဆီးခဲ့တဲ့ နှင်းဆီပင်တွေတောင် င့ါရဲ့ ဂရုစိုက်မှုကြောင့် ပန်းတွေ အခါခါ ပွင့်ကုန်ပြီ။ နှင်းဆီပန်းတွေ ခူးရင်း ငါ အတွေးတစ်ခု ရလိုက်တယ်။ အိမ်တော်မှာ နှင်းဆီတွေက အလှဆင်ပြီးတာတောင် အများကြီး ပိုနေသေးတာ။ ငါ ဈေးမှာ သွားရောင်းလို့ ရတာပဲ။ငါ နှင်းဆီခူးနေတုန်း ဝေ့အစ်ကိုက ပန်းတွေ ဝိုင်းခူးပေးတယ်။ ငါ သူ့ကို သိပ်ကြည့်မရ ဖြစ်နေတာ သူသိတယ်။ ငါ့အနား ကုပ်ကုပ် ကုပ်ကုပ်နဲ့ လာနေနေတာ မသိရင် ငါကပဲ သူ့ကို အနိုင်ကျင့်ထားသလိုပဲ။ အီးထုပ်ကောင် နေပလေ့စေ။
နှင်းဆီတွေ တစ်ပွေ့တစ်ပိုက်ကြီး တောင်းနဲ့သယ်ပြီး ဈေးကိုရောက်တော့ ငါ ပဲကိတ်ရောင်းတဲ့ အဒေါ်ကြီးနားမှာ နေရာယူပြီး ပန်းတွေကို ရောင်းတယ်။ နှင်းဆီတွေ ဦးဦးဖျားဖျား ပွင့်ချိန်မို့လို့လား၊ ပန်းတွေကပဲ လှလို့လား၊ င့ါရဲ့ အပြောညက်မှုကြောင့်လားမသိ။ ပန်းတွေက ခဏလေးနဲ့ ရောင်းကုန်သွားတယ်။ ငါ့လက်မှာ ငွေစ ၃၀ လောက် ရသွားတယ်။ အာဟ။ ဘယ်ဆိုးလို့တုန်း။ ငါ ဝယ်သူတွေကိုပါ မားကတ်တင်း ဆင်းခဲ့တယ်။ နောက်တခါ လာဝယ်ရအောင် ဝန်ဆောင်မှုတွေ မြှင့်ဦးမှ။
လက်ထဲ ငွေစလေးတွေ ရေတွက်ရင်း ငါ အပျော်ကြီး ပျော်မိတယ်။ ငါ ဖိနပ်လေး တစ်ရံဝယ်မယ်။ ငါ့ဖိနပ်က အတော်စုတ်နေပြီ။ ကောက်ရိုးဖိနပ်တွေ ရက်လုပ်ပြီး စီးရတာ ငါ့ခြေဖဝါးနုနုလေးတွေ သွေးခြေဥကုန်တာ။ ပြီးရင် ငါ အဝတ်စလေးတွေ ဝယ်ဦးမယ်။ နွေဦးပွဲတော်မှာ ဝတ်ဖို့ အချိန်မီ ချုပ်ရဦးမှာ။
“ဦးလေး ဒီအစလေးက ဘယ်လောက်လဲ…”
ငါ မရမ်းစေ့ရောင် အဝတ်စလေးကို ပြလိုက်တော့ ဆိုင်ရှင်ဦးလေးက
“ဒီတစ်စလုံးကို ငွေ ၁၅စ ပဲ ရှိတယ်… ဒါမျိုး တစ်စပဲ ကျန်တော့တာ… အရောင်းသွက်တယ်လေ..”ငါ မျက်စိမှတ်ပြီး ဝယ်ခဲ့လိုက်တော့တယ်။ ငွေ ၁၅စ ဆိုတာ ငါ့အတွက် ဈေးကြီးပေမယ့် မတတ်နိုင်ဘူးလေ။ လိုချင်တာကိုး။ လမ်းမှာ ငါ ဝယ်လာတဲ့အထုပ်တွေကို ငုံ့ကြည့်လိုက် အတွေးနဲ့တင် ပျော်လိုက်နဲ့ ရုတ်တရက် မြောင်မမလေးကို တွေ့တော့ ငါ သူမမြင်ခင် အသဲအသန် ပုန်းရတော့တယ်။ ဟိုကလည်း ငါ့ကို တွေ့သွားလား မသိ။ လိုက်ရှာနေတော့ အနားမှာ ရှိတဲ့ လမ်းကြားလေးထဲ ငါဝင်ပုန်းလိုက်တယ်။
“ဒီနားလေးမှာ တွေ့လိုက်ပါတယ်… ဘယ်ရောက်သွားပါလိမ့်… ရန်းအာ… ငါ့ကို ကူရှာပေးပါဦး…”
“မမလေး မျက်စိမှားတာ နေမှာပါ… လာပါ မမလေးရယ်… အိမ်ပြန်ရအောင်… သခင်ကြီးက နောက်ကျရင် ဆူနေလိမ့်မယ်…”
မြောင်မမလေးက လက်လျှော့ချင်သေးပုံမပေါ်ဘူး။ သူ့အစေခံကောင်မလေး အတင်းဆွဲခေါ်သွားတာတောင် လှည့်ကြည့် လှည့်ကြည့်နဲ့။ ငါ့အဖြစ်ကလည်း ဆိုးတယ်။ အပြင်တောင် မထွက်ရဲတော့ဘူး။ ပန်းရောင်းမယ့် စိတ်ကူးလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားပြီ။ ငါလည်း သူတို့နဲ့ ထပ်တွေ့မှာ စိုးလို့ ဖြတ်လမ်းကနေပဲ ပြန်သွားဖို့ ရွေးလိုက်တယ်။
YOU ARE READING
အိပ်မက်တို့ ပွင့်ဝေချိန်
Historical Fictionချင်းလျန် သိထားတာ တစ်ခုရှိတယ်။ အဲဒါက သခင်လေးမှာ ချစ်ရတဲ့ မိန်းမလှလေး ရှိနေတာပဲ။ အလိုမကျစွာနဲ့ ရေကန်ကို ငုံ့ကြည့်တော့ အညိုဖျော့ရောင်အဝတ်အစားနဲ့ အမျိုးသားဆန်ဆန် ဝတ်ထားတဲ့ ပုံရိပ်ကို မြင်ရတယ်။ ဆံပင်တွေက ဖြစ်သလို စည်းထားတယ်။ မျက်နှာကလည်း လှတဲ့အထဲမပါ။ြ...