Chapter - 61

2.7K 271 4
                                    

Chapter 61: မနက်ခင်း နှင်းရည်စက်များအလား

နောက်တစ်နေ့ မနက် ..

နင်းဝေ့ခိုင်း ရုံးတက်လာသည့် သက်တမ်းတလျှောက် ရုံးတက် အဝတ်အစားဖြင့် မဟုတ်ဘဲ သာမန် အဝတ်အစားဖြင့် ပထမဆုံး ရုံးတက်ခြင်း။

လက်ထဲ ကော်ဖီမတ်ခွက် တစ်ခွက် ကိုင်ထားကာ ရုပ်ရှင် မဂ္ဂဇင်း တစ်စောင်အား ဖတ်နေသည့် သူ့အသွင်က တည်တည်ကြည်ကြည်သာ။ ထိုအချိန်မှာ ယွမ်ကျွင်းက အတွင်းရေးမှုး နှစ်ယောက်အား နင်း ရဲ့ စာရွက်စာတမ်းများနှင့် ပိုင်ဆိုင်ပစ္စည်းများအား စက္ကူပုံးများဖြင့် သိမ်းဆည်း ထုပ်ပိုးခိုင်းထားသည်။ တံခါးအနီး၌ လေးထောင့်ပုံများ တစ်ခုပြီး တစ်ခု ထပ်ပုံလာသည်။ စုစုပေါင်းတော့ ဆယ်ပုံး မကျော်။ ဒါဟာ စီးပွားရေးလုပ်ငန်းကြီးကို ဦးဆောင်နေသည့် ဥက္ကဌတစ်ယောက် - ဘီလီယံနှင့် ချီသော ဥစ္စာဓနများကို စီမံခန့်ခွဲနေသူကြီးရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှု အားလုံးပင်။

ယွမ်ကျွင်းက အလွန် တည်ငြိမ်သူဖြစ်ပြီး အတွင်းရေးမှုးများကို ညွှန်ကြားချက်များ ပေးလျက်ရှိသည်။ သူနှင့် ဆန့်ကျင်စွာ ထိုအတွင်းရေးမှုးမလေး နှစ်ယောက်ကတော့ အသက်ပင် ရဲရဲ မရှုဝံ့။ ရုံးခန်းထဲရှိ အနေအထားက အင်မတန် တိတ်ဆိတ်နေပြီး သူတို့ရဲ့ မျက်နှာထားတွေလည်း တည်တံ့နေကာ .. တစ်ခုခု အမှားအယွင်းလုပ်မိမှာ ကြောက်နေကြ၏။ ပစ္စည်း သိမ်းဆည်းထုပ်ပိုးခြင်းက ခပ်မြန်မြန်ပင် ပြီးစီးသွားပြီ။

အတွင်းရေးမှုးမလေး နှစ်ယောက်မှာ လေလိုပင် အသာ ပြန်ထွက်သွားကြ၏။ ယွမ်ကျွင်း က လည်ချောင်းရှင်းသည့် အနေဖြင့် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ..

"မစ္စတာနင်း .. သူတို့ သိမ်းပြီးကြပြီ"

"ဟုတ်ပြီလေ" မဂ္ဂဇင်းကိုသာ အာရုံစိုက်နေသည့် နင်းဝေ့ခိုင်းရဲ့ ပြန်ဖြေသံက ယခင်နဲ့ မခြားနား။

ယွမ်ကျွင်း ထပ်မပြောတော့၊ သူ့ရဲ့ သူဌေးဟောင်းကြီးရဲ့ အနားမှာသာ ခပ်မတ်မတ်ရပ်ရင်း စောင့်ဆိုင်းနေမိသည်။

သိမ်းဆည်းပြီးသော်လည်း သူ ထွက်မသွားသေးသည်က စီအီးအိုရဲ့ အစီအစဉ်ဟာ ဘယ်လိုပဲ ဖြစ်နေပါစေ ထိုညွှန်ကြားချက်များအတိုင်း လိုက်လုပ်မည် ဖြစ်သောကြောင့်ပင်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now