အပိုင်း ၂၂

8.4K 665 18
                                    

Unicode

စိမ်း မျက်နှာပေါ်က တောင်းပန်တိုးလျှိုးဟန် အမူအယာများကို ခံစားနိုင်၍ ဖြစ်မည် ။ ကြွေ့နှုတ်ခမ်း လှုပ်လှုပ်ရွရွလေးဟာ ရပ်တန့်သွားသည် ။  ထို့နောက် ကြံစည်ထားပုံမရသော အခြား စကားများကိုသာ လေပြည်လေးတိုက်သလို ပြောလာသည်။

"စိမ်းရယ် တကယ်တော့လေ ငါ့ဘဝမှာ နင့်​ကို​တွေ့ခွင့်ရခဲ့ပြီး နင့်​အချစ်​ကို ပိုင်​ဆိုင်​ခွင့်​ရခဲ့တာနဲ့တင်​ကို ငါ နဲ့ မထိုက်​တန်​ဘူးလို့​တောင် တွေးမိတဲ့အထိ အရမ်း ကံ​ကောင်းလွန်း​နေခဲ့ပါပြီ ။
ထပ်​ပြီး​တော့ နင့်​ကို ပိုင်​ဆိုင်​ဖို့ ငါလောဘကြီးလာမိရင်း နင်​နဲ့ ဖေဖေတို့ကြားမှာ ငါ့ကြောင့် ..   "

ကြွေက ရှိုက်သံတစ်ချက်ထွက်လာကာ စကားသံများကတော့ ထပ်ပြီး ထွက်မလာနိုင်တော့။ ​ကြွေ့ မျက်​ရည်​စ​သေး​သေး​လေး​တောင် မမြင်နိုင်သူ စိမ်းအဖို့ ကြွေ့ ရှိုက်သံဟာ နှလုံးသားကို ဆုတ်ဖြဲနေသလို ခံစားချက်မျိုး ဖြစ်သော်လည်း လစ်လျူရှူထားလိူက်ရသည်။ ဒီထက် ပိုဆိုးသော နာကျင်မှုတွေ ဖြစ်မလာဖို့ရာအတွက် အားနည်းနေခြင်းကို ဖုံးဖိထားကာ မျက်ရည်များဖြင့် ပြည့်လျှံနေသော ကြွေ့မျက်ဝန်းများကိုပင် တန်ပြန် စိုက်ကြည့်လိုက်ရသည်။

"​ကြွေ ငါ့ကိုကြည့် "

ကြွေက မရဲတရဲ မော့ကြည့်လာသည်။

"နင်​ ငါ့ကို တစ်​သက်​လုံး  မ​တွေ့ရ​တော့ဘူးလို့
​တွေးကြည့်​ပါလား နင်​ နေနိုင်​မယ်​ထင်​လို့လား "

​ကြွေ့ မျက်​ဝန်း​များ ပြူးကျယ်​ဝိုင်းစက်​သွားသည်​။ ကြွေဟာ စိမ်းအားနည်းချက်ကို သိသလို ကြွေ့အားနည်းချက်ကိုလည်း စိမ်း မသိဘဲ ရှိပါ့မလား။ ကြွေက ပြာပြာသလဲပင် ငြင်းဆန်လာသည်။

"အို .. ဘာလို့ မ​တွေ့ရမှာလဲ စိမ်းရဲ့
ငါတို့က အစကတည်းက ညီအစ်​မ​တွေပဲ မဟုတ်လား ၊ ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်မတွေပဲမို့ ဆက်တွေ့လို့ရ​နေတာပဲ "

ကြွေ့ကို မယုံကြည်နိုင်စွာ ငေးကြည့်မိသွားသည်။ကြွေ တကယ်ပဲ ရူးသွားပြီလားဟု တွေးမိတာလည်း ပါမည်။ ကြွေကတော့ ထိုစကားကိုပင် အတည်ကြီး ပြောနေမှန်း သိရသောအခါ စိတ်တိုလာ၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now