Chapter 33

1.7K 89 9
                                    

နေထိုင်လာသည့် သက်တမ်းတလျှောက်လုံးတွင် ရိုင်းလ်စေတန်၌ တစ်စုံတစ်ယောက်ပေါ် အလွန်အမင်း မှီခိုချင်ခဲ့ဖူးသော အချိန်ကာလတစ်ခုရှိခဲ့ဖူးသည်။

ဆယ်နှစ်သားအရွယ်တုန်းက သူ့အား စိတ်ဓာတ်ခွန်အားတွေ ပေးနိုင်ခဲ့ဖူးသော သူရဲကောင်းလေးတစ်ယောက်အပေါ် ထိုကောင်လေးရဲ့သန်မာမှုတွေအတိုင်း အတုယူရင်း သူပါ အခုလို သန်မာတဲ့ အမျိုးသားတစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်ခဲ့သည်။

ထိုသူရဲကောင်းလေးက အခုလိုမျိုး သူ့ခင်ပွန်းလောင်း ဖြစ်လာမယ့်သူဟု အိပ်မက်တောင် မမက်ခဲ့ဖူးသည့် အရွယ်ကတည်းက ရိုင်းလ်စေတန်တစ်ယောက် ရေးခေတ္တရာအား အခုလို ဖက်ငိုချင်ခဲ့ဖူးပါသည်။ သူ့ကို အနိုင်ကျင့်သူတွေကို အစွမ်းတွေနဲ့ တိုက်ထုတ်ပေးဖို့ တောင်းဆိုချင်ခဲ့ဖူးပါသည်။ ခေတ္တရာအစွမ်းကို အားလုံးကြောက်ခဲ့ကြသည့် အဲ့အချိန်ကတည်းက သူကတော့ ထိုအစွမ်းတွေရှိတဲ့ ကောင်လေးကို သူ့သူငယ်ချင်း ဖြစ်စေချင်ခဲ့သည်၊ သူ့ညီလေး ဖြစ်‌ရင် ကောင်းမှာဟု တွေးခဲ့ဖူးသည်။

သို့သော်ငြား အဆုံးသတ်မှာတော့ ဒီကောင်လေးက သူ့ရဲ့ အိမ်ထောင်ဖက်ထိပင် ဖြစ်လာခဲ့ပေပြီ။

မှောင်ရီပျိုးစအချိန်၌ ရေး ကိုကို့အား သူ့ကားဖြင့်သာ အိမ်ပြန်ခေါ်လာခဲ့လေသည်။

နေမကောင်းသေးသည့် ကိုကို့ကို ပြန်အနားယူစေနိုင်ဖို့ သူပဲ ကားမောင်းဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်၏ လက်သူကြွယ်တွေမှာတော့ စုံတွဲလက်စွပ်တွေက နေရာယူထားလျက်။

ရေး ကားအောက် အရင်ဆင်းလိုက်ပြီး ကိုကို့ဖက်က တံခါးကို အမြန်လာဖွင့်ပေးလိုက်မိသည်။

ထိုကောