120

3.8K 664 16
                                    

ထိပ်တိုက်ရင်ဆိုင်ခြင်း
............................

ယနေ့ စောစောထကြသည့် ထန်းယန်ဒေသခံများမှာ အရုဏ်တက်၍မကြာမီတွင်ပင် နယ်စောင့်တပ်မှူးကျန်ချောင်းက လက်ထောက်တပ်မှူးလေးယောက်အားခြံရံ၍ လင်းမိသားစု၏နေအိမ်ရှိရာသို့ အပြေးအလွှားဦးတည်သွားသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် တရားရုံး၏အကြီးအကဲဖြစ်သူ အရာရှိထောင်သည်လည်း လင်းမိသားစုထံသို့ သူ၏ငယ်သားများနှင့်အတူ အမြန်သွားနေသည်ကို တွေ့ကြရသည်။

"ဘာဖြစ်နေတာလဲ။ လင်းမိသားစုမှာ တစ်ခုခုဖြစ်လို့လား။"

"ဒါပေမဲ့ အဲ့လိုဖြစ်ပုံမပေါ်ပါဘူး။ အရုဏ်မတက်ခင်တုန်းကတောင် လင်းမိသားစုရဲ့အိမ်တော်ထိန်းနဲ့အစေခံတစ်ချို့ ဈေးမှာ စားသောက်ကုန်တွေ ဝယ်နေတာကို ငါတွေ့လိုက်သေးတယ်။ ငါတွေ့ရသလောက်တော့ သူတို့ကတစ်ခုခုဖြစ်ပျက်နေသလိုမျိုး မဟုတ်ပါဘူး။"

"ငါလည်း ဘာသတင်းအနံ့မှမရဘူး။"

"ဒါဆို ဘာတွေဖြစ်နေတာလဲ။ ငါတို့သွားကြည့်ကြည့်ရင် ကောင်းမလား။"

ထန်းယန်မှအရေးပါသူနှစ်ယောက်လုံးက အရုဏ်တက်ချိန်ကတည်းကပင် လင်းမိသားစုသို့ ငယ်သားများနှင့်အတူ အလျင်စလိုသွားကြရာ လူအများ၏သိလိုစိတ်အားနှိုးဆွနိုင်ခဲ့သည်။ သူတို့ထဲမှ လူအများအပြားက လင်းမိသားစု၏အိမ်ပေါက်ဝအနီးတွင်စုဝေးကာ အထဲမှအခြေအနေကို သိရရန် လည်ပင်းဆန့်ထားကြသည်။

*****

ထိုအချိန်တွင် လင်းမိသားစု၌

ကျန်ချောင်းနှင့် ထောင်ဖန်းတို့က တစ်ခွန်းပင်မဟချေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်၍ရပ်နေကြပြီး စိတ်အခြေအနေ ကွာခြားကြသည်။

သူတို့ထဲမှတစ်ယောက်သည် အရေးကြီးစာကို စာပို့ခိုဖြင့် ယမန်နေ့ညက ရခဲ့ပြီး အခြားတစ်ယောက်မှာမူ ယနေ့အရုဏ်မတက်မီကသာ သတင်းရခဲ့သည်။ စာနှစ်စောင်လုံးတွင် ကြီးမြတ်သောယွဲ့ပြည်ထောင်၊ လက်နက်ကိုင်စစ်တပ်၏ မဟာစစ်သူကြီးဖြစ်သူ ယွီဝမ်ထုန်က ထန်းယန်ရှိလင်းမိသားစုအိမ်တွင် နေထိုင်နေကြောင်း၊ စစ်သူကြီးယွီဝမ်က သူနှင့်စေ့စပ်ထားသည့် လင်းမိသားစုမှလင်းကျန်အားတွေ့ရန် ထန်းယန်သို့ရောက်လာခြင်းဖြစ်ပြီး ဤသတင်းက မြို့တော်တစ်ခွင့်ပျံ့နှံ့နေကာ အုတ်အော်သောင်းတင်းဖြစ်စေခဲ့ကြောင်း ပြောထားသည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now