Part 29

33 2 4
                                    

"အမေ့ကြည့်ရတာ အရမ်းဒေါသထွက်သွားတဲ့ပုံပဲ။"
"ဒေါသထွက်တယ်? ဒေါသထွက်တာ မဟုတ်ရပါဘူး။ shock ဖြစ်သွားတာပါ။ ဘယ်သူမဆို သူမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်က အထီးဖြစ်မယ်လို့ ထင်ပြီးခါမှ အမဖြစ်နေမယ်ဆိုရင်တော့ shock ဖြစ်မှာ သဘာဝပဲလေ။"
"ဥပမာက ဘယ်လိုကြီးလဲဗျ။ ပြီးတော့ ကျွန်တော်က အမ မပြောင်းပါဘူး။ အထီးက အထီးပဲပါပဲ။"
"topတော့ ဖြစ်မနေဘူးလေ။"
Rohito ကတော့ ထုံးစံအတိုင်း ကြိတ်ရယ်နေလေသည်။
"အဖေ!! ကလေးလည်း မဟုတ်ဘဲ ဘာလို့ လိုက်စနေတာလဲလို့!"
"မစတော့ဘူး။ မစတော့ဘူး။ စိတ်မဆိုးနဲ့။.....အဖေ သားကို လက်ဆောင်တစ်ခု ပေးရဦးမယ်။ မေ့တော့မလို့။"

Rohito သည် အခန်းထောင့် တစ်နေရာသို့ သွားပြီး လက်ဆောင်ဘူးကြီးတစ်ဘူး ယူလာသည်။ သူက လက်တစ်ပိုက်စာလောက် ကြီးပြီး လေးမည့်ပုံ။
"ဘာကြီးလဲဟင်။"
"ဖွင့်ကြည့်လေ။"
Rohito က စားပွဲပေါ်သို့ တင်ပေးလိုက်တော့ Nao က ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

သူမြင်လိုက်ရသည်ကတော့ တောင်တန်းများနှင့် ဥရောပ အလယ်ခေတ်ပုံစံ အိမ်လေးများ၊ ရထားလမ်းနှင့် လမ်းမထက် သွားလာနေသော လူများ၏ ပုံစံငယ် နှစ်ဖက်ပွင့် boxဖြစ်သည်။
"ဝါး...."
Nao က စိတ်လှုပ်ရှားစွာဖြင့် အာမေဋိတ်အသံ ထွက်သည်။
"အရမ်း လှတာပဲ။"
Rohito က boxနံရံတစ်ခုက ခလုတ်ကို နှိပ်လိုက်တော့ အိမ်မီး၊ ရထားမီးနှင့် ကောင်းကင်က ကြယ်လေးများက မီးလင်းလာသည်။
"သဘောကျလား။"
"အရမ်းသဘောကျတာပေါ့။"
"မင်း အသက် ၁၃နှစ်ပြည့်ရင် ဒီအရုပ်လေး လက်ဆောင် ပေးချင်ခဲ့တာ။ ဒါပေမဲ့ အခွင့်ရေး မရခဲ့ဘူး။"
"သား၁၆နှစ်ပြည့်မွေးနေ့ ပြီးတာ မကြာသေးဘူး။ ဒီတော့ ၁၆နှစ်ပြည့် မွေးနေ့လက်ဆောင်လို့ပဲ သဘောထားလိုက်မယ်။"
"ငါ့သားလေးက ချစ်ဖို့ကောင်းလိုက်တာ။ ငါ့အတိုင်းပဲ။"
Rohito က Nao ၏ ခေါင်းကို ပွတ်သပ်ပြီး ပြောလိုက်သည်။ ဖခင်တစ်ယောက်ဆီက ရသော နွေးထွေးကြင်နာမှုသည်လည်း မဆိုးလှပါဘူးဟု Nao တွေးမိသည်။
"......ဒါပေမဲ့ ဘာလို့ အသက်၁၃နှစ်မှ ပေးချင်ရတာလဲ။"
Rohito အနည်းငယ် တန့်သွားပြီး Nao၏ ခေါင်းပေါ်မှ သူ့လက်ကို ပြန်ရုတ်လိုက်သည်။
"အဖေ့ဘဝမှာ အခက်အခဲတွေက အသက်၁၃နှစ်မှာ စုပြုံလာခဲ့တာလေ။ ဒီတော့ ငါ့သား အသက် ၁၃နှစ်ပြည့် မွေးနေ့လေးမှာတော့ အကောင်းဆုံးတွေ အဖေ ပေးချင်ခဲ့တာ။.....ဒါက အဖေကိုယ်တိုင် လုပ်ထားတာလေ။ ဘယ်လိုလဲ။ မင်းအဖေ မိုက်တယ် မဟုတ်လား။"
"မိုက်တာပေါ့။"
"ဒါပဲ။ မင်းအဖေပဲ။ မိုက်ရမှာပေါ့။"
Nao စိတ်မကောင်းမဖြစ်အောင် လမ်းကြောင်းလွှဲပေးသည့် Rohito ၏ အားထုတ်မှုမှာ အောင်မြင်သွားသည်။ Nao တစ်ယောက် အရုပ်ကြည့်ရင်း၊ စိတ်လှုပ်ရှားရင်းနှင့်သာ စောစောက ကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည်။
"အဖေ၊ ဒီအရုပ်လေး သုံးရုပ်က သားတို့လား။"
Nao က အထင်ရှားဆုံး၊ အရောင်စုံဆုံး အရုပ်သုံးရုပ်ကို လက်ညှိုးထိုးပြီး ပြသည်။
"ဟုတ်တယ်။ ဒါက အဖေ၊ ဒါက Chiko၊ ဒါကတော့ အဖေ့ရဲ့ နှင်းလုံးလေးပေါ့။"
Nao သွားများ ပေါ်သည်အထိ ပြုံးရင်း သဘောကျနေလေသည်။ သားဖြစ်သူအား ပထမဆုံးအကြိမ် ပျော်ရွှင်အောင် လုပ်ပေးနေရသဖြင့် Rohito ၏ ရင်ထဲမှာ ဘလင်းဘလင်း ထနေလေသည်။ သူတို့မိသားစု သုံးယောက် အတူတူ နေရရင် ရလာမည့် ပျော်ရွှင်မှုများကို သူမမှန်းတတ်တော့ပါ။

He's mine जहाँ कहानियाँ रहती हैं। अभी खोजें