အပိုင်းအစ - ၂၆

4.7K 539 18
                                    

“မြွေဖြူမိစ္ဆာ…..”

ကုန်းလီက ထိန်းချုပ်ခံထားရတဲ့ သတ္တဝါတွေထဲကလား။ သူတို့တွေ ဘယ်လိုလုပ် ဒီခေတ်ဟောင်းကာလကို ရောက်နေတာလဲ။ ဒါဆို ဟိုလူကြီးကရော။
အန္တရာယ်ရဲ့ အငွေ့အသက်တွေ အိမ်တော်တစ်ခုလုံး အပြင် င့ါတစ်ကိုယ်လုံး ချက်ချင်း လွှမ်းခြုံသွားတယ်လို့ ခံစားလိုက်ရတယ်။

အစွမ်းတွေက အချိန်စက်ဝိုင်းရဲ့ ရိုက်ခတ်မှုကြောင့် ထင်ပါရဲ့။ သုံးရတာ နည်းနည်း ကမောက်ကမ နိုင်နေသေးတယ်။ ပြီးတော့ ငါ့ စွမ်းအားတွေ တစ်ဝက်နီးပါး ရုတ်တရက် ထုတ်သုံးလိုက်ရတဲ့အတွက် အင်အားတွေ ဆုတ်ယုတ်သွားသလို ဖြစ်လာတယ်။ လည်ချောင်းတစ်ခုလုံး သွေးတွေ အပြည့်ရောက်လာ  သလိုပဲ။ အန်လည်း အန်ချင်လာတယ်။

ငါ့ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ကို သိပ်မထိန်း နိုင်တော့ဘူး။ ယိုင်နဲ့နဲ့ ဖြစ်လာလို့ အနားမှာရှိတဲ့ စားပွဲကို မှီနေရင်း ငါ ကုန်းလီကို ကြည့်လိုက်တယ်။ ငါ့ မျက်လုံးတွေက နည်းနည်း မှုန်ဝါးဝါး ဖြစ်လာတယ်။ ဘယ်လိုဖြစ်တာပါလိမ့်။ အာ… ငါ စွမ်းအား သုံးလိုက်တာ လွန်သွားပြီ ထင်တယ်။ ငါ အနားယူဖို့ လိုအပ်နေပြီ။

ငါတို့ရဲ့ တိုက်ခိုက်နေတဲ့ အသံကြောင့် ထင်ပါရဲ့။ သခင်လေးနဲ့ ဝေ့အစ်ကိုအပြင် အိမ်တော်တစ်ခုလုံးက လူတွေ ရောက်လာတယ်။ လူတွေရဲ့ ခြေသံကြားတာနဲ့ ကုန်းလီက မျက်တစ်မှိတ်အတွင်း လူပုံစံ ပြန်ပြောင်းသွား ပြီးတော့ သခင်လေး အခန်းထဲလည်း ဝင်လာရော သခင်လေးနောက်ကို ပြေးသွားပြီး

“ချင်းလျန်က ကျမကို အထင်လွဲပြီး သတ်ဖို့ ကြိုးစားနေတယ်…. သခင်လေး… ကျမကို ကယ်ပါ…”

“မိစ္ဆာကောင်… နင် ပြောရဲလှချည်လား…”

“သခင်လေး ကျမကို မိစ္ဆာလို့ စွပ်စွဲနေပြီ….”

“သခင်လေး… သူက မြွေဖြူမိစ္ဆာပါ… သခင်လေးကို သတ်ဖို့အတွက် ဒီကို ရောက်နေတာ…”

ငါ စားပွဲကို အားပြုပြီး လျော့ရဲရဲ မှီနေရာကနေ တည့်မတ်စွာ ပြန်ရပ်ရင်း သခင်လေးကို ရှင်းပြဖို့ လုပ်တယ်။ သခင်လေးက ငါပြောတာကို မယုံချင်တဲ့ ပုံစံနဲ့ တူပါတယ်။ သူ့လက်မောင်းကို မှီတွယ်ပြီး နေနေတဲ့ ကုန်းလီကို ဖေးမရင်းကနေ င့ါကို စူးစူးရှရှအကြည့်တွေနဲ့ ပြန်ကြည့်နေလေရဲ့။

“သခင်လေး… ချင်းလျန် မလိမ်ပါဘူး…. တောအုပ်ထဲမှာ သူနဲ့ လူတစ်ယောက် စကားပြောနေတာ တွေ့ခဲ့တယ်… သူတို့က သခင်လေးကို သတ်ဖို့ ကြိုးစားနေတာ….”

“မဟုတ်ပါဘူး သခင်လေး… ကုန်းလီ အိမ်တော်အပြင်ကို မထွက်ခဲ့ပါဘူး… သခင်လေး ကျမ မတရား စွပ်စွဲ ခံရတာပါ…”

သခင်လေးအပြင် ဝေ့အစ်ကိုရော အိမ်တော်ထဲမှာ ရှိတဲ့ လူအားလုံးရဲ့ အကြည့်က ငါ့ဆီ ရောက်လာတယ်။ ငါ လိမ်နေတာ မဟုတ်ဘူးလေ။

“ကောင်းပြီ… ဒါဆို ချင်းလျန် သက်သေပြဖို့ပဲ ကျန်တော့တာပေါ့…”

ငါ ငါ့ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ စွမ်းအားတွေ အားယူစုစည်းလိုက်ပြီး ကုန်းလီရှိရာကို ချိန်ရွယ် ပစ်လွှတ်ဖို့ လုပ်လိုက်တယ်။

“သခင်လေး…ချင်းလျန်က ကျမကို သတ်ဖို့ ကြိုးစားနေပြီ… ကျမကို ကယ်ပါ…”

ဒီမိန်းမ ကူလီကူမာ များပြန်ပြီ။ အလွန့်အလွန် အသနားခံနေတဲ့မျက်နှာထားက ဆွဲကုတ်ချင်စရာပဲ။ ကုန်းလီရဲ့ မျက်ရည်တွေကြောင့် သခင်လေး မကြည့်ရက်နိုင်တော့ဘူး ထင်ပါရဲ့။ ငါလွှတ်လိုက်တဲ့ အပြာဖျော့ဖျော့ အလင်းတန်းတွေကို သူ့လက်စွဲတော် ဓါးနဲ့ ပြန်ခုခံလိုက်တဲ့အချိန်မှာ ရှုပ်ထွေးလှတဲ့ တွန်းအားတစ်ခုက ငါ့ဆီ ရောက်လာတယ်။

ငါ ကာကွယ်ဖို့ အလျင်မမှီလိုက်ဘူး။ အုတ်နံရံကို ပစ်ဆောင့်သွားပြီး အရုပ်ကြိုးပြတ်ပမာ ကြမ်းပြင်ကို ငါ ပြုတ်ကျသွားတယ်။ နံရံနဲ့ ရိုက်မိတဲ့ အရှိန်ကြောင့် ထင်ပါရဲ့။ နဂိုကတည်းက အန်ထုတ်ချင်နေတဲ့ လည်ချောင်းထဲက သွေးတွေ အခုမှပဲ အားရပါးရ အန်ထုတ်လို့ ရသွားတော့တယ်။ လခွမ်း… သွေးတွေ အများကြီး။ ကျေးဇူးတင်တယ် သိလား သခင်လေး။  အခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now