ခန့်မှန်းရခက်တဲ့ လီသခင်လေး

5.1K 543 35
                                    

အိမ်တော်ဝင်းထဲမှာ ကြွေကျထားတဲ့ သစ်ရွက်ခြောက်များ လှဲနေရင်းကနေ ကျန်းဝေ့ လီသခင်လေးကို တစ်ချက်တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့ပုံမှာ အများမြင်ရင် ကလေးတစ်ယောက် မျက်စိအောက်ကနေ ပျောက်သွားမှာစိုးလို့ စိုးရိမ်နေသည့်အလား။ သစ်ရွက်ခြောက်တွေကို တရှဲရှဲ မြည်သံထွက်သည်အထိ နာနာလှည်းနေရင်းကနေ စောင်းငဲ့ကြည့်လိုက်တော့ လီသခင်လေးသည် ချင်းလျန်နေခဲ့သည့် အခန်းထဲသို့ ဝင်သွားသည်ကို တွေ့လိုက်သည်။

“လီသခင်လေး…. ဘယ်အချိန်ထိ ဒီလိုမျိုး လုပ်နေဦးမှာလဲ…”

ခပ်တိုးတိုး ညည်းမိပြန်သည်။ သူဒီလို ညည်းနေတာ တစ်ကြိမ်မက အကြိမ်ပေါင်း ထောင်သောင်းများစွာပင် ရှိနေပြီ။ သို့သော်လည်း သူကိုယ်တိုင်ကပင် ချင်းလျန်ကို သတိရနေတတ်သေးသည်မို့ မပြောသာ။ ချင်းလျန်အခန်းဘက်ရောက်အောင် တံမြက်စည်းကို လှည်းချင်ယောင် ဆောင်လိုက်ပြီး အခန်းတွင်းဘက် အကဲခတ်ကြည့်လိုက်သည်။ လီသခင်လေးက ချင်းလျန်အခန်းထဲ သူကလွဲပြီး ဘယ်သူမှ မဝင်ရ အမိန့်ထုတ်ထားသည်။ ကိုယ်တိုင်ကိုယ်ကျ အခန်းသန့်ရှင်းရေး လုပ်နေသော လီသခင်လေးကို ကြည့်ရင်း ချင်းလျန်ကို ဒီမြင်ကွင်းမျိုး မြင်သွားစေချင်သေးသည်။

“ချင်းလျန်…. သခင်လေးက နင့်ကို တကယ်ချစ်တာဟ…”

အခန်းထဲတွင် သခင်လေး ကျောက်တုံးမ အပြစ်ပေးရင် လူလည်ကျထားသော ပုံစံတူ ကျောက်တုံးများ ရှိနေသည်။ ထိုအပြစ်မျိုးပေးခံရသည့် အခါတိုင်း သူကျောက်တုံးလဲပေးသည်ကို သခင်လေး မသိဘဲ နေမည်မဟုတ်။ သိသိချည်းနှင့် ဘာမှမပြောဘဲ မမြင်ချင်ယောင် ဆောင်ထားသည်ကို ကျန်းဝေ့ အသိဆုံး။ သူတို့နှစ်ယောက် အတွဲညီစွာ အချောင်ခိုနေသည်ကို သခင်လေးသည် အဆောင်ထောင့်ကနေ လှမ်းကြည့်နေတတ်သည်ကို သူသိသည်။ ချင်းလျန်ကိုတော့ ဘယ်တော့မှ မပြောဖြစ်။

တံမြက်စည်းလှည်းချင်ယောင် ဆောင်ပြီးနောက် တစ်ကိုယ်လုံး ဖုန်တွေ ကပ်နေသည်မို့ လူက မနေသာတော့။ နွေရာသီမို့ အိုက်စပ်စပ်ရှိလှသည့်အပြင် ချွေးများကြောင့် ယားကျိကျိ ဖြစ်လာသလိုလို။ စမ်းချောင်းဘက် သွားပြီး ရေသွားစိမ်နေမှ အပူဒဏ်ကို အံတုနိုင်မည်လို့ တွေးလိုက်မိသည်။ အဝတ်အစားတစ်စုံကို ယူလိုက်ပြီး အိမ်တော်နှင့် ခပ်ဝေးဝေးတွင် ရှိနေသည့် စမ်းချောင်းသို့ သွားလိုက်သည်။ အဝတ်အစားများကို ချွတ်လိုက်ပြီး အတွင်းခံဘောင်းဘီရှည်တစ်ထည်ဖြင့်သာ ချောင်းထဲသို့ ခုန်ချပြီး ရေစိမ်နေလိုက်တော့သည်။
အိုက်စပ်စပ်ရှိလှသည့် ခန္ဓာကိုယ်က အပူငြိမ်းသွားတော့ စိတ်က တောင်တွေးမြောက်တွေးနှင့် ချင်းလျန်နှင့် သခင်လေးအကြောင်း စိတ်ရောက်သွားသည်။ ကျန်းဝေ့ မျက်လုံးမှိတ်လိုက်ကာ အာရုံတွင် ပေါ်လာသည့် ပုံရိပ်တို့ကို ဆက်စပ်ကြည့်လိုက်သည်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now