အပိုင်းအစ - ၃၁

4.8K 563 42
                                    


“သခင်လေး…..”

အထိတ်တလန့် ရေရွတ်လိုက်မိတယ်။ သူ ဘယ်လိုလုပ် ငါရှိတဲ့ နေရာ သိသွားတာလဲ။ ငါ ချွေးစီးတွေတောင် ပျံလာတယ်။

“မင်း ဘယ်လို ပုန်းပုန်း ဘယ်သူမှ မသိနိုင်ဘူးလို့ ထင်နေတာလား….”

မေးလည်း မေးရင်းနဲ့ သခင်လေးက ငါ့ခုတင်ဘက် တစ်လှမ်းချင်းစီ လျှောက်လာတယ်။

"ဟင့်အင်း… မလာနဲ့… ငါ့နား မလာနဲ့ … ထွက်သွားစမ်း…"

ငါ့စိတ်ထဲ အပြင်းအထန် အော်နေသော်လည်း
ငါ့နှုတ်က အာစေးမိထားတဲ့ အတိုင်းပဲ။ ဘာစကားမှ မပြောနိုင်တော့ဘူး။ ငါ့အနားရောက်တော့ သူက ကုတင်ခြေရင်းမှာ မုဆိုးထိုင် ထိုင်လိုက်ပြီး ဒဏ်ရာရထားတဲ့ င့ါခြေထောက်ကို ဆွဲယူ လိုက်တယ်။ ပါးစပ်အဟောင်းသားနဲ့ တစ်ခုခုပြောဖို့ ကြိုးစားပေမယ့် ငါ စကားမပြောနိုင်တဲ့ အပြင် ငါ့တစ်ကိုယ်လုံး လှုပ်လို့ မရတော့လောက်အောင် ချုပ်ကိုင်ထားသလိုပဲ။ ငြင်းဆန်ဖို့ အင်အား သုံးလည်း မရတော့ဘူး။ သူ ငါ့စွမ်းအားတွေ ပိတ်လိုက်တာလား။

“အရင်တုန်းက အတိုင်းပဲ… မင်း ဘာမှ မပြောင်းလဲသွားဘူး…”

“…………….”

ဒါ ဘာကို ဆိုလိုချင်တာလဲ။ ငါက ဘာတွေ ပြောင်းလဲသွားလို့လဲ။ သခင်လေးက ငါ့အကျင့်တွေ ပြောင်းလဲသွားဖို့ မျှော်လင့်နေတာလား။ မလိုဘူးလေ။ ကိုယ့်စိတ်နဲ့ ကိုယ် နေပါရစေ။ ငါက ငါ…

“အပြစ်ပေးမယ့်သူ မရှိတော့တာ ဘယ်လိုနေလဲ… ဒီမှာ မင်း ပျော်နေပုံရတယ်…”

“…………..”

ကြည့်ရတာ သူ ငါ အပြစ်ဒဏ်ပေးချင်နေတာလား။ ငါ သူ့အပြစ်ဒဏ်ကို အသာတကြည်နဲ့ ခံယူမယ်များ မှတ်နေလား။ ဝေးသေး။ ငါ သူ့အိမ်တော်ကလူ မဟုတ်တော့ဘူး။ အိမ်တော်က ထွက်လာပြီးကတည်းက သူနဲ့ငါ ဘာဆို ဘာမှ မဆိုင်တော့ဘူး။ သွားစမ်းပါ။

သခင်လေးက င့ါခြေထောက်က ဒဏ်ရာကို အသင့်ယူလာတဲ့ ဆေးထည့်ပေးပြီး အဝတ်စသန့်သန့်နဲ့ ပြန်စည်းပေးတယ်။ သူလုပ်သမျှအားလုံးကို ငါတော့ ကြောင်စီစီနဲ့ လိုက်ကြည့်နေမိတယ်။ ငါ သူ့ကို စကားပြောဖို့ အတင်းကြိုးစားပေမယ့် မရဘူး။ စကားလုံးတွေက မထွက်လာတော့ဘူး။ လည်ချောင်းဝမှာတင် ပျောက်သွားသလိုပဲ။

သခင်လေး ပတ်တီးစည်းနေရင်း င့ါကို မော့ကြည့်လာတယ်။ လရောင်နည်းနည်းလေး ရှိနေတော့ သူ့မျက်နှာကို ငါမြင်နေရတယ်။ သူ့မျက်နှာ အရိပ်အကဲခတ်ကြည့်ချင်ပေမယ့် ငါ သေချာမမြင်ရဘူး။ ငါ သူ့ကို ပြူးပြဲကြည့်နေတာ မြင်တော့ သူ ရှားပါးစွာပဲ င့ါကို ပြုံးပြလာတယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now