အပိုင်း ၁၅

9K 705 25
                                    


unicode

ဘေးနားက ခန္ဓာကိုယ်လေး ငြိမ်သက်သွားပြီး အသက်ရှူသံမှန်မှန်လေး ထွက်ပေါ်လာမှ စိမ်းတစ်ယောက် စောင်ပုံထဲက ထွက်လာရသည်။ ချွေးများဆို ချွဲနစ်လို့ ။ ကြွေ့ကို ဘေးနားမှာထားပြီး ဘယ်လိုများ အိပ်ပျော်နိုင်ပါ့မလဲ ။

စာကြည့်စားပွဲမှ နာရီလက်တံအရှည်လေးက မနက် တစ်နာရီကို ညွှန်ပြနေသော်လည်း စိမ်း၏ မျက်လုံးများက ကြောင်တောင်တောင် ရှိနေဆဲပင် ဖြစ်သည် ။ရင်တွေလည်း တုန်နေဆဲပင် ဖြစ်ပြီး အရင်နေ့က သောက်ထားသော ကော်ဖီတစ်ခွက်ကြောင့်လားဟုလည်း မဆီမဆိုင် တွေးမိပြန်သည် ။

​ကြွေ့ ကိုကြည့်​လိုက်​တော့ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​ပျော်​သွားပြီ ဖြစ်၏။ ကြွေဟာ ဒီလိုကျတော့ အပူအပင်မရှိလှသော ကလေးတစ်ယောက်နှင့် တူသည်။ မကြာသေးခင်ကအထိ စိမ်းကို ရူးသွပ်စေမတတ် ပြုစားခဲ့သော ကဝေမလေးနှင့်လည်း မတူတော့ ။ ပြတင်းပေါက်မှ ဝင်လာသော လ၏ အလင်းရောင်အောက်မှာပင် ကြွေ့မျက်​နှာ​လေးဟာ ကြည်လင်၍နေသည်။

ကြွေ့မျက်ခုံးလေး တွန့်ချိုးသွားသည်။ နဖူးကနေ ကျနေတဲ့ ဆံစတွေကြောင့် နေရခက်နေသလားဟု တွေးမိကာ ထိုဆံစများကို ခပ်ဖွဖွ ဖယ်ရှားလိုက်တော့ ကြွေ့ နဖူးပြင်ပြေပြေလေးဟာ လွန်ခဲ့သော နာရီဝက်မှ အတိတ်သို့ ပြန်လည် ခေါ်ဆောင်သွားပြီး ထိုစဥ်က သနပ်ခါးနံ့လေးကိုပင် ပြန်လည် ရှူရှိုက်မိသကဲ့သို့ ရှိသည် ။

မနမ်းရှိုက်လိုက်ရသော နှုတ်​ခမ်းဖူးဖူး​လေး​တွေဆီ အကြည့်ရောက်သွားချိန်မှာတော့ ချိုမြိန်​ရဲ့လား ၊နူးညံ့ရဲ့လား ဆိုတာ စမ်းသပ်​ပြီး အတည်​ပြုချင်​မိပြန်​သည်​။

ကြွေ မမြင်တာသိသော်လည်း ကိုယ့်အတွေးကိုယ် မလုံမလဲဖြစ်ကာ မျက်နှာလွှဲလိုက်ရပြန်သည်။ တစ်သက်လုံး ညီအစ်​မ​အရင်းတွေလို နေလာခဲ့ကြပြီးမှ မထင်မှတ်ထားဘဲ ဖြစ်ပေါ်လာသည့် မရိုးမသား​စိတ်​ကြီးကို ဘယ်​လိုများ ထိန်းချုပ်​ရပါ့မလဲ ။ ပြီးတော့ စိမ်းက မိန်းကလေး ။ ကြွေကလည်း မိန်းကလေးတစ်ယောက်ပင် ဖြစ်နေသည်။ စိမ်း၏ စိတ်ကလေးကို ကြွေသိသွားပါလျှင်ရော ဘယ်လိုများ ရင်ဆိုင်ရမည်တဲ့လဲ ။ကြွေကတော့ သိလျှင်လည်း သိနေလောက်တော့မည်။ ပတ်ဝန်းကျင်က သိသွားခဲ့ပါလျှင်ရော သူတို့ ညီအစ်မနှစ်ယောက်ကို ဘယ်လိုများ ပြောကြမည်လဲ ။ ကြွေ့ထံ၌ စိတ်ဒဏ်ရာအသစ်လေး ထပ်မဖြစ်စေလိုတော့။

ရွက်ကြွေ (GL-OC)Where stories live. Discover now