အပိုင်းအစ - ၃၀

4.9K 581 39
                                    


ဝမ်ဖိုးဖိုးက ငါ့ကို ဒီမှာနေဖို့ လက်ခံလိုက်တယ်။ ဝမ်ဖိုးဖိုးက ဒီရွာရဲ့ ရွာအကြီးအကဲ။ ဒီဆပ်ပြာခွက်အရွယ်လောက်တောင် မရှိတဲ့ရွာက နာမည်လေးတော့ ပေးထားသား။ ဟွာရှန့်…။

ငါ သိတယ်။ င့ါရုပ်လေး မြင်တာနဲ့ လူတွေ သနားကြတာ င့ါအားသာချက်ပဲ။ ဒါကို ငါ ကောင်းကောင်းကြီး အကျိုးရှိအောင် အသုံးချလိုက်တော့ နေစရာ တစ်နေရာ ရသွားပြီ။ ငါ့ကို ဝမ်ဖိုးဖိုးက ကွေ့မိန်တို့ အိမ်လေးမှာ ပေးနေစေတယ်။ သူ့အိမ်လေးက မဆိုးသား။ သစ်လုံးအိမ်ကလေး။ လက်မောင်းအရွယ်လောက် ရှိတဲ့ ကျွန်းသစ်လုံးတွေနဲ့ အိမ်ဆောက်ထားတာ။ ဟိုတယ်ဘန်ဂလိုလေး အရွယ်လောက်ပဲ ရှိတယ်။

ငါ သူ့အိမ်မှာ နေရတော့ သူ့အလုပ်တွေ ဝိုင်းကူပေးရတာပေါ့။ သူ့ယာခင်းမှာ လိုအပ်တာ မှန်သမျှ ငါ ဝိုင်းလုပ်ပေးတယ်။ ကွေ့မိန်က ငါ့ထက် ၃နှစ် ငယ်တယ်။ ဒါပေမယ့် ငါ့ထက် ဝါကြီးတယ်။ သူ့အမျိုးသားက မရှိတော့ဘူး။ အမဲလိုက်ရင်း မုဆိုးအချင်းချင်း သားကောင်မှတ်ပြီး မြားနဲ့ပစ်ခံထိလို့ ဆုံးရှာပြီ။  အသက်ငယ်ငယ်လေးနဲ့ မုဆိုးမ ဖြစ်နေတာလေးက ခေတ်လွန်ကာလက လာတဲ့ ငါ့အတွက် ကသိကအောက်နိုင်တာ တစ်ခုပဲ။ ရွာကလူတွေနဲ့ ငါ အသားကျအောင် သိပ် မလှုပ်ရှား လိုက်ရဘူး။ တစ်ပတ်တောင် မပြည့်သေး။ အားလုံးနဲ့ အိုကေလို့ စိုပြေသွားတယ်။

နေ့တိုင်း ငါ ကွေ့မိန်တို့ ယာထဲမှာ ကူရင်း ဟင်းရွက်စိုက်ဖို့ မြောင်းအတူးကောင်းလို့ ခြေထောက်မှာ ပေါက်တူးစာ မိသွားတယ်။ ဒဏ်ရာက သိပ်မများ။ ခြေဖမိုးလေး နည်းနည်းထိသွားရုံ။ အင်္ကျီနား ဖြဲပြီး ပတ်တီးသဘောလိုမျိုး စီးထားလိုက်တယ်။ ငါ့ရင်ထဲက ဒဏ်ရာတွေထက်စာရင် ဒါက ပမွှားလေးပါ။

ညရောက်တော့ ငါ လမ်းတောင် မလျှောက်နိုင်တော့ဘူး။ ခြေထောက်က ယောင်ကိုင်းနေပြီ။

“ချင်းလျန်.. နားလိုက်ပါ… ခြေထောက်ကိုလည်း ကြည့်ဦး… ဆင်ခြေထောက်ကြီး ဖြစ်တော့မယ်… ဒါတွေ ကျမ လုပ်နေကျပါ… ထားလိုက်တော့…”

ကွေ့မိန်က ငါ ခပ်လာတဲ့ ရေပုံးကို ဆွဲယူလိုက်တယ်။

“ငါ လုပ်နိုင်ပါတယ်… ကွေ့မိန်ကို အားနာလို့ပါ…”

