Part 27(Unicode)

1.9K 69 1
                                        

လိမ္မော်ရောင်ရင့်ရင့်သမ်းနေသော နေမင်းကြီးသည် လှိုင်းလုံးများဖြင့်မငြိမ်မသက်ဖြစ်နေသော ပင်လယ်ပြင်အောက်သို့ ငုပ်လျှိုးပျောက်ကွယ်သွားဖို့ ပြင်ဆင်နေခဲ့ပြီ.....။

အဆုပ်လိုက်အဆုပ်လိုက် လွင့်နေသောတိမ်တိုက်များမှာ နီညိုရောင်ရဲတောက်လျက်...၊ ပင်လယ်ပြင်ကိုဖြတ်သန်းကာ တိုက်ခတ်လာသော လေပြင်းတို့သည် ဆားငံနံ့အငွေ့အသက်များကို ဆောင်ယူ၍ မီးရောင်မှိန်မှိန်အောက်တွင် အသက်ဝင်လျက်ရှိသော နေရာလေးသို့ဖြတ်သန်းသွားလေသည်။

နက်ပြာရောင်ပင်လယ်ပြင်ကိုနောက်ခံ၍ ဆောက်လုပ်ထားသော စတိတ်စင်မြင့်ကလေးသည် ပန်းခက်ပန်းဆွဲများဖြင့် ထည်ဝါလျက်ရှိပြီး၊ လေထဲတွင်ဝေ့ယမ်းလျက်ရှိသော မိုးပျံပူဖောင်းကလေးများသည် အစီအတန်းနေရာယူလျက်...၊ ပြာလွင်သောနှင်းဆီပန်းများစိုက်ထူထားသည့် ပန်းအိုးကလေးများကတော့ စတိတ်စင်၏တစ်ဖက်တစ်ချက်တွင် ရှိနေသည်။‌ စင်ပေါ်မှလှမ်းကြည့်လျှင် လမ်းတစ်လျှောက်ခင်းထားသည့် ကော်ဇောနီကြီးတစ်ခုရှိပြီး ဘေးနှစ်ဖက်မှာတော့ အဖြူရောင်စားပွဲခင်းများဖြင့်ဖုံးအုပ်ထားသည့် စားပွဲဝိုင်းများနှင့်ထိုင်ခုံများရှိနေသည်။

ညနေစောင်းလာသည်နှင့်အမျှ လူတွေတစ်စတစ်စများလာသော်လည်း ရင်းနှီးသူလူငယ်များကိုသာ ဖိတ်သည့်ပွဲမို့ အယောက်နှစ်ဆယ်ထက်တော့မပို..၊ စားပွဲဝိုင်းများတွင်လူပြည့်နေပြီဖြစ်သော်လည်း သတို့သားနှင့်သတို့သမီးကတော့ အရိပ်အယောင်ပင်မမြင်ရသေးပါ...။ စားပွဲဝိုင်းတစ်ဖက်တွင် မေဇင်တို့ရဲ့စီနီယာများရှိပြီး ကျန်တစ်ဖက်မှာတော့ ဒေါက်တာပေါက်စများဖြစ်နေပြီဖြစ်သည့် ဂျုနီယာလေးများရှိသည်။ မေဇင်ကဂျုနီယာကောင်မလေးများ၏ စားပွဲဝိုင်းတွင်ထိုင်ကာ ဝိုင်လေးတမြမြနှင့် ရီဝေလာပြီဖြစ်သောသူတို့ပြောသမျှကို နားထောင်ရင်းရယ်မောရင်း ကော်ဇောနီတစ်လျှောက်ကိုသာ ငေးကြည့်နေမိပါသည်။

မေဇင်ကနို့နှစ်ရောင်အပျာ့သား လည်ဟိုက်ကိုယ်ကျပ်အင်္ကျီလေးကိုဝတ်ကာ လည်ပင်းမှာတော့ ထင်းခနဲပေါ်နေသည့် နီရဲရဲပတ္တမြားဆွဲကြိုးလေးကိုဆွဲထားသည်။ body fit suit လေးဟာမေဇင့်ရဲ့ သွယ်လျသည့်ခန္ဓာကိုယ်လေးပေါ် ချပ်ချပ်ရပ်ရပ်ရှိနေပြီး ဒူးအပေါ်နားထိရှည်လျားကာ တဖိတ်ဖိတ်လက်နေသော ဇာအတွန့်လေးများဖြင့်အနားကွပ်ခြယ်သထားသည်။ ခါးထိရှည်လျားသောပိတုန်းရောင် ဆံနွယ်လေးများက လေတစ်ချက်တိုက်တိုင်း လွင့်၍နေပါသည်။ မေဇင့်ဘေးတွင်ထိုင်နေကြသည့် ကောင်မလေးတွေဟာလည်း အဖြူရောင်ဂါဝန်ကားကားလေးတွေဝတ်ထားပြီး ယောက်ျားလေးများသည်လည်း ရှပ်အဖြူ သို့မဟုတ်တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီတို့တွဲဝတ်၍ထားပေသည်။

ကျေးဇူးပဲမေရယ်Where stories live. Discover now