အပိုင်း(၂၇)သရုပ်မှန်-၂

482 29 6
                                    

ဘီယာဘူးခွံတွေ အရက်ပုလင်းခွံတွေနဲ့ပြည့်နှက်နေတဲ့ အိပ်ခန်းကျယ်ကြီးက မသိရင်စွန့်ပစ်ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင်ပျက်ကြီးတစ်ခုလိုပဲ အရက်ပုလင်းခွံတွေကြားထဲမှာတော့ အတော်လေးစိတ်ရှုပ်ထွေးနေပုံရတဲ့လူတစ်ယောက်က ဒူးခေါင်းနဲ့မျက်နှာကိုအပ်ပြီး ကျူံ့ကျူံ့လေးထိုင်နေတယ်။

ညဏ်းဧကရာဇ် အိပ်မရဖြစ်ခဲ့တာ ဒီနေ့နဲ့ဆို တစ်ပတ်ကျော်ကျော်လောက်ရှိခဲ့ပြီ နေအဂ္ဂါသူ့ကိုစွန့်ပစ်သွားခဲ့တာလည်း မကြာခင်မှာတစ်လဆိုတဲ့အချိန်ကိုရောက်လာတော့မည်။ နေအဂ္ဂါတစ်နေ့နေ့သူ့ဆီပြန်လာမှာပဲဆိုတဲ့အတွေးနဲ့ သူ့အိမ်တံခါးကိုဘဲလ်သွားတီးရတာလဲ သူ့ရဲ့နေ့စဥ်အလုပ်တစ်ခုလိုဖြစ်နေပြီ။ သူ့စိတ်ဓာတ်တွေကိုရိုက်ချိူးပစ်မဲ့ အဲ့ဒီ့နေ့မရောက်လာခင်အထိပေါ့။

တစ်နေ့ သူနေအဂ္ဂါ အိမ်ရှေ့မှာ ထုံးစံအတိုင်းဘဲလ်တီးခဲ့တယ် မထင်မှတ်ထားလောက်အောင် တံခါးကပွင့်လာခဲ့ပြီး တံခါးနောက်ကွယ်မှာရှိနေတဲ့ လူကတော့ နေအဂ္ဂါ မဟုတ်ပါပဲ သူ့ကိုမျက်လုံးရွဲကြီးတွေနဲ့ ငေးကြည့်နေတဲ့ ဆယ်နှစ်အရွယ်ကလေးမလေးတစ်ယောက်။ သူ့စိတ်ထဲ အချက်ပြသံတွေဝုန်းဒိုင်းကျဲပြီးတဲ့နောက်မှာတော့ နေအဂ္ဂါဒီအိမ်ကိုရောင်းသွားပြီဆိုတာ သဘောပေါက်လိုက်တယ်။ အဲ့ဒါကပဲ နေအဂ္ဂါဘယ်တော့မှသူ့ဆီပြန်မလာတော့ဘူးဆိုတာသေချာသွားခဲ့သလို နေအဂ္ဂါသူ့ကိုဘယ်လောက်တောင် စိတ်နာသွားခဲ့သလဲဆိုတာ တွေးမိရုံနဲ့သိသာတယ်။

နေအဂ္ဂါသူ့နားမှာမရှိတော့ဘူးဆိုတဲ့အတွေးက သူ့ခန္ဓာကိုယ်ကို ဘယ်ကမှန်းမသိတဲ့ အရိပ်လိုလက်မဲတွေက ချောက်ကမ်းပါးတစ်ခုထဲကိုတွန်းပို့နေသလိုကြောက်ရွံ့ဖွယ်အတိနဲ့။ ကြောက်ရွံ့လွန်းလို့ အိပ်မရတဲ့ညဆိုးတွေက သူ့ခန္ဓာကိုယ်ကို အနိုင်ယူသွားခဲ့တယ်ထင်တယ် သူတို့နှစ်​ယောက်ရဲ့ညစ်ထွေးမှုတွေနဲ့ တစ်ခါတစ်ရံ ကြည်နူးဆွတ်ပျံ့ဖွယ်အခိုက်အတန့်လေးတွေ နေအဂ္ဂါရဲ့ခပ်ထေ့ထေ့ရယ်သံလေးတွေနဲ့ ဒေါသဖြစ်လွန်းလို့ မိုးမွှန်အောင်ဆဲရေးသံလေးတွေ ကောင်းကောင်းဆိုးဆိုးအမှတ်တရတွေအားလုံးက ဒီအိမ်ထဲမှာပဲဖြစ်တည်ခဲ့တာမို့ သူ့အတွက်ဒီအိမ်ကိုစွန့်လွှတ်ဖို့ခက်ခဲတယ်။ အဲ့ဒါ​ကြောင့်ပဲ နည်းမျိူးစုံသုံးပြီး မနည်းပြန်ရအောင်ဝယ်ထားခဲ့ရတယ်။

Before I Fall You[Completed]Where stories live. Discover now