Part - 20 : He who can't create...

3.2K 533 19
                                    

Zawgyi

တစ်စုံတစ်ယောက်အပေါ်တွင် လေးနက်ခြင်းသည် ကောင်းမွန်သည့်အရာတစ်ခုဟု နီစွေး မထင်။ တစ်စုံတစ်ယောက်ကို လေးနက်ခြင်းသည် မိမိကိုယ်ကို ထိခိုက်မှုရှာခြင်းဖြစ်သည်။ သူကား နာကျင်ရခြင်းကို နှစ်သက်သည့် Masochist မဟုတ်သဖြင့် သူ့ကိုယ်သူ အခြားသူများနှင့် နီးကပ်မခံ။

ငယ်စဉ်ကတည်းက ဒီကလေးလေးချစ်ဖို့ကောင်းတာဟုဆိုကာ သူ့ကို ချစ်ခင်ကြသူများ၏ လက်ပေါ်တွင် သူနေထိုင်လာရသည်။ ထို့နောက် ပြောရလျှင်ရုပ်ရှင်ဆန်ဆန် မြာပွေသော ဖခင်နှင့် သဝန်ကြောင်သော မိခင်ကြားမှ မြေစာပင်လေး ဖြစ်ခဲ့ရသည်။ အဘိုးဖြစ်သူ၏ စည်းစနစ်ကြီးမှုနှင့် သြဇာညောင်းမှုကြောင့် ဖခင်၏ မြာပွေမှုများမှာ အိမ်သို့မရောက်လာ။ သို့သော်လည်း မိခင်၏ နေ့တဒူဝ ငိုယိုနေမှုတို့ကို သူ အသက်နှင့်မလိုက်အောင် မြင်တွေ့လာရသည်။

ထိုသို့မြင်တွေ့လာခြင်းမှ သူ နားလည်သွားမှုသည် တစ်ခုတည်း။ လူတစ်ယောက်ကို ချစ်ခြင်းသည် အလွန်အမင်း ဆိုးရွားသည်။ လူတစ်ယောက်ကိုချစ်သည်နှင့် မိမိ၏ ဘဝသည် ပျက်စီးသွားနိုင်သည်။ သူ့ဖခင်သည် မည်မျှပင် အပျော်အပါးရှာရှာ သူ့ကို ချစ်သောကြောင့် ထိုနေရာများသို့ သူ့ကို ခေါ်သွားလေ့ရှိသည်။ သူ့ဖခင်ဘက်မှ ကြည့်လျှင် လူတစ်ဦးတစ်ယောက်ကို အတည်တကျတွဲခြင်း လက်ထပ်ခြင်းသည် မိမိကိုချုပ်နှောင်ထားသည့် ကြိုးများအဖြစ် သူ မြင်ယောင်လာ၏။

ထိုသို့မြင်ယောင်ခြင်းသည် မည်သည့်အသက်အရွယ်မှ စတင်ခဲ့လည်း သူမသိ။ သူ သတိထားမိချိန်က သူ တက္ကသိုလ်နောက်ဆုံးနှစ်။

"နင် နင်က လူမဆန်တဲ့ကောင်ပဲ!"

သူ့ပါးကို ရိုက်ကာထွက်သွားသည့် မိန်းကလေး၏ ကျောပြင်ကို သူ ကြည့်သည်။ သူ သူမကို လက်မထပ်ချင်ဘူးဟု ပြောရုံနှင့် ဘာကြောင့်များ သူမက ထိုမျှထိ ဖြစ်ပျက်သွားရတာလဲ။ သူမနှင့်သူ လွန်လွန်ကျူးကျူးလည်း ဖြစ်နေကြတာမဟုတ်ဘဲနှင့်။ ယခင်တွဲခဲ့သည့် မိန်းကလေးများနှင့်မှ သူ လွန်ကျူးခြင်းများ ရှိခဲ့သေးသည်။ သို့သော်လည်း နှစ်ဦးသဘောတူ ပြတ်စဲပြီးနောက် ထိုကောင်မလေးများနှင့် သူ့အကြားမှ ဖြစ်ရပ်များကို သူ နည်းနည်းလေးမှ ထုတ်ဖော်ခြင်းမပြု။

Schmaltz [Own Creation]Where stories live. Discover now