Chapter - 26 (နောက်တစ်ခါကျရင်...)

7.8K 1.2K 17
                                    

[Zawgyi]

ကျောင်းဆရာဝန်က နဉ်ရှုကို ငုံ့မိုးကြည့်လိုက်ပြီး ပြောလေသည်။

"မင်းက တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းတာပဲ။"

ဒီစကားကို ကြားတဲ့အခါ နဉ်ရှုမင်သက်သွားပြီး ကျောင်းဆရာဝန်ကို အံ့သြစွာ ကြည့်လိုက်မိလေသည်။ ဒီလူက အမျိုးသားဇာတ်လိုက် မဟုတ်နိုင်ပါဘူးနော်!? သူမ ကျောင်းဆရာဝန်ကို စူးစမ်းလိုက်ပြီး ဇာတ်လမ်းက ဖော်ပြတဲ့ အမျိုးသားဇာတ်လိုက်ရဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်သည်။

အမျိုးသားဇာတ်လိုက်ဟာ အမျိုးသမီးဇာတ်လိုက်လိုပဲ အကြင်နာတရားကင်းမဲ့ပြီး အနိုင်ယူလိုစိတ်များလေသည်။ ဒီနှစ်ယောက် အချင်းချင်းသဘောကျသွားတာက သူတို့နှစ်ယောက်ရဲ့အကျင့်က တူလွန်းလို့ဖြစ်ပြီး ဒါကြောင့်ပဲ တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်တယ်လို့ ခံစားရတာဖြစ်လေသည်။

"အန်ကယ်က ဘယ်သူလဲ? အနကယ့်နာမည် ဘယ်လိုခေါ်လဲ?"
နဉ်ရှုမေးလိုက်သည်။

ကျောင်းဆရာဝန်က သူမမျက်နှာပေါ်က ရှုပ်ထွေးမှုတွေကို သိလေတယ်။

"မင်း ဘာလို့ ကိုယ့်နာမည်ကို သိဖို့လိုတာလဲ? တစ်ချိန်လုံး အန်ကယ်လို့ပဲ ခေါ်နေတာ မဟုတ်ဘူးလား။ အန်ကယ်လို့ပဲ ဆက်ခေါ်လို့ရတယ်။"

နဉ်ရှု ဒီလူကို ဟာသလုပ်တဲ့အနေနဲ့ အန်ကယ်လို့ တမင်ခေါ်တာဖြစ်လေသည်။ သူက အသက်မကြီးသေးပေ။ အန်ကယ်လို့ခေါ်တာက သူမက ငယ်နေလို့ပဲဖြစ်သည်။

သူမဘာလို့ သူ့နာမည်ကို သိချင်ရတာလဲဆိုတော့ သူက ကြောက်စရာကောင်းတဲ့အမျိုးသားဇာတ်လိုက် ဟုတ်၊ မဟုတ် သိချင်လို့ပင်။

ကျောင်းဆရာဝန်က သူ့ရဲ့အနက်ရောင်လေကာအင်္ကျီ ကြီးကို ဝတ်ပြီး ခပ်မိုက်မိုက်လျှောက်သွားတာကို နဉ်ရှုရပ်ကြည့်နေရင်း စိတ်မသက်မသာ ခံစားလိုက်ရလေသည်။ သူမဇာတ်လမ်းကို ပြန်စဉ်းစားလိုက်သည်။ ဇာတ်လမ်းထဲမှာ အမျိုးသားဇာတ်လိုက်က ကျောင်းဆရာဝန်လို့ ပြောမထားဘူး ထင်တာပဲ။

အမျိုးသားဇာတ်လိုက်က သွေးထွက်သံယို ချခန်းသတ်ခန်းတွေနဲ့ပဲ လိုက်ဖက်ပြီး ကျောင်းဆရာဝန်တစ်ယောက်ပုံစံနဲ့ မလိုက်ဖက်ပေ။ အဲ့လိုသာဆိုရင် သူကဘယ်သူလဲ? ဇာတ်လမ်းထဲမှာ ဒီလိုဇာတ်ကောင်မျိုး မပါသလိုပဲ။

Campus Cultivation Crisis (Arc - 1) [Myanmar Translation]Where stories live. Discover now