197

2.2K 340 6
                                    

တက်ကြွသော စကားဝိုင်းများ
......................................

ယွီဝမ်ဂျင်က စိတ်ထိခိုက်နေပုံပေါ်သည်။ လင်းကျန်က သူနှင့်ထပ်တူပင် ကျောင်းအား မကြိုက်ဟု သူထင်ထားသော်လည်း လင်းကျန်ကကျောင်းကို သဘောကျကြောင်းပေါ်လာလေပြီ။ ယင်းက သူ၏အနာဂတ်အတွက် နိမိတ်ဆိုးပင်။ ဆရာ့ထံတွင် သူနှင့်အတူအပြစ်ပေးခံရမည့်လူ မရှိလာတော့ပေ။ သူ့အဖေက သူ့ကိုလင်းကျန်နှင့် သေချာပေါက်ယှဉ်မည်ဖြစ်ပြီး သူ ဆရာ့ထံမှ အပြစ်ပေးခံရတိုင်းတွင် အဖေ့ထံ အဆူခံရလိမ့်မည်။ 'ငါ အဲ့လိုသာဆို ဘယ်လိုလုပ် ခံနိုင်မှာလဲ။' သူတွေးမိသည်။

'မဖြစ်ဘူး။'

လင်းကျန် စာလုံးများများမရေးရန်၊ မြန်မြန်မရေးရန်၊ မလိမ္မာရန်၊ သူ့အား ရှင်သန်ခွင့်ပေးရန် မျှော်လင့်မိသော်လည်း သူတို့နှစ်ယောက်ကြားတွင် စိတ်ချင်းဆက်သွယ်မှုမရှိပေ။ သူ၏ ပူပင်သောကအချက်ပြမှုကိုမရသည့် လင်းကျန်က မကြာခင်တွင် နောက်တစ်မျက်နှာပြီးသွားသည်။ ၎င်းကိုတွေ့သောအခါ ယွီဝမ်ဂျင် မျက်ရည်လည်လာသည်။

လင်းကျန်က ယွီဝမ်ဂျင်ရေး၍မပြီးသေးခင်မှာပင် သူ၏စာကိုလက်စသတ်လိုက်သည်။ အဖိုးအိုက ထိုစာကိုဖတ်ပြီးနောက် ခေါင်းတစ်ချက်ညှိတ်၏။ 'ဒီကလေးရဲ့စာစီစာကုံးက ဒီတက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ကျောင်းသားတွေရဲ့ဟာလောက် မကောင်းပေမဲ့ ကျိုးကြောင်းဆီလျော်ပြီး အခြေအမြစ်ရှိတယ်။ သူ့ရှုထောင့်က ကျောင်းသားအများစုနဲ့မတူပေမဲ့ ရေးမူမမှန်တာမျိုးတော့ မဟုတ်ဘူး။ သူ့ရဲ့ သဘောထားတစ်ချို့က တော်တော်ထူးခြားတယ်။' သူကတွေးသည်။

အဖိုးအိုက တိတ်တဆိတ်သဘောကျကာ မုတ်ဆိတ်ကိုသပ်လိုက်သည်။ ယွီဝမ်ထုန်၏တည်ရှိမှုကြောင့် လင်းကျန်ကမည်သူဖြစ်ကြောင်းကို အလွန်ထင်ရှားစေသည်။ မြို့ငယ်တစ်ခုမှလာပြီး မောက်မာဗိုလ်ကျတတ်သည်ဟု ကောလဟာလထွက်နေကာ ဧကရာဇ်၏ ခွင့်ပြုချက်ကြောင့် တော်ဝင်တက္ကသိုလ်သို့ဝင်ခွင့်ရသည့် လင်းကျန်ကဲ့သို့ကျောင်းသား၏ ပညာအရည်အချင်းက အခြားကျောင်းသားများ၏ ပညာအရည်အချင်းအား လုံးဝမီမည်မဟုတ်ဟု သူထင်ထားခဲ့သည်။ အမှားများ ပွထနေသော စာစီစာကုံး၊ သို့မဟုတ် မပြေပြစ်သောစာတစ်ပုဒ်ကို ဖတ်ရမည်ဟု သူမျှော်လင့်ထားသော်လည်း မထင်ထားစွာဖြင့် ဤစာစီစာကုံးက ပြောင်မြောက်သည်ဟု ယူဆနိုင်သည်။

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now