Part - 27 : Emotions...

3.4K 520 44
                                    

Zawgyi

"နီစွေး မနက်စာရပြီ..."

အခန်းဝမှ အတွေးတို့ကို ဖြတ်ကာ သူ အခန်းထဲဝင်ကာပြောချိန်တွင် နီစွေးသည် အဝတ်ကောက်စွတ်နေရင်းမှ ခေါင်းညိတ်ပြ၏။ ဝင်လာသည့် Vincent ကို ကြည့်ပြီး Vincent သည် သူပြောသည်ကို ကြားလောက်လား မကြားလောက်လား နီစွေး စဉ်းစားမနေ။ ကြားသိနေမည်ကို သူ ကောင်းစွာသိသည်။ အဖြေကို သိနေပြီးသားမေးခွန်းကို ဘယ်သောအခါမှ မမေးခြင်းသည် သူ့ ခံယူချက်များထဲမှ တစ်ခု။

"နီစွေး တကယ်ရောအဆင်ပြေရဲ့လား..."

Vincent သည်လည်း သူ့ကိုဖန်တီးသူဖခင်၏ အကြောင်းကို ကောင်းစွာသိသူပီပီ သူမှမမေးလျှင် နီစွေးသည် ဘယ်သောအခါမှ ထုတ်ပြောလိမ့်မည်မဟုတ်သည်ကို သိစွာဖြင့် သူ စတင်မေးလာ၏။ သူတို့နှစ်ဦးအခြေအနေက တစ်ယောက် ဘာလုပ်နေသည်ကို တစ်ယောက်ကောင်းစွာသိပြီး ထိုသိနေခြင်းကို နှစ်ဦးစလုံးသည် မသိကျိုးကျွံပြုနေကြသည့် အနေအထားမဟုတ်ပါလား။ သူ ခြေတစ်လှမ်းစမလှမ်းဘူးဆိုလျှင် နီစွေးသည် ဘယ်သောအခါမှ သူနှင့်နီးကပ်လာလိမ့်မည်မဟုတ်။

"တစ်ခါတစ်လေ Hybrid ဖြစ်တာကလည်း မကောင်းဘူးဘဲ... မင်းရဲ့အကြားအာရုံတွေက ပါးလွန်းတယ်..."

နီစွေးသည် ပြစ်တင်ခြင်းလေလား ရေရွတ်ခြင်းလေလား မသဲကွဲသည့် ပြောဆိုမှုဖြင့် ခပ်တိုးတိုးညည်းညူနေသည်ကို သူကြည့်သည်။ သူ့မေးခွန်း၏ အဖြေကိုတော့ သူ မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုမည်ဟုတော့ သူ မထင်။ အကယ်၍ နီစွေးက မဖြေလျှင်လည်း သူ မဖြေမချင်းထပ်ခါထပ်ခါမေးဖြစ်လောက်သည်။

"အဆင်ပြေပါတယ်..."

သူ တုံးတိဖြေတော့ Vincent သည် သူ့ကို မကောင်းသည့်ခံစားချက်များပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေဆဲ။ ဝမ်းနည်းခြင်း၊ အားနာခြင်း၊ စိတ်မကောင်းခြင်း၊ ပူဆွေးခြင်း အစရှိသည့် ခံစားချက်များပြည့်နှက်နေသည့် မျက်ဝန်းပြာများ။

"မင်းနဲ့မလိုက်ဘူး..."

"ဟမ်..."

"မင်းနဲ့အဲ့လို ခံစားချက်တွေနဲ့မလိုက်ဘူးလို့ ပြောတာ..."

Schmaltz [Own Creation]Where stories live. Discover now