အပိုင်း ၁၀

8.9K 721 15
                                    

Unicode



ကြွေသည် စိမ်းနှင့် လူချင်းတွေ့ရပါက လူဆိုးမကြီးဟု တဖွဖွ ရေရွတ်ကာ ထုရိုက်ပစ်အုံးမည်ဟု တေးထားမိ၏ ။ ကျောင်းပိတ်ရက်တိုင်း လာခဲ့မည်ဟု ကတိပေးထားသော လူဆိုးမကြီး စိမ်းဟာ လူကိုယ်တိုင်လည်း ရောက်မလာခဲ့သလို ဖုန်းလေးပင် တစ်ကြိမ်ဆက်ဖော်မရခဲ့တာ စာသင်နှစ်ပင် တစ်ဝက်ကျိုးလာခဲ့ပြီ။

အိမ်မှ ထွက်လာကာစက ဖေဖေတို့ ဝယ်ပေးလိုက်သော ဟမ်းဖုန်းလေးထဲတွင် စိမ်းဖုန်းနံပါတ်လေး ရှိသော်လည်း ဆက်ရမည် မဆက်ရမည်ကို တွေဝေမိ၏။ ရံဖန်ရံခါ အိမ်ဖုန်းသို့ဆက်ဖြစ်သော်လည်း ဖေဖေ သို့မဟုတ် မေမေနှင့်သာ တွေ့ရပြီး စိမ်းက ကြွေနှင့် ဖုန်းပြောဖို့ရာ အားလပ်သည်ဟူ၍ပင် မရှိခဲ့။

​​
စိမ်းသည် အမှန်တကယ်ပင် စာတွေကြိုးစားလေ့လာနေခဲ့သလား ။ ဒါမှမဟုတ် ဝတ္ထုများ ရေးနေပြီလား မသိပါ ။ ထို့ကြောင့်လည်း စိမ်း၏ အချိန်ကောင်းများကို ဖျက်ဆီးပစ်မိမည်ကို စိုးရိမ်သောကြောင့် ဖုန်းမခေါ်ဖြစ်သော်လည်း တစ်ခါမှ မခွဲဖူးသူအဖို့ မလွမ်းဘဲ နေပါ့မလား ။ ဒါတွေ စိမ်း သိဖို့ကောင်းသည်။ အလိုက်တသိ ဆက်သွယ်လာဖို့ကောင်းသည်။

"​ကြွေ နင်​မျက်​နှာလည်း မ​ကောင်းပါလား
ဘာဖြစ်​လို့လဲ "

စိမ်းကို လွမ်းလှသည် ဆိုပေမဲ့ ​ကြွေ့အနားတွင် ဝေသည် အရိပ်တကြည့်ကြည့် ရှိနေတတ်သဖြင့် အထီးကျန်ခြင်းကိုတော့ မခံစားရပါ။ ကြွေ့မျက်နှာလေး ညိုးနွမ်းနေသည်ကိုပင် ဝေ့မှာ စာကျက်နေရသည့်ကြားမှ သိနိုင်အားသည်။ ထိုကဲ့သို့ သူငယ်ချင်းကောင်းကို ဘေးမှာထားပြီး အဝေးက လူဆိုးမကြီးကို လွမ်းနေရခြင်းက အားနာစရာကောင်းသည်ဟုပင် ထင်မိရသည်အထိ။

"ငါ .. အဆင်​ပြေပါတယ်​"

တကယ်​တော့ သိပ်အဆင်ပြေလှသည်တော့ မဟုတ်ပါ ။ အနားမှာ စိမ်းမရှိသည်နှင့် ကြွေ့ဘဝကြီးက ချက်ချင်းပင် လုံခြုံမှုကင်းမဲ့သွားသလို ခံစားရသည်။ ယောကျ်ားလေးများကို မြင်သည်အခါ ကြွေ့ကို မရိုးမသား ကြည့်နေကြသည်ဟုသာ ထင်မြင်မိသည်။ ထိုကဲ့သို့ မဖြစ်နိုင်ဟု စိတ်ထဲ ကြိုးစားတင်းထားသော်လည်း မရ။ တတ်နိုင်သမျှ ဝေးဝေး ရှောင်ဖယ်ပြီး အကြည့်ချင်းမဆုံစေရန် မျက်လွှာချထားရသည် ။ ထိုကဲ့သို့ တစ်နေ့တာကို ကြိုးစားဖြတ်သန်းပြီးသော် ညအိပ်ချိန်ရောက်တိုင်း ထပ်တလဲလဲ မက်နေကျ အိမ်မက်ဆိုးကို ကြိမ်ဖန်များစွာ မက်နေခဲ့ရ၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now