Part 23(Unicode)

2K 75 2
                                        

အခန်းတံခါးကိုတွန်းဖွင့်၍ ခပ်မှန်မှန်မျက်နှာထားမျိုးဖြင့် အခန်းထဲကိုလျှောက်ဝင်ဝင်ချင်းမှာဘဲ မဟော်ဂနီရောင်ကျွန်းစားပွဲခုံကြီးမှာ အခန်းသားထိုင်လျက် လက်ထဲတွင်အပင်ရေဖြန်းသည့် spray ဘူးကိုင်ကာတရွှီးရွှီးဖြန်းနေသော ဉာဏ်လင်းကိုလှမ်းမြင်လိုက်ရသည်။

သူ၏ရှပ်အင်္ကျီပြာဖျော့ဖျော့သည် ခေါက်တင်မထားသဖြင့် ဤသို့သပ်သပ်ရပ်ရပ်ဝတ်စားထားပုံအရ မီတင်တစ်ခုရှိသည့်ပုံပေါ်သည်။ နက်ပြာရောင်နက်ခ်တိုင်ကို သေချာစွာစီးနှောင်ထားပြီး အနက်ရောင်စတိုင်လ်ပဲန်နှင့် ပြောင်လက်နေသောဘွတ်ဖိနပ်အညိုကိုစီးထားသည်။ ကော်ဖီရောင်ရင့်ရင့်ဆံပင်ကို အလယ်ခွာကာဖြန့်ချထားသဖြင့် တစ်နည်းတစ်ဖုံလူငယ်ဆန်လှပြီး လက်တွင်ပတ်ထားသော ဒိုင်ခွက်ကြီးကြီးနာရီကတော့ ထင်ထင်ရှားရှားရှိနေပေသည်။

မေဇင်ကချောင်းတစ်ချက်ဟန့်ကာ အခန်းထဲဝင်လာတော့ မေဇင့်ကိုလိုက်ပို့သည့် ဝန်ထမ်းလေးသည်လည်း သူ့နေရာသူပြန်လျှောက်သွားခဲ့ပြီ...၊ ဉာဏ်လင်းကတော့မေဇင့်ကို မြင်မြင်ချင်းနှစ်ခြိုက်စွာပြုံးပြကာ ထိုင်ခုံပေါ်ကထလာပြီး စားပွဲခုံပေါ်မှီကာလက်ပိုက်ကြည့်နေသည်။

"မင်္ဂလာပါဒေါက်တာမေဇင်မင်း.....၊ ကျွန်တော်ရဲ့နှလုံးသားမှာ ကျွန်းခံနေတဲ့ရောဂါကို ကုသပေးဖို့ကြွမြန်းလာတာပါလား..."

တွေ့တွေ့ချင်းပင်ပြေးထိုးရလောက်အောင် ဖော်ဖော်ရွေ‌ရွေနှုတ်ဆက်လိုက်တာမို့ မေဇင်လည်းရယ်ရခက် ငိုရခက်ဖြစ်သွားရသည်။

"နင့်ဘာသာ"ကျွန်း"မကလို့ အာရှတိုက်ကြီးဘဲခံခံ ငါ့ကိစ္စမဟုတ်ဘူး......၊

ဒီကိုလာတာသစ်က ဖိတ်စာပေးခိုင်းလိုက်လို့...၊"

မေဇင်ကဘေးတစောင်းလွယ်လာသည့် လွယ်အိတ်ကလေးထဲက ပန်းနုရောင်ဖိတ်စာလေးကို ထုတ်ကာဉာဏ်လင်းဆီကမ်းပေးရင်း စားပွဲခုံကြီးပေါ်က ကြွေပန်းအိုးလေးကို လှမ်းကြည့်လိုက်မိသည်။ မေဇင်ပေးထားတဲ့ဝါးပင်သေးသေးလေးတွေပါလား ဟုတွေးမိနေတုန်းမှာဘဲ ဉာဏ်လင်းကဖိတ်စာကိုလှမ်းယူကာ စားပွဲပေါ်တင်လိုက်ပြီး မေဇင့်ကိုပခုံးကနေကိုင်ကာ နောက်ကိုဆွဲလှည့်လိုက်သဖြင့် နံရံပေါ်ကပန်းချီကားကြီးတစ်ချပ်နှင့် မျက်နှာချင်းဆိုင်သွားသည်။

ကျေးဇူးပဲမေရယ်Where stories live. Discover now