Chapter 10

1.6K 105 7
                                    

တိတ်ဆိတ်ငြိမ်သက်‌နေသော ဟိုတယ်အခန်းထဲ၌ နာရီမှ စည်းချက်သံနှင့်အတူ ရိုင်းလ်၏ သက်ပြင်းချသံတို့ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်နေသည်။

အချိန်က ညသန်းခေါင်ကျော်နေပေပြီ။ ညဦးပိုင်းလောက်ကထဲက တိတ်ဆိတ်သွားတတ်သော ပုဂံက အခုဆို အပြင်ဖက်၌ မီးရောင်တွေတောင် မမြင်ရတော့။

ရိုင်းလ် သူ့ဟိုတယ်အခန်းရှိရာဆီသို့ ပြန်ဖို့အတွက် ရေး၏ ကုတင်ဘေးမှ ထရပ်လိုက်တော့သည်။ အခန်းတံခါးမဖွင့်ခင် ကုတင်ထက်သို့ နောက်တစ်ကြိမ် ပြန်လှည့်ကြည့်လိုက်မိပြီး ထိုကောင်လေး အ‌ခြေအနေက စိတ်ချရပြီမို့ ထားခဲ့လို့ရပြီဆိုသော်ငြား အပြည့်အဝ ပြန်သတိမရသေးတဲ့ သူ့ဘေးနားမှာ အဖော်မရှိဖြစ်နေတာကို ရိုင်းလ် စိတ်ပူနေမိခြင်းဖြစ်သည်။

ထို့အပြင် သူ့ကို ပြုစုပေးရတာနဲ့တင် ပျာယာခတ်သွားရတာကြောင့် ထိုကောင်လေးဆီ လိုက်လာခဲ့ရတဲ့ကိစ္စကိုပင် မေ့တော့မလိုဖြစ်သွားတာမို့ ရိုင်းလ် အခန်းတံခါးပြန်ပိတ်လိုက်ပြီး ခွန်းကိုသာ ဖုန်းပြန်ဆက်လိုက်ရတော့သည်။

သူ ခေတ္တရာ နိုးလာတာနဲ့ ပြောစရာရှိတာတွေကို ပြောပြဖို့အတွက် စောင့်နေမှဖြစ်မှာမို့ပင်။ ခွန်းကလည်း သူ့စကားနားထောင်တဲ့ ကောင်လေးမို့ သူ အရေးပေါ် လူနာတစ်ယောက်ဆီ ရောက်နေရတဲ့အကြောင်း ပြောလိုက်ချိန်၌ ငြိမ်ငြိမ်လေး ပြန်အိပ်သွားတော့သည်။

ဆက်ခွန်းသစ် ဖုန်းချလိုက်ပြီးတာနဲ့ တွေဝေသွားရသည်။ သူ့အစ်ကိုက ဒီနေရာစိမ်းမှာ ချက်ချင်းသွားကုပေးစရာ လူနာ တကယ်ရှိလို့လားဆိုတာကို မယုံချင်ပေမယ့် သူနဲ့ ရိုင်းလ်က ဘာမှမဆိုင်သေးတဲ့ ဆက်ဆံရေးမို့ ငြိမ်နေလိုက်ရတော့သည်။ သူ ရိုင်းလ် မေတ္တာပျက်အောင် မလုပ်ချင်သေး။ ရိုင်းလ်ဆိုသည်မှာ သူ့ကို နားပူတာမျိုး၊ အာရုံလာစားတဲ့သူမျိုးဆိုရင် ချက်ချင်း ကောက်ဖြတ်ပြီး ထိုနေရာမှာပဲ ထားခဲ့ပစ်လိုက်တဲ့အထိ ပြတ်သားတဲ့ သူမျိုးမှန်း ရှေ့က ကောင်လေးတွေက သက်သေမို့ ဆက်ခွန်းသစ် သူ့အစ်ကိုကိုတော့ အရမ်းမထိန်းချုပ်ရဲသေးပေ။

ရိုင်းလ်တစ်ယောက် ကုတင်ဘေးက ခုံမှာပဲ လူနာစောင့်လို ထိုင်စောင့်‌နေရလေသည်။

Snowless Winter Dream [Completed]Where stories live. Discover now