Chapter - 30 (1)

3.4K 349 11
                                    

Chapter 30: Day and Night (1)

လင်းချန် က လီကျစ်ချန်းကို အနောက်တိုင်း စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်လာ၏။

အချိန်က ည ၉ နာရီပင် ကျော်နေပြီမို့ အတွင်းမှာ လူ သိပ်မရှိနေတော့။ ပြတင်းပေါက်မှ ကျွံထွက်လာသည့် အလင်းရောင်တို့ နှင်းဖုံးည ဆီသို့ ဖြာကျနေပုံက နေရာတစ်ခုလုံးကို ပို၍ပင် တိတ်ဆိတ်နေစေသည်။

စားပွဲထိုးလေးတစ်ယောက် အနားရောက်လာ၏။ လီကျစ်ချန်းက မီနူး ကို လှမ်းယူလိုက်ပေမဲ့ စားပွဲပေါ်သာ ချထားလိုက်သည်။

"ကျတော် အင်္ဂလိပ်လို သိပ်မကျွမ်းဘူး။ ခင်ဗျားပဲ မှာပေးပါ။"

လင်းချန် ကိုယ်ချင်းစာနိုင်ပါသည်။ တရုတ်လူမျိုး တော်တော်များများက ပြည်ပနိုင်ငံတွေ ရောက်ရင် စကားသိပ်မပြောချင်ကြ။ လီကျစ်ချန်းသည်လည်း စစ်သားတစ်ယောက် ဖြစ်ခဲ့သည်မို့ ယခင်က ကိုယ့်တိုင်းပြည်ထဲမှ ထွက်ခွာ ဖူးမည် မဟုတ်။ ဒီလူ သာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်နေမည်ဆိုပါက မယုံနိုင်ဖွယ်ရာသာ ဖြစ်ပေတော့မည်။

လင်းချန် ဝေ့ဝိုက်မနေတော့။ မီနူးကို ယူကာ ဆိုင်းငံ့ခြင်းမရှိဘဲ အင်္ဂလိပ်စကားဖြင့် စားပွဲထိုးလေးအား ဟင်းအမည်တချို့ မှာလိုက်သည်။ နောက်တော့ မိမိနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသော လီကျစ်ချန်းဘက် တချက်ခိုးကြည့်ပြီး ပိုမြန်သော နှုန်းဖြင့် စားပွဲထိုးလေးအား မှာပေးလိုက်၏။

"သူက ခရမ်းချဉ်သီးဆော့စ် မစားဘူး။ အဲ့ဒါကြောင့် ဟင်းတွေထဲ အဲ့ဒါတွေ မထည့်ပါနဲ့။ သူက အမဲသားကိုလည်း အတုံးကြီးကြီး တုံးတာ ပိုကြိုက်တယ်။ ကြက်သွန်လည်း မထည့်နဲ့နော်၊ သူက အဲ့ဒါတွေ မကြိုက်ဘူး။ ဒီဆိုင်က လက်ဖက်ရည် ပေးလား။ အင်း .. လက်ဖက်ရည် ရရင် ရပြီ။ ဗြိတိသျှ လက်ဖက်ရည်ဆို ပိုကောင်းမယ်။ ..ဟင့်အင်း သူက နို့လက်ဖက်ရည် လုံးဝ မသောက်ဘူး .."

တဖက်လူအား အသေးစိတ် ရှင်းပြနေချိန်မှာ၊ ရုတ်တရက် မိမိထံသို့ အကြည့်စူးစူးတို့ ကျရောက်လာသည်ကို သတိထားမိလိုက်သည်။

သို့သော်လည်း လင်းချန် ခေါင်းပင့်ကြည့်မိချိန်မှာတော့ လီကျစ်ချန်းရဲ့ အကြည့်တို့က အနည်းငယ် အောက်စိုက်သွားချေပြီ။ သူက သူ့ရှေ့မှ ရေဖန်ခွက်ကို ယူကာ ဖြည်းဖြည်းချင်း သောက်နေ၏။ အရာအားလုံးက ပုံမှန် အတိုင်းပင်။

မင်းနဲ့ ကိုယ့်ရဲ့ နေ့စွဲများ (Unicode)Where stories live. Discover now