Chapter - 4

5.4K 507 7
                                    

Chapter 4: ဉာဏ်များတဲ့ မိန်းကလေး

" ခင်ဗျား ဘာလာကြည့်နေတာလဲ" သူ့ရဲ့ အသံက နက်ရှိုင်းကာ ကြည်လင်နေသည်။

လင်းချန် .. လူမိသွားတော့ စက္ကန့်ပိုင်းလောက် ရှက်ရဲရဲ ဖြစ်သွားမိ၏။ နောက်မှ ဟန်ကိုယ်ဖို့ အနေအထား ပြင်ရသည်။ ငါက ဘာလို့ ရှက်ရမှာလဲ။

သူ ထိုလူ့ကို တည့်တည့် ပြန်ကြည့်လိုက်၏။

ဆက်လက်မောင်းနှင်နေဆဲ ဖြစ်သည့် ကားသံနှင့်အတူ လိမ္မော်ရောင် မီးအလင်းရောင်က သူတို့ ခေါင်းထက်မှာ ရှိနေဆဲ။ ထိုလူက ခပ်မတ်မတ် ထိုင်နေလေပြီး၊ ဦးထုပ်ကိုလည်း တည့်တည့် ဆောင်းထားကာ မိမိကို ကြည့်နေလေသည်။

ထိုလူ့မျက်နှာက ဆွဲဆောင်မှု ရှိသည် ဆိုတာ ပြောစရာပင် မလို။ မျက်ဝန်းများ နက်မှောင်ကာ ကြည်လင်နေပုံက ရေကြည်အလား အလင်းပြန်နေ၏။ သူ့ရဲ့ ပါးရိုးမြင့်မြင့်တွေက သူ့မျက်နှာကျကို ပို ထင်ရှားအောင် ပြုပေးထားသလို ရှိသည်။ နှုတ်ခမ်းပါးပါးက စေ့ပိတ်နေပြီး၊ မတတ်သာမှသာ စကားပြောမည့် ပုံမျိုး ဖြစ်သည်။

အားလုံး ခြုံငုံကြည့်လိုက်တော့ ခန့်ညား ချောမောသည့် ရုပ်ရည်သွင်ပြင်-

လင်းချန် ထိုလူ့ကို ဖော်ရွေသည့် အပြုံးမျိုးလေး ပြုံးပြလိုက်သည်။

"ကျမ ရှင့်ကို ကြည့်နေတာပါ"

ထိုလူရဲ့ မျက်ဝန်းများမှာ ဘယ်လို ခံစားမှုမျိုးမှ မပေါ်လာဘဲ ကြည်လင် တည်ငြိမ်နေသည်။

လင်းချန် ဆက်ပြောလိုက်၏။

"ရှင်က ကျမ အရင်တုန်းက ဆုံဖူးတဲ့ စစ်သားတစ်ယောက်နဲ့ တူလို့ပါ။"

လင်းချန် ရှင်းပြလိုက်ပြီးတော့ သူ ဘာပြန်ပြောမလဲဟု စောင့်ကြည့်နေမိ၏။ ဒါကို ထိုလူရဲ့ လက်က မြောက်တက်လာပြီး ဦးထုပ်ကို ပြန်ဆွဲချလာသည်။ သူ စိတ်ဝင်စားစရာ မရှိတော့သည့်ပုံဖြင့် ခုံပေါ် ပြန်မှီ၍ နောက်တစ်ဖန် ပြန်အိပ်နေလေတော့သည်။

လင်းချန် ထိုလူ့ကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။

ဘတ်စ် ကားက မြို့ပြဧရိယာထဲ ဝင်လာလေပြီ။ မြို့ထဲမှ မီးရောင်များက ကားပြတင်းမှန်မှတဆင့် ဖြတ်ကျော်ဝင်ရောက်လာ၏။ ခရီးသည်များလည်း ထပ် တက်လာသောကြောင့် ကားထဲ လူပိုများလာသည်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now