Chapter 2

2.2K 116 2
                                    

ညဦးပိုင်းမို့ စားသောက်ဆိုင်ထဲ၌ ညစာထွက်စားကြသူများနဲ့ လူကျနေကာ ခုံဝိုင်းအားလုံးနီးနီး၌ လူအပြည့်ရှိနေသည်။

ဆိုင်ဝင်ပေါက်၏ ညာဖက်ခြမ်းရှိ ခုံဝိုင်းတစ်ခု၌ လက်မှာ ပတ်တီးအဖွေးသား ဖြစ်နေသော ရေးခေတ္တရာကို ကြည့်ပြီး တခွီးခွီးနဲ့ သဘောကျနေသော ကောင်လေးတစ်ယောက်ရှိတာမို့ ရေး၏ အကြည့်စူးစူးများက ထိုတစ်ယောက်အပေါ် ပြာကျမတတ် ဖြစ်နေပြီ။

ထိုအခါမှသာ သူ့အား ထိုင်ရယ်နေသော သျှိုင်းစက်မာန် မျက်နှာပိုးသတ်သွားတော့၏။

"မင်း ငါ ခံလာရတာကို အဲ့လောက်တောင် ပျော်နေတာလား"

"ဟော၊ ငါ့သူငယ်ချင်း လက်မကျိုးရုံတမယ် ဖြစ်သွားတာကို ငါက ဘယ်လိုစိတ်နဲ့ ပျော်နိုင်ပါ့မလဲ. . .ခွီး"

"ဟက်၊ ပျော်နေတာ ဟန်တောင်မဆောင်နိုင်ဘူး၊ ငါ သေသွားရင် ပိုတောင်ပျော်နေဦးမယ့်ပုံ"

သျှိုင်းစက်မာန် ‌ထပ်မစတော့ဘဲ ငြိမ်လိုက်ရတော့သည်။ တော်ကြာ အဲ့ကောင် စိတ်ဖောက်လာရင် နေရင်းထိုင်ရင်း ဆိုင်ထဲမှာ အရှက်ကွဲရဦးမယ်။

မာန် သူနဲ့ မျက်နှာချင်းဆိုင် ထိုင်နေသော ရေး၏ လက်မှဒဏ်ရာကို တစ်ချက်ကြည့်လိုက်သည်။ သူ ခုန ရေးကို တိုက်ခန်းရှေ့က အမြန်လာခေါ်ရပြီး ဆေးခန်းဝင်ပြပေးခဲ့ရသည်။ ‌

တွေ့လိုက်တုန်းက ဘာမေးမေး စကားတောင် ပြန်မပြောနိုင်တဲ့အထိ အလွန်အမင်း နာကျင်နေပုံရတဲ့ ရေးကြောင့် လက်အရိုးများ ကျိုးသွားတာလား စိတ်ပူခဲ့ရပေမယ့် မကျိုးသွားဘဲ ခုနစ်ရက်လောက် မလှုပ်ရှားဘဲ ငြိမ်နေပေးပါဆိုလို့ တော်သေးတယ်ဆိုရပေမည်။

"မင်း ဘယ်လိုဖြစ်ပြီး အဲ့လောက်ထိ ခံလာရတာလဲ။ ခွန်းက လက်ညှိုးလေးနဲ့ တွန်းလိုက်ရင်တောင် ပစ်လဲသွားမယ့်ပုံကို။ မဟုတ်မှလွဲရော သူ မင်းကို ကြောက်လို့ ကိုယ်ခံပညာတွေဘာတွေ သင်လာခဲ့တာများလား"

ရေးခေတ္တရာ သူ အခုလို ဆက်ခွန်းသစ်ရှေ့မှာ ရုပ်ပျက်ဆင်းပျက် ခံလာရတာက ရှက်ဖို့ကောင်းလွန်းလို့ မာန့်ကို ပြန်တောင်မပြောပြချင်။ ထို့အတွက် မာန့်အ‌မေးကို မသိချင်ယောင်ဆောင်နေလိုက်ကာ သူ့ဘေးမှ မှန်ချပ်တွေကတဆင့် ဆိုင်အပြင်ဖက်က ကားလမ်းမကြီးကိုသာ ကြည့်နေလိုက်တော့သည်။

Snowless Winter Dream [Completed]Where stories live. Discover now