အိမ်မှာနေရသည့်အချိန်တိုင်းသည် မေဇင့်အတွက်တော့ ထွက်ပေါက်ပိတ်ရသည့်အချိန်များပင်ဖြစ်သည်။ လစ်လပ်သွားပြီဖြစ်သော ဉာဏ်လင်း၏နေရာတွင် ဒက်ဒီနဲ့ဥက္ကာကအစားဝင်ကာ လုပ်နေရသဖြင့် ဒက်ဒီသည်လည်းအိမ်ကိုပြန်မလာနိုင်သည့် အချိန်များလည်းရှိလာသည်။ ဉာဏ်လင်းကတော့တင်းခံနေတုန်းပင်...၊ သူရှိသည့်တဲ့နေရာတစ်ခုမှာရှိမနေဘဲ အရာအားလုံးကိုစွန့်လွှတ်ကာ လောကဓံကိုကြံကြံခံလျက်ရှိသည်။
ဒါတွေအားလုံးဟာမေဇင့်ကြောင့် ဖြစ်ရတာဘဲ လို့တွေးမိတိုင်းရင်ဘတ်ထဲ ဆို့နစ်ကာအပြစ်သားတစ်ယောက်လို ခံစားရသည်။ အထူးသဖြင့်ရွှေဇွန်းကိုက်ပြီး ချွေးတစ်စက်မထွက်ရဘဲ ကြီးပြင်းလာလေတဲ့ ဉာဏ်လင်းတစ်ယောက် ခက်ခဲပင်ပန်းစွာအလုပ်လုပ်နေသည့်မြင်ကွင်းသည် မေဇင့်ရင်ကိုမီးစနှင့်ထိုးသလို နာကျင်စေခဲ့သည်။
ဒက်ဒီအလုပ်ရှုပ်၍အိမ်ပြန်မလာနိုင်သည့် အချိန်များတွင် မာမီနှင့်မေဇင်နှစ်ယောက်သာ အတူရှိရသည်။ မာမီကတော့တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ ဉာဏ်လင်းရဲ့မကောင်းကြောင်းကို ချဲ့ကားပြောကာ မကျေမနပ်ဖြစ်လျက်ပင်ရှိသည်။ အရင်တုန်းကသူမကောင်းခဲ့တာတွေ လူတိုင်းကသူ့ကိုကဲ့ရဲ့ကြတာတွေ အထင်မကြီးကြတာတွေ....၊ မေဇင်အိမ်ကိုပြန်လာတိုင်း နေ့စဉ်ရက်ဆက်ကြားခဲ့ရသည်။
မာမီ့စကားတွေကြားရဖန်များလာတော့ တကယ်ဘဲဉာဏ်လင်းဟာ မကောင်းတဲ့လူလားဟုပင် သံသယဝင်လာရသည်။ အကျင့်ဆိုတာဖျောက်ရခက်တယ်ဆိုတဲ့စကားက အမှန်တကယ်များလားလို့ တွေးလာမိသည့်အချိန်များပင်ရှိခဲ့သည်။
မေဇင်သည်ထမင်းစားပွဲပေါ်သို့ ပူပူနွေးနွေးချက်ပြုတ်ထားသည့် အရသာရှိဖွယ်ဟင်းမျိုးစုံကို ပြင်ဆင်ရင်း ဘာကြောင့်များဒီဧည့်သည်များကို ဖိတ်ကြားထားရပါသလဲဆိုတဲ့ တွေးလက်စအတွေးပင် ပျောက်ပျောက်သွားရသည်။
မာမီ့ကိုမလွန်ဆန်နိုင်လို့ဆိုတာထက် မလိမ္မာတဲ့သမီးတစ်ယောက် ဖြစ်မှာစိုးလို့ မာမီ့စကားများကိုဘာတစ်ခွန်းမှ ပြန်မပြောဘဲနှုတ်ဆိတ်နားထောင်ခဲ့ရသည်။ လိမ္မာရတာပင်ပန်းလိုက်တာလို့ တွေးမိတိုင်းဘာလို့ လိမ်လိမ်မာမာနေနေရသလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကိုရှာမိပြန်သည်။ တစ်ခါတစ်လေတော့လည်း ဘယ်သူ့မျက်နှာမှမကြည့်ဘဲ ကိုယ်ထင်ရာကိုယ် လုပ်ချင်မိသား......။
YOU ARE READING
ကျေးဇူးပဲမေရယ်
Romanceဘယ်လောက်တောင်ပြတ်သားလိုက်တဲ့ အမျိုးသမီးဆိုရင်...၊ ကိုယ့်မျက်ရည်ကိုယ်သုတ်ပြီး အနှစ်နှစ်အလလ ချစ်ခဲ့တဲ့သူတစ်ယောက်ကို ရင်နာနာနဲ့ကျောခိုင်းသွားခဲ့တာပါဘဲ...။ ကျွန်တော်က မေ့ကိုအဖန်ဖန်နာကျင်စေခဲ့တာကိုး...၊ ဒါပေမဲ့ဘယ်သူ့ဆီကမှမရခဲ့ဖူးတဲ့ စစ်မှန်တဲ့မေတ္တာတွေအတ...
