part 35( zawgyi+ uni)

78.5K 6.1K 348
                                    

ဂျပန်မှာ ဆေးကုရသည့်တစ်လျှောက်လုံး သူသည် ကျွန်တော့်အနားမှာနေ၍ အစစအရာရာ ပြုစုလုပ်ကိုင်ပေးသည်။ မျက်နှာတစ်ချက် မပျက်စေရ။ မျက်ရိပ်မျက်နှာကဲ တကြည့်ကြည့်ဖြင့် ကလေးငယ်သည် ကျွန်တော့် အပေါ် အလွန်ကောင်းသည်။ ဘဝမှာ ကံကောင်းခြင်းတစ်ခုက ထိုကလေး၏ အချစ်ကို ရလိုက်တာပါပဲ ။ အခု မျက်စိခွဲပီးနောက် ပတ်တီးဖြည်ဖို့ အတွက် ဆရာဝန်များက ကိုယ့်မျက်လုံး၌စည်းထားသော ပတ်တီးကို စဖြည်နေပြီ။ ရင်တွေခုန်ရသလို စိုးရိမ်စိတ်ကလည်း တနင့်တပိုးပါ။

" ကဲ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ပါ"

ဆရာဝန်ရဲ့ စကားသံအဆုံး ကျွန်တော့်မျက်လုံးအား ဖြည်းဖြည်းချင်းဖွင့်ကြည့်မိသည်၊ စူးလင်းလှတဲ့ အလင်းရောင်ကြောင့် မျက်လုံးများ ကျိမ်းသွားသောကြောင့် ခဏပြန်ပိတ်လိုက်ရသည်။

" ဒေါက်တာ! ! "

ကျွန်တော် မျက်လုံးမှိတ်လိုက်ခြင်းမှာဘဲ ကလေးငယ်၏ စိုးထိပ်မှုအပြည့်ဖြင့် ဆရာဝန်အား အားကိုးတကြီးခေါ်လိုက်သည့် အသံကို ကြားလိုက်ရ၏။

" ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်ပါ Mr. "

မျက်လုံးများကို အားယူကာ ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ဝိုးတဝါးပုံရိပ်မှ ကျွန်တော့်အား စိုးရိမ်နေသည့် မျက်နှာလေးဖြင့် စိုက်ကြည့်နေသည့်ရှေ့က ကလေးငယ်ကို ကျွန်တော် ကြည်လင်ပြတ်သားစွာမြင်ခဲ့ရပါပြီ။

" ငယ် "

ဝမ်းသာလွန်း၍ မျက်ရည်များဝိုင်းကာ ကလေးငယ်ဆီလက်လှမ်းမိတော့  သွားညီညီလေးများပေါ်လာသည်အထိ ရယ်ကာ မျက်ရည်များကျ၍ ကျွန်တော့်အား ဖက်တွယ်လာသည်။

" မြင်ရပြီ ကိုယ်....ကိုယ် မြင်ရပြီ "

ရင်ခွင်ထဲမှ ကလေးငယ်သည် အသံမထွက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ငိုနေရှာသည်။ ဝမ်းသာလို့ကျတဲ့ မျက်ရည်ပေမဲ့ ကိုယ်မကြိုက်ဘူးလေ။

" မငိုပါနဲ့ကွာ  ဆရာဝန်တွေကြည့်နေတယ် မရှက်ဘူးလား ဟင် "

အဲ့တော့မှ ကလေးငယ်သည် ကျွန်တော့်ကိုဖက်ထားသည်မှခွာလိုက်ကာ ကျွန်တော့်ဘေး၌ ထိုင်လိုက်သည်။ ထို့နောက် ဆရာဝန်များအား ရှက်ပြုံးလေးဖြင့် ကျေးဇူးတင်စကားပြောကာ ကျွန်တော်လည်း ကျေးဇူးတင်ကြောင်းပြောလိုက်ပါသေးသည်။ နောက် တစ်ပတ်လောက် နေပြီးရင် ဆေးရုံက ဆင်းလို့ရပြီတဲ့ဗျာ ။

Sugar Daddy (Completed)Where stories live. Discover now