“နေပါစေ… မလုပ်ပါနဲ့… ခြေထောက်ကိုရော ဆေးထည့်ပြီးပြီလား…”

“အင်း… ထည့်ပြီးပြီ…”

ငါ ကွေ့မိန်ကို လိမ်လိုက်ရတာ စိတ်မကောင်းပေမယ့် မတတ်နိုင်ဘူးလေ။ ဒီလိုနေရာမျိုးမှာ ဆေးရဖို့ မသေချာသလောက်ပဲ။ မေးခိုင်ပိုးတွေဝင်မှာ ပြောရင်လည်း နားလည်မှာမှ မဟုတ်တာ။ ဖျားနာထိခိုက်လာရင် သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေကြ ပုံပါပဲ။ ငါ အိပ်ရာပေါ်မှာ လှဲချရင်း တွေးမိလိုက်တာက ငါ ဒီရွာလေးမှာ ငါ ဆေးကုဖို့ ကူပေးရင် ကောင်းမယ်။ ရိုးရိုးဖျားနာတာလောက် ငါ ကုလို့ရပါတယ်။

အနာရှိန်ကြောင့်လား ပင်ပန်းလို့ပဲလားမသိ။ ငါ ခဏလေးနဲ့ အိပ်ပျော်သွားတယ်။
ငါ အိပ်ပျော်နေရင်းနဲ့ ငါ့ ကုတင်နားမှာ တစ်ယောက်ယောက် ရောက်နေတယ်လို့ မသိစိတ်က နှိုးဆွနေတယ်။ ဆတ်ခနဲ့ ထထိုင်ပြီး ငါ့အခန်းထဲ ဝေ့ကြည့်လိုက်တယ်။ မျက်လုံးက ကျင့်သားမရသေး။ ရုတ်တရက် ထလိုက်တော့ မဲမဲမှောင်နေတယ်။

အမှောင်ထဲမှာ ရပ်နေတဲ့ လူတစ်ယောက်။ ငါ့ကို ကျောပေးထားပြီး ပြတင်းပေါက်နား ရပ်နေတယ်။ လရောင်နည်းနည်းရှိပေမယ့် လူက ပြတင်းပေါက်ကို ကျောပေးပြီး ရပ်ထားတော့ မမြင်ရဘူး။ ငါ့ရဲ့ ဆောင်ဓားလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း

“ဘယ်သူလဲ…”

ပြန်မဖြေ။ လူလား.. သရဲလား။ ငါ မကြောက်တတ်ပေမယ့် ဒီလူက တုတ်တုတ်မျှ မလှုပ်တော့ လက်ထဲက ဓားကို အဲ့လူဆီ ပစ်ပေါက်လိုက်တယ်။ အနှီလူက ကျင်လည်စွာနဲ့ ငါ့ဓားကို ဖမ်းလိုက်ပြီး

“မင်း ဘာလို့ ကိုယ့်ကိုကိုယ် ဂရုမစိုက်ရတာလဲ…”

ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရ သလိုမျိုး ငါ့ဆံပင်မွေးတွေ ထောင်သွားသလား အောက်မေ့ရတယ်။ အသံပိုင်ရှင်က ငါ့ဘက် လှည့်လာပြီး

“အခုထက်ထိ နမော်နမဲ့ နိုင်တုန်းပဲ...”

နှလုံးခုန်သံတွေ ရပ်သွားသလား။ ငါ့ရင်ဘတ်ကို ငါ ပြန်စမ်းကြည့်တယ်။ တဒိတ်ဒိတ်နဲ့။ နှလုံးတစ်ခုလုံး အပြင်ကို ရောက်နေသလားပဲ။ ဘာလို့ ဒီလောက် ဖြစ်သွားရတာတုန်း။ သတိထားစမ်း ချင်းလျန်။ ငါ စိတ်ကို အတတ်နိုင်ဆုံး လျှော့ချလိုက်တယ်။ ဒါပေမယ့် ရင်ခုန်သံက မပြေသေးဘူးရယ်။

အိပ်မက်တို့ ပွင့်ဝေချိန်Where stories live. Discover now