အပိုင်းအစ - ၃၃

4.8K 537 9
                                    


“အမလေး…. ချင်းလျန် … ချင်းလျန် … ဒီကို လာကြည့်ပါဦး ….”

ကွေ့မိန် အလန့်တကြားနဲ့ ငါ့ကို အော်ခေါ်နေတယ်။ ဘာဖြစ်လို့ပါလိမ့်။ ပခုံးမှာ ဆွဲလက်စ တောင်းကို အမြန်လွှတ်ချပြီး သူ ခုန်ဆွခုန်ဆွနဲ့ ပြနေတဲ့ နေရာကို အပြေးသွားရတယ်။

ဘုရားရေ… ကလေးတွေကို စာသင်ပေးနေတဲ့ ကျောင်းအကို။ သူဘယ်လိုလုပ်ပြီး။ မျက်လုံးက မသေခင် ထိတ်လန့်စရာ တွေ့သွားတဲ့ပုံစံ။ မျက်လုံးပြူးပြီး သွေးတစ်စက်မှ မရှိတဲ့ ရုပ်နဲ့ သေနေတာ။ ငါ လန့်သွားတယ်။ ဟို သတ္တဝါ လက်ချက်ပဲ။ နယ်ချဲ့လှချည်လား ကုန်းလီ။ ဒီလို လူကောင်းကို နင်မို့ လုပ်ရက်တယ်။ နင့်အစွမ်းတွေ ပြန်ရဖို့ တခြားနည်းလမ်း သုံးပါလား။ ဘာလို့များ အပြစ်မရှိတဲ့သူကို သတ်ရတာလဲ။

ကွေ့မိန် သတင်းပေးမှုကြောင့် ရွာလုံးကျွတ်နီးပါး ငါတို့ယာခင်းထဲ ရောက်လာတယ်။ ကျောင်းအကိုရဲ့ အမေအိုကတော့ သူ့သားကို ဖက်ပြီး ငိုနေတော့တာ မရပ်မနားပဲ။ သားကို အိမ်ထောင်မချပေးရသေးပဲ သေသွားတဲ့အပြင် အားကိုးစရာက ဒီသားတစ်ယောက်ပဲ ရှိတာလေ။ ကျောင်းအကိုနဲ့ စေ့စပ်ထားတဲ့ လုမိန်းကလေးကတော့ အလောင်းနားမှာ တရှုံ့ရှုံ့နဲ့။ လက်ထပ်ဖို့ တစ်လလောက်ပဲ လိုတော့တာဆိုတော့ လုမိန်းကလေး အတော် ကြေကွဲနေရှာမှာ။ အခုလို ဖြစ်သွားတော့ ကံဆိုးမဆိုပြီး တစ်ရွာလုံးက ယောက်ျားပျိုတွေ သူ့ကို လက်ထပ်ဖို့ ငြင်းကြတော့မှာ။

“ဆရာကျောင်းက ဘယ်လိုဖြစ်ပြီး ဒီလို သေဆုံးရတာလဲ…..”

“ငါတို့ရွာမှာ တစ်ခါမှ ဒီလို မဖြစ်ဖူးပါဘူး…..”

“သေသွားတာက ထူးဆန်းတယ်… သွေးတွေလည်း မရှိတော့ဘူး…. မကောင်းဆိုးဝါးကြောင့်လား…”

ထင်မြင်ချက် အမျိုးမျိုးတွေနဲ့ တစ်ယောက်တစ်ပေါက် ပြောနေကြကုန်တယ်။ ဝမ်ဖိုးဖိုးက

“အားလုံးနားထောင်ကြ…. ရွာလုံခြုံရေးအတွက် ပြင်ဆင်ရတော့မယ်… ငါတို့ အဖွဲ့ခွဲပြီး တာဝန်ယူရမယ်… အမျိုးသားအားလုံး… ညတိုင်း အလှည့်ကျ ကင်းစောင့်ပါ… အမျိုးသမီးတွေ ကလေးတွေကို သေချာဂရုစိုက်ပါ… သွားတာလာတာက အစ သတိထားကြ… တောထဲကို အခုလောလောဆယ် မသွားကြနဲ့ဦး… ရွာပြင်ထွက်ရင် အုပ်စုလိုက်သွား… တစ်ခုခု ထူးခြားတာတွေ့ရင် အကြောင်းကြား….”

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now