Chapter - 62 (2)

2.7K 277 18
                                    

Chapter 62: မြို့ပြရဲ့ ကြယ်အလင်းများ (၂) (Warning ပေါက်စနလေး)

"ဟုတ်ပါတယ် .. ကျတော်က ဒီ့အရင်တုန်းက စစ်သားတစ်ယောက်ပါ။ ကျတော် အိုက်ဒါကို စစချင်း လက်လွှဲယူရချိန်တုန်းကဆို ကျတော့်ကိုယ် ကျတော် အရူးလုပ်နေခဲ့သေးတယ်။ လူတစ်ယောက်ဆိုရင် ကျတော့်ကို လုံခြုံရေး အဖွဲ့ခေါင်းဆောင် နဲ့ မှားပြီး ပစ္စည်းတွေ ကူသယ်ဖို့ တောင် ခိုင်းခဲ့ပါသေးတယ် .."

ပရိတ်သတ်မှာ တဟားဟား ရယ်ကြတော့သည်။ ခပ်ရဲရဲ လူတစ်ယောက်က ထမေးလာ၏။

"ဥက္ကဌ .. အဲ့လူ ဘယ်သူလဲ၊ သူ့ ဆုကြေးထဲက ဒဏ်ကြေး ဖြတ်လိုက်သင့်တယ် မဟုတ်ဘူးလား"

လင်းချန် သူ့အား ခပ်စူးစူး ကြည့်လိုက်မိသည်။ ရင်ထဲမှာတော့ ကြည်နူးနေ၏၊ ပါးပြင်များသည်လည်း ရှက်သွေးဖြင့် ရဲနေပြီ။ သူ ဒါကို တမင်သက်သက် ပြောတာ ..

ထင်ထားသလိုပင် လီရဲ့ အကြည့်စူးစူးတို့က လင်းချန်ရှိရာဆီ ရောက်လာ၏၊ သို့သော် ခန်းမက ကြီးမားလွန်းသည်မို့ တခုခု ထူးခြားနေပုံ မပေါက်ခဲ့။ လင်းချန်ရဲ့ အကြည့်တို့သာ သူနှင့် မျက်ဝန်းချင်း ဆုံမိပြီး ရင်ထဲမှ အသာအယာ လှုပ်ခတ်မှုကို ခံစားနေရသည်။

"ပြီးခဲ့တဲ့ နှစ် ဒီအချိန်တုန်းက လူတိုင်းပဲ ပြောကြတယ် - အိုက်ဒါကို ပြန်ကယ်လို့ မရတော့ဘူးတဲ့။ ဒီနှစ်မှာ ကျတော်တို့က ဒီလောကထဲက ချန်ပီယံ အဖြစ်နဲ့ ရပ်တည်နိုင်လာခဲ့ပြီ။"

"ပြီးခဲ့တဲ့ နှစ်မှာ ဗင်ဒါကို မိတ်ဆက်ခဲ့တယ်၊ ကျတော်တို့ရဲ့ ဝဘ်ဆိုဒ်တွေ ခိုးဝင်ခံရပြီး သန်း ၂၀ ငွေ ဆုံးရှုံးခဲ့တယ်။ ကျတော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့ အိုင်တီဌာနက လူအားလုံး ရုံးခန်းထဲမှာ မျက်ရည်ကျလုမတတ် ဖြစ်ခဲ့ရတယ်။ ဒီနှစ်မှာ ဗင်ဒါက ဒီလောကထဲ ရောင်းအားအကောင်းဆုံး ထိပ်ဆုံး ၅ခု စာရင်းထဲ ပါလာခဲ့ပြီ၊ အိုင်တီဌာနက လူတွေလည်း ကျေနပ်လောက်ဖွယ် ဆုကြေးတွေ ရရှိသွားကြပါပြီ .."

ပရိတ်သတ်က ထပ်ရယ်ကြပြန်သည်။

လီကျစ်ချန်းရဲ့ ခန့်ညားချောမွေ့သည့် မျက်နှာက တည်ငြိမ်နေသည်၊ သူ့မျက်ဝန်းတို့မှာ မီးအလင်းရောင်တို့ ရောင်ပြန်ဟပ်နေပြီး အဆုံးမဲ့နက်ရှိုင်းသည့် ပင်လယ်ပြင်အလား လူအားလုံး၏ နှလုံးသားကို သိမ်းပိုက်နေ၏။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now