အပိုင်း ၁၁

8.9K 693 27
                                    

Unicode

​မိကြွေ၏ လူဆိုးမကြီးဖြစ်သော စိမ်းအတွက်လည်း ထိုရက်တွေမှာ သိပ်အဆင်ပြေလှသည်တော့မဟုတ် ။ တစ်ခါတရံ စာကြည့်ချိန် ၊ စာရေးချိန်များကိုပါ နယ်ကျော်၍ မကြာခဏ ဝင်ရောက်လာတတ်သော အတွေးများတွင် မိကြွေသည်သာ နေယူထားတတ်သည်။

ကြွေ အဆင်​ပြေနေရဲ့လား ။
ကြွေဟာ အရင်လို ကြောက်တတ်နေဆဲပဲလား ။ သို့မဟုတ် တစ်ယောက်တည်း ရှင်သန်နေနိုင်ခဲ့ပြီလား ။ ထိုကဲ့သို့ မေးခွန်းများလည်း ရှိပြီး ဝေခွဲမရသော စိတ်လေးများလည်း ရှိနေပြန်သည်။

​ကြွေဟာ သူ့ဘဝသူ ရှာတွေ့ပြီး စိမ်းကို မှီတွယ်စရာမလိုသည့် လွတ်လပ်သော ရွက်ကြွေလေးလည်း ဖြစ်စေချင်သည်။ အမှီအခိုကင်းသွားသော ကြွေဟာ စိမ်းဆီ ပြန်လာဖို့ မေ့လျော့သွားသည်အထိ အဲ့ဒီဘဝလေးမှာ ပျော်ပိုက်သွားခဲ့လျှင်တော့ရော။ ဘာတတ်နိုင်ပါမည်တဲ့လဲ ။ သို့သော် ထိုအတွေးသည် ထုထည်ကြီးမားစွာ လေးပင်လျှက် ရှိနေတတ်သည်။

​ကြွေ့ ကို ဖုန်းဆက်ကြည့်သင့်သလား ။
ဖုန်းဆက်​လိုက်​သည့်အခါ ကြွေက ငိုနေခဲ့လျှင် ပြန်မခေါ်မိဖို့ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်ပါရဲ့လား ။ သို့သော် ကြွေ့ဆီက "ဟယ်လို" ဟူသော အသံတိုးတိုး​လေးပဲ ဖြစ်​ဖြစ်​လည်း အလွမ်း​ပြေ ကြားချင်​နေမိ​သေးသည်​။ ကြွေနှင့်ပတ်သက်ပြီး ဒီလောက် ရှုပ်ထွေးရလိမ့်မည်ဟုလည်း တစ်ခါမှ ထင်မထားခဲ့။

စိမ်းသည် ဖုန်းကြည့်ရင်း လမ်းလျှောက်တတ်သူတစ်ယောက် ဖြစ်လာသည်။ ကျောင်းဝင်းထဲပင် ဖြစ်သည်မို့ အန္တရာယ်ကင်းသည်ဟု ထင်မှတ်မိသောကြောင့်လည်း ဖြစ်မည်။ ဖုန်းမျက်နှာပြင်ပေါ်က 'ကြွေ' ဟူသော အမည်လေးကို လက်ညိုးထိပ်လေးဖြင့် နှိပ်မည်ဟန်ပြုလိုက် ၊ ပြန်ရုတ်သိမ်းလိုက်ဖြင့် အလုပ်ရှုပ်နေခြင်းဟာ လူတစ်ယောက်၏ ပုခုံးစွန်းနှင့် ဝင်တိုက်မိမှ အသိဝင်လာရသည်။

"အိုးး .. တောင်းပန်ပါတယ်"
"တောင်းပန်ပါတယ်ဗျာ"

နှစ်​ယောက်​လုံးဆီက တောင်းပန်စကားတစ်ခွန်းဟာ တူညီစွာ ထွက်​လာ​တော့ မျက်​နှာကိုလည်း ပြိုင်​တူ​မော့ကြည့်​မိကြသည်​။ ကြည်လင်သော စကားသံလေးနှင့် လိုက်ဖက်စွာ ကြည့်ကောင်းသော အမျိုးသားတစ်ဦးသည် စိမ်းရှေ့၌ ရပ်နေသည်။ စိမ်းတို့ထက် အနည်းငယ် အသက်ကြီးပုံရပြီး ကြည်လင်နေသော မျက်နှာသွင်ပြင်နှင့် လိုက်ဖက်စွာ ကော်လံပါသည့် ရှပ်အင်္ကျီလက်ရှည်နှင့် ကချင်ပုဆိုးကို လိုက်ဖက်စွာ ဝတ်ဆင်ထား၏ ။ လူတစ်ယောက်ကို ပထမဆုံးအကြိမ် သေသေချာချာ ကြည့်မိခြင်း ဖြစ်ပြီး ထိုလူ၏ နှုတ်​ခမ်းပါးပါး ၊နှာတံစင်းစင်း နှင့် မျက်​နှာကျပုံကို ရင်းနှီးသလို ခံစားရသည် ။ တစ်ခါမှ မတွေ့ဖူးတာ သေချာသလောက်လည်း ရှိနေပြန်၏။

ရွက်ကြွေ (GL-OC)Where stories live. Discover now