Part 2

103 7 1
                                    

Ryuနှင့် Naoတို့က တစ်လမ်းတည်းတွင် နေကြပြီး Hagumiကတော့ သူတို့နဲ့ နှစ်လမ်းအကျော်တွင်နေသည်။

                           Day 5

သည်ကနေ့ကတော့ မိုးရွာသည်။ ငယ်ငယ်တည်းက ထီးယူသော အလေ့အကျင့်မရှိသည့် ယောကျ်ားလေးနှစ်ယောက်က မိုးကို ကြည့်ပြီး ညည်းတွားနေကြစဉ် Hagumiသည် လွယ်အိတ်ထဲက ခေါက်ထီးအနီရောင်လေးကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်လိုက်ပြီး သူတို့ရှေ့မှာ ဖွင့်ပြလိုက်သည်။ ဟိုနှစ်ယောက်ကလည်း ဘဝမှာ တစ်ခါမှ ထီးကို မမြင်ဖူးသလို အံ့ဩတုန်လှုပ်စွာ ကြည့်နေကြသည်။
"ကဲ၊ bye bye။"
Hagumi ထီးလေးဆောင်းပြီး ကော့ကော့ ကော့ကော့ ထွက်သွားရာ Ryuနှင့် Naoတို့ ပြေးလိုက်လာပြီး ထီးကပ်ဆောင်းကြသည်။ ထီးမဆံ့လို့ဆိုတာထက် အချင်းချင်း ဟိုတွန်းဒီတွန်းလုပ်နေသည်က စင်သော ရေစက်များကြောင့် အောက်ပိုင်းတစ်ခုလုံး စိုနေကြသည်။ စက်ဘီးများ ရပ်ထားသော နေရာနှင့် မလှမ်းမကမ်းတွင်တော့ မိုးခိုရာနေရာလေးတစ်ခုရှိသည်။

သူတို့ ဒီနေရာမှာ အချိန်အတော်ကြာအောင် စောင့်နေသော်လည်း မိုးကတော့ ရပ်မည့်သဘောမရှိ။ ရွာမြဲရွာနေတုန်း။ ပြင်းထန်စွာ စီးကျလာသော မိုးရေစက်များမှာ တိုက်တာ၊ အိမ်ခေါင်မိုး၊ တံတား၊ လမ်းကြိုလမ်းကြားတွေထဲမှတစ်ဆင့် မြောင်းများထဲသို့ အလျှံအပယ် စီးဝင်နေကြသည်။ လမ်းပေါ်တွင် အလျှင်စလို ဖြတ်သန်းသွားလာနေကြသော ကားများမှလွဲ၍ လူသွားလူလာ အတော်နည်းသွားပြီဖြစ်သည်။
"ပြန်ရအောင်။ မိုးကတိတ်မယ်မထင်ဘူး။"
Hagumiက စကားစလိုက်သည်။
"ပြီးတော့ ငါဒီနေ့ အိမ်မှာ guideနဲ့ ချိန်းထားတာ ရှိတယ်။ အရမ်းနောက်ကျလို့ မဖြစ်ဘူး။"
"အေး။ ဒါဆိုလည်း သွားကြတာပေါ့။"
Ryuက မတ်တပ်ရပ်ပြီး ခြေဆန့်လက်ဆန့် လုပ်လိုက်သည်။ Naoကတော့ ယောင်ချာချာလေးနဲ့ မိုးရေများကိုသာ ကြည့်နေသည်။

စက်ဘီးတွေကိုယ်စီနှင့် အိမ်အပြန်လမ်းမှာ စိုစိုစွတ်စွတ် ရှိလှသည်။ မိုးရေတွေ တအားရွှဲမှာစိုးလို့ ဘာစကားမှ မပြောဘဲ မြန်မြန်လေး နင်းဖြစ်ခဲ့ကြသည်။ လမ်းခွဲမှာတော့ Hagumiက Ryuနှင့် Naoတို့ကို နှုတ်ဆက်ထွက်ခွါသွားသည်။ Ryuလည်း လမ်းထိပ်တွင် ရှိသော Nao၏ အိမ်ထဲကိုသာ ထိုးနင်းလာခဲ့သည်။ တစ်လမ်းတည်းနေခြင်း ဖြစ်သော်လည်း Ryu၏ အိမ်က လမ်းဆုံးတွင် ရှိပြီး Nao၏ အိမ်က လမ်းထိပ်နားတွင် ရှိနေခြင်းဖြစ်သည်။ စက်ဘီးရပ်ပြီးနောက်တွင်တော့ နှစ်ယောက်သား အိမ်ထဲကို မောကြီးပန်းကြီးနှင့် စိုစိုရွှဲရွှဲ ဝင်လာခဲ့ကြသည်။

He's mine Where stories live. Discover now