အပိုင်း ၁၃၂၇ နောက်ဆုံးတော့မင်းကိုတွေ့ပြီ ....
ကုနင်း သူမကို အကြာကြီးစောင့်ရမည်စိုး၍ ဟန်ဝမ်လင်းသည် သူမ၏ တူမလေးကို ဟိုတယ်ကို လိုက်ပို့ပေးဖို့ ဟန်မိသားစု၏ ယာဉ်မောင်းကိုတာဝန်ပေးလိုက်သည်။ ထို့ကြောင့် ဟန်ဝမ်လင်းသည် သူမ၏ အတွင်းရေးမှူးနှင့်သာ လိုက်ပါလာခဲ့သည်။
"မတွေ့တာကြာပြီနော် မစ္စကု။" ကုနင်း အထဲကိုဝင်လာသည်နှင့် ဟန်ဝမ်လင်း မတ်တပ်ရပ်လိုက်သည်။
သူမသည် ကျော်ကြားသော စီးပွားရေးလုပ်ငန်းစုတစ်ခု၏ အမွေဆက်ခံသူဖြစ်သော်လည်း သူမထက် များစွာငယ်သော မိန်းကလေးတစ်ဦးအပေါ် အလွန်ယဉ်ကျေးသည်။ ဟန်ဝမ်လင်း၏ အတွင်းရေးမှူးသည် ကုနင်း၏ နောက်ခံအကြောင်း မသိပါက သူမ အံ့အားသင့်သွားမည်ဖြစ်သည်။
တစ်ဖက်တွင်မူ ဟန်ဝမ်လင်းကို မှတ်မိသော်လည်း ကုနင်းကို မသိသည့် စားပွဲထိုးသည် အလွန်အံ့သြသွားသည်။
ကုနင်း၏လူမှုအသိုင်းအဝိုင်း အဆင့်အတန်းသည် ဟန်ဝမ်လင်း လောက်မမြင့်မားသော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် တော်လွန်းသော သူမ၏အရည်အချင်းသည် ဟန်ဝမ်လင်း၏ အထင်ကြီးလေးစားမှုကိုရရှိခဲ့ပြီးဖြစ်သည်။
ဟန်ဝမ်လင်းသာမကဘဲ အခြားသော သြဇာရှိပုဂ္ဂိုလ်များစွာကလည်း ကုနင်းကို လေးစားကြသည်။ ကုနင်းကို မနာလိုသူ သို့မဟုတ် ဘဝင်မြင့်နေသောသူများသာ ကုနင်းကို မလေးမစားဆက်ဆံကြသည်။
ဟန်ဝမ်လင်းသည်လည်း မာနရှိသူဖြစ်သော်လည်း ထူးချွန်ထက်မြက်သောသူရှေ့တွင် ထိုမာနကို သူမ ထုတ်မပြပေ။
"ဟိုင်း၊ ထပ်တွေ့ရတာဝမ်းသာပါတယ် မစ္စဟန်။" ကုနင်း သူမကို ပြုံးပြလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါ။ ငါ့တူမလေးက ဒီကိုလာနေပြီ၊ ခဏနေရင် ရောက်လိမ့်မယ်။" ဟန်ဝမ်လင်းက ပြောပြီး ကုနင်းသည် သူမ၏ဘေးမှာ ဝင်ထိုင်လိုက်သည်။
"ကျေးဇူးပြုပြီး..." ထို့နောက် ဟန်ဝမ်လင်းသည် လှည့်၍ ကောင်းယိ နှင့် ချောင်ယတို့ကို ထိုင်ရန် ဖိတ်ကြားလိုက်သည်။