Part 4(Unicode)

2.4K 100 1
                                        

ကျယ်ဝန်းလှတဲ့ခြံဝန်းကြီးထဲမှာ ခမ်းနားထည်ဝါစွာ တည်ရှိနေသည့်ထိုအိမ်ကြီးကို ဘယ်နှခေါက်မှန်းမသိ ‌မော့ကြည့်မိပြန်သည်။ ကြီးမားသောတိုင်လုံးကြီးများနှင့် နို့နှစ်ရောင်လွှမ်းသော ထိုအိမ်ကြီးတွင် အကောင်းဆုံးဇိမ်ခံပစ္စည်းများ၊ လက်ရာမြောက်ကနုတ်ပန်းများဖြင့် မွမ်းမံချယ်သထားသော်လည်း လူသုံးယောက်သာနေသည်ကိုသိလျှင် အံ့သြကြရပေမည်။ အိမ်‌ရှေ့နှင့်ခြံဝထိကို အတော်လမ်းလျှောက်ရသေးသည်။ ကျောက်စရစ်ခဲလေးများစီတန်းချထားသည့် လမ်းငယ်ကလေး၏ဘေးတွင် စိန်းစိုသောမြက်ခင်းများနှင့် အရောင်အသွေးစုံသောပန်းပင်များရှိသည်။ မေဇင်ကျောင်းကပြန်လာလို့ ထိုလမ်းလေးတိုင်းလျှောက်ရင်း အိမ်ရှေ့ကိုရောက်လာတိုင်း အချိန်အတန်ကြာ ရပ်တန့်ငေးကြည့်မိဆဲပင်...။

မတူညီသောအသိုင်းအဝိုင်းက ကြီးမားသောကွာခြားမှုတွေ....။

ထိုခမ်းနားခြောက်ကပ်သော အိမ်ကြီးထက် စကားသံများဆူဆူညံညံနှင့် ခပ်သေးသေးအိမ်ငယ်လေးကို ပို၍နှစ်သက်မိသား....။

ထိုနေရာမှာရပ်နေမိတာကြာပြီမို့ မေဇင်လည်းအတွေးစကိုပြန်ဖြတ်ကာ ထိုအိမ်ကြီး၏အနောက်ဘက်တွင်ရှိသော အိမ်ငယ်လေးဆီဆက်လျှောက်လာခဲ့သည်။ ထိုစဉ်အနက်ရောင်ကားတစ်စီးသည် ခပ်ဖြည်းဖြည်းမောင်းလာရင်း မေဇင့်ဘေးတွင်ထိုးရပ်လိုက်သဖြင့် မေဇင်နောက်ကိုတစ်ချက်ဆုတ်ကာ စိုက်ကြည့်လိုက်သည်။

ထိုကားပေါ်မှ အနောက်တိုင်းဝတ်စုံခပ်သန့်သန့်ဝတ်ထားသော အသက်လေးဆယ်ကျော်အရွယ် ဉီးလေးကြီးတစ်ယောက်ဆင်းလာပြီး မေဇင့်ကိုပြုံးကာကြည့်သည်။

"သမီးကမေဇင်မင်းလားမသိဘူး..."

'ဟုတ်....ဟုတ်ပါတယ်"

မသိတဲ့သူတစ်ယောက်က စကားလာပြောတာမို့ ထိတ်ထိတ်ပျာပျာနှင့်ပင် ပြန်ဖြေကာ အိမ်ကိုဘဲပြေးထွက်သွားရင်ကောင်းမလား စဉ်းစားနေတုန်းတစ်ဖက်က စကားဆက်ပြောသည်။

"အန်ကယ်ကမောင်ဉာဏ်လင်းအဖေပါ....၊"

မေဇင်တစ်ကိုယ်လုံးရေခဲရိုက်ထားသလို အေးခဲသွားကာ ဇောချွေးများပြန်လာပြီး ချက်ချင်းမျက်လွှာကိုချလိုက်သည်။

ကျေးဇူးပဲမေရယ်Where stories live. Discover now