ကျေးငှက်အော်သံလေးများနဲ့ သာယာစွာနိုးထလာခဲ့သော ကရင်ပြည်နယ်ရဲ့မနက်ခင်း....၊
ကြီးမားခမ်းနားလှသော ဟိုတယ်ကြီးရဲ့အပေါ်ဆုံးထပ် ဝန်းရံတာကိုခြေချလိုက်သည်နှင့် တစ်ကိုယ်လုံးအေးခဲလုမတတ် အရိုးထဲထိအေးစိမ့်ကာ ချက်ချင်းပင်လက်နှစ်ဖက်ကို ယှက်ကာကွေးမိသည်အထိ....။ အရှိန်အဟုန်ဖြင့်တိုက်ခတ်လာသော မြောက်ပြန်လေက မေဇင့်မျက်နှာကိုခပ်ကြမ်းကြမ်း ဖြတ်တိုက်သွားသဖြင့် ထုံကျင်သွားကာ မျက်စိစုံမှိတ်ပြီးအံကိုကြိတ်ရင်း လွင့်မပါသွားအောင် တင်းခံထားရသည်။ တအိအိကျဆင်းနေသော မြူနှင်းများကြောင့် ကြွေပြားများခင်းထားသည့် တစ်ကိုယ်စာဝန်းရံတာလေးက စိုစွတ်နေပြီး သံလက်ရန်းလေးကတော့ ထိကြည့်လျှင်ရေခဲတုံးအမျှ အေးစက်နေမှာကိုတော့ အလိုလိုသိရသည်။
နှုတ်ခမ်းလေးတွေဖွင့်ဟပြီး လေပူအချို့မှုတ်ထုတ်လိုက်သည့်နှင့် လေထဲတွင်ဝဲပျံသွားသော အငွေ့လေးများကို မျက်စိဖြင့်ထင်ထင်ရှားရှားမြင်နေရခြင်းကို မေဇင်ငယ်ငယ်လေးကတည်းက ကြိုက်နှစ်သက်ခဲ့သည်။ ထို့ကြောင့်ပင်အခုချိန်ထိ ချမ်းတုန်အောင်မအေးတော့သော ဆောင်းရာသီရောက်လာတိုင်း မနက်ခင်းတစ်ချိန်တွင် တဟူးဟူးမှုတ်ရင်း အငွေ့လေးများပါးစပ်ထဲကထွက်လာသည်ကို ကြည့်ရင်းရယ်နေမိသေးသည်။
ရန်ကုန်ဆောင်းထက်ပိုအေးလှသော ဘားအံပြည်ရဲ့ဆောင်းမှာတော့ အေးစိမ့်နေသည့် ဝန်းရံတာမှာရပ်ရင်း တဟူးးဟူး တဟားဟားလုပ်ကာ ရယ်မောကျေနပ်နေတုန်း.......။
တကျီကျီမြည်နေသော ကျေးငှက်သံများကိုဖောက်ထွက်ကာ တဘွန်းဘွန်းမြည်လာသော ဆိုင်ကယ်သံကြောင့် ကြည်နူးစိတ်များပျောက်ထွက်ကာ အလိုလိုအသံကြားရာကို ငုံ့ကြည့်မိတော့ အရွယ်အစားကြီးလှသော လမ်းသရဲလိုလို လူမိုက်လိုလို သူများစီးတတ်သည့် motorbike တစ်စီးကို မြင်ရသည်။ ထို motorbike ကိုစီးလာသည့်သူကတော့ အမည်းရောင်ခပ်လန်းလန်း တစ်ခေါင်းလုံးစွပ်ထားသော helmet ကိုဆောင်းထားတာမို့ ဘယ်သူလဲတော့ အတိအကျမပြောနိုင်....၊ ထိုသူကရှေ့မှန်ကာကို အပေါ်ကိုလှန်တင်ကာ မေဇင့်ကိုမော့ကြည့်လိုက်တော့မှ ထင်ထင်ရှားရှား မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။

KAMU SEDANG MEMBACA
ကျေးဇူးပဲမေရယ်
Romansaဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...