[Unicode]
အခန်း ၉၉၃ သတိပေးစကား“အားလုံးကို နှောင့်ယှက်မိပြီ၊ ဆက်ပျော်ကြပါ၊ ဒီလိုကိစ္စအသေးအမွှားလေးကြောင့်နဲ့ အားလုံးစိတ်မရှုပ်သွားဖို့မျှော်လင့်ပါတယ်။” ထန်ယွင်ဖန်းက ခန်းမထဲမှဧည့်သည်များကို ပြောလိုက်ရာ အားလုံးကလဲ နားလည်ပေးကြသည်။
ဧည့်သည်အားလုံးက သူတို့စိတ်ထဲမထည့်ကြောင်းပြသည့်သဘောဖြင့် ဝိုင်များသောက်ရင်း ပြောလက်စ,စကားများကိုဆက်ပြောနေကြသည်။
ဟန်ဝမ်လင်းထွက်သွားသည်နှင့် ကုနင်းကပါ သူမနောက်မှလိုက်ထွက်သွားခဲ့သည်။
“နင်းနင်း၊” ထန်ယွင်ဖန်းသည် ကုနင်းကိုတားလိုက်ချင်သော်လည်း လင်ရှောင်းထင်ကဝင်ပြောပေးခဲ့သည်။ “လူကြီးမင်းထန်၊ ထားလိုက်ပါ။ နင်းနင်း သူ့အတိုင်းအတာသူသိပါတယ်။”
ကုနင်း သူမအမေကိုကာကွယ်ပေးဖို့လုပ်မှာဖြစ်ကြောင်း ထန်ယွင်ဖန်းလဲနားလည်တာကြောင့် သူမဘာပြဿနာမှမတက်သွားဖို့သာ မျှော်လင့်ရင်း မတားမြစ်တော့ပေ။
…….
“ခဏလေးနေပါဦး၊ မမလေးဟန်။”
ဟန်ဝမ်လင်း ဟိုတယ်ဝင်ပေါက်နားရောက်ချိန်မှာ သူမအနောက်မှ မိန်းကလေးတစ်ယောက်လှမ်းခေါ်နေသံကို ကြားလိုက်ရသည်။
ဟန်ဝမ်လင်း ချက်ချင်းရပ်ပေးလိုက်ကာ နောက်လှည့်ကြည့်လိုက်ချိန်မှာတော့ သူမရှိရာသို့ လှပငယ်ရွယ်သည့်မိန်းကလေးတစ်ဦးလာနေသည်ကို မြင်ရလေသည်။
မိန်းကလေးပုံစံက ဒေါသထွက်နေပုံမရသော်လည်း ဖော်ရွေနေပုံလဲမရတာကိုတော့ ဟန်ဝမ်လင်းခံစားမိသည်။
“ဘာကိစ္စများရှိလို့လဲ?” ဟန်ဝမ်လင်း ဟန်ပါပါပင်မေးလိုက်သည်။
“ကျွန်မတို့စကားခဏလောက်ပြောလို့ရမလား?”
ဟန်ဝမ်လင်းသည် ဘာပြဿနာမှမရှာဘဲ ထွက်သွားခဲ့တာဖြစ်ပေမည့် ကုနင်းကတော့ နောင်တစ်ချိန်မှာ သူမ ကုမန့်ကိုထိခိုက်စေလာမည်ကို စိုးရိမ်နေသေးသည်။
ဟန်ဝမ်လင်း၏အကျင့်စရိုက်နှင့်ပတ်သတ်ပြီး သူမဘာမှမသိထားတာကြောင့် ဟန်ဝမ်လင်းကို ကုမန့်နှင့်ဝေးဝေးနေရန် သတိပေးတာလောက်တော့ လုပ်ဖို့လိုသည်ဟု တွေးထားခြင်းပင်။