Part 11

57 4 0
                                    

"သားအဖေနဲ့ အမေက ကျောင်းမှာတည်းက သိခဲ့ကြတဲ့ အတန်းဖော်တွေ။ ဒါပေမဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ မဟုတ်ဘဲ တစ်ခန်းတည်းမှာ အတူရှိကြတဲ့ အတန်းဖော်တွေ သာသာပဲ။ သူနဲ့ အမေက ယှဉ်ပြောရရင် တောင်နဲ့ ပင်လယ်လိုပဲ။ ဆန့်ကျင်ဘက်တွေ။ အမေ သူ့ကို စသတိထားခဲ့မိတာ သူ့အမှတ်တွေကြောင့်ပဲ။ ဘယ်အချိန်ကြည့်ကြည့် စာမလုပ်တဲ့လူက အမြဲလိုလို ဘာသာရပ်တိုင်းမှာ အမှတ်ပြည့် ရနေခဲ့တယ်။ ဒီတော့ အမေ့လို စာဂျပိုးက သူ့အပေါ်မှာ ထားတဲ့ ပထမဆုံး ခံစားချက်က မနာလိုမုန်းတီးခြင်းပဲ။ သူကတော့ အမေ့ကို သတိထားမိပုံတောင် မပေါ်ပါဘူး။ အမေကတော့ အဲဒါတွေကြောင့်ပဲ သူ့ကို သတိထားစောင့်ကြည့်နေတယ်ဆိုပါတော့။ ကြာလာတော့ အမေသိလာခဲ့ရတာက သူ့ဘေးနားမှာ လူတွေအများကြီးရှိတယ်ဆိုပေမဲ့ သူဟာ အထီးကျန်တဲ့ လူတစ်ယောက်ပဲဆိုတာ။ အဲဒါကြောင့် အမေ သူ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့ ဒုတိယ ခံစားချက်က သနားခြင်းပဲ။ တစ်နေ့တော့ သူလူအချို့နဲ့ ရန်ဖြစ်ပြီး ဒုက္ခရောက်နေတဲ့ အချိန်မှာ အမေ သူ့ကို ကူညီပေးခဲ့တယ်။ ဖြစ်ချင်တော့ သူက အမေသူ့ကို လိုက်စောင့်ကြည့်နေတာ သိနေခဲ့တယ်တဲ့။ ပြီးတော့ သူ့ကို သဘောကျနေတာလားလို့ မေးတယ်။ အစကတော့ အမေလည်း ဒေါသထွက်ပြီး ငြင်းပေမဲ့ နောက်ပိုင်း ကိုယ့်ဘာသာကိုယ် ပြန်တွေးကြည့်တော့ စိတ်တွေ ရှုပ်ထွေးလာတယ်။ သူ့ကို သဘောကျလား မကျလားဆိုတာ မပြောတတ်တော့ဘူး။ အမေသူနဲ့ တဖြည်းဖြည်း ရင်းနှီးလာတော့ အမေစိတ်ရှုပ်ထွေးနေတဲ့အကြောင်း သူ့ကို ဖွင့်ပြောပြလိုက်တယ်။ ဒီတော့ မင်းအဖေက အားရပါးရရယ်တယ်။ ပြီးတော့ မင်းအဖေက ဘာဆက်လုပ်တယ်ထင်လဲ။"
Naoရိုးသားစွာ ခေါင်းခါပြလိုက်သည်။
"အမေ့ကိုနမ်းတယ်။ ပြီးတော့ မေးတယ်။ အခုငါ့ကို သဘောကျလားဆိုတာ သေချာပြန်စဉ်းစားတဲ့။"
"ဒီတော့ အမေသိသွားလား။"
"တကယ်တော့ သူ အမေ့ကို နမ်းတဲ့ အချိန်မှာကို အမေသဘောပေါက်သွားခဲ့တာ။ သူ အမေ့နားမှာရှိရင် ဘာကြောင့် ရင်ခုန်လဲဆိုတာ။ သူအခြားတစ်ယောက်နဲ့ ရှိနေရင် ဘာကြောင့် နာကျင်လဲဆိုတာ။ သူအနားမှာ မရှိရင် ဘာကြောင့် ပုံမှန်ထက် အထီးကျန်လဲဆိုတာ အမေသိသွားခဲ့တယ်။ အမေ့ခေါင်းထဲက ရှုပ်ထွေးမှုတွေအားလုံး လွင့်စင်သွားပြီး အမေသိလိုက်တာက သူ့ကို အရူးအမူး ချစ်နေတယ်ဆိုတာပဲ။"
Michiko က သူမခင်ပွန်းအကြောင်းကို ဒီနေရာမှာ အဆုံးသတ်လိုက်ပြီး သားဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်သည်။ Naoကို ကြည့်ရသည်မှာ သူလိုချင်သည့်အဖြေ ရသွားသည့်ပုံ။ လူကြီးစိတ် တစ်စက်မှမရှိဘဲ အထက်တန်းကျောင်းသားအရွယ်အထိ ကလေးဆန်နေသောကြောင့် တစ်သက်လုံး လူပျိုကြီး လုပ်တော့မည်လားဟု သူမထင်ခဲ့ဖူးသည်။ ဒါပေမဲ့ အဲဒီလိုဖြစ်ပုံမပေါ်။ Naoလည်း နောက်ဆုံးတော့ အခြားလူတွေလိုပဲ သီးချိန်တန် သီးပြီး ပွင့်ချိန်တန် ပွင့်ပြီးတကား။

သူ့အမေ၏ အချစ်ဇာတ်လမ်းကို နားထောင်ပြီးနောက် Nao၏ ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ပြည့်နှက်နေခဲ့သည်။
"အနမ်းတဲ့လား။"
.
.
.
.
.
"Nao၊ Nao..."
ခေါင်းထဲ၌ Ryuအသံကို ကြားနေရသည်။ သူ့အသံက ဝေးနေသလိုနှင့် နီးနေပြန်သည်။ အိပ်မက်လား လက်တွေ့လား မသိလောက်အောင် ဝေဝါးနေလွန်းသည်။
"Ryu၊ မင်းဘယ်မှာလဲ။"
သူသည် မြူတွေထဲ ရောက်နေသလို လက်ကို ဝှေ့ယမ်းပြီး အသံလာရာဘက်ကို ဖမ်းဆုပ်ကြည့်နေသော်လည်း ဘာမှ သူ့လက်ထဲ မရောက်လာ။
"Ryu၊ ငါဒီမှာလေ။ မင်း ဘယ်မှာလဲ။"
ဟိုဘက်ဒီဘက် လှည့်ကြည့်နေချိန်တွင် ယောကျ်ားတစ်ယောက်၏ အရိပ်ကို တွေ့လိုက်ရသည်။
"Ryuလား။"
Naoသည် အရိပ်ရှိရာဆီသို့ လျှောက်သွားသည်။

အစက Ryuဟု ထင်နေသော်လည်း နီးလေနီးလေ မဟုတ်မှန်း သိလေသိလေဖြစ်သည်။ ထိုလူက Ryuထက် အရပ်အနည်းငယ်ပုပြီး ဆံပင်ပိုနက်သည်။ အနောက်တိုင်းအင်္ကျီအနက်ရောင် ဝတ်ထားပြီး သူ့လက်ကနေ ဆေးလိပ်အငွေ့တွေ တထောင်းထောင်း ထွက်နေသည်။ ထိုဆေးလိပ်နံ့ကို Naoသိနေသည်။ မိခင်ဝမ်းထဲကနေစ၍ သိနေခဲ့သည့် အနံ့မျိုး။ တော်တော်ကို ရင်းနှီးနေသည်။
"ဟိုလေ၊....ခင်ဗျားက ဘယ်သူလဲဟင်။"
Nao၏ အသံကို ကြားလိုက်သောအခါ ထိုလူက သမင်လည်ပြန်ကြည့်သည်။ Naoကြည့်သာကြည့်နေသော်လည်း သူ့မျက်နှာဟာ ဘယ်လိုပုံစံလဲဆိုတာ မမြင်ရပါ။ ခန့်ညားသော လူတစ်ယောက်ဆိုတာပဲ ပြောနိုင်သည်။ သူက Naoကို ပြုံးပြရင်း
"Nao၊###။"
သူ့နာမည် ခေါ်လိုက်သံပဲ Naoကြားရသည်။ နောက်စာကြောင်းကို မကြားရ။
"ဘာတွေပြောနေတာလဲဗျ။ မကြားရဘူး။"
"Nao၊ Nao၊ ထတော့။"
Naoဆတ်ခနဲ မျက်လုံးပွင့်သွားသည်။ သူ့မျက်နှာပေါ်မှ ချွေးစက်တွေ ကျနေသည်ကို သူခံစားရသည်။

သူ့မျက်လုံးရှေ့မှာတော့ သူ့ကို ထိုင်ကြည့်နေသော Ryuကို တွေ့လိုက်ရသည်။
"မင်းတော်တော် အိပ်ပျော်နေတာပဲ။ ငါနှိုးနေတာကြာပြီ။ အခုမှပဲ နိုးတော့တယ်။"
"မင်းက ငါ့အခန်းထဲမှာ ဘာလုပ်နေတာလဲ။"
"ကျောင်းသွားရမယ်လေ။ အတိတ်မေ့နေပြီလား။"
"ဟုတ်သားပဲ။ ငါလုံးဝမေ့နေတယ်။"
"နေကောင်းရဲ့လား။ ကျောင်းသွားလို့ ဖြစ်ရဲ့လား။"
"ဖြစ်ပါတယ်။ အဆိုးကြီး မဟုတ်ပါဘူး။"
Naoက သူ့ခေါင်းကို စမ်းကြည့်ပြီး ပြန်ဖြေသည်။ နာတော့နာနေသေးသော်လည်း သူထင်သလောက်တော့ မနာတော့ပါ။
"အရမ်းနာနေလား။"
"ဟင့်အင်း။"
Ryu၏ မျက်နှာအရောင် ပြောင်းသွားသည်ကို Nao သတိထားမိသည်။
"မင်း ငါ့ကို ကတိပေးထားပြီးပြီ။ အဲဒီကောင်တွေကို ဘာမှမလုပ်ရဘူးနော်။"

To be continue .......

He's mine Where stories live. Discover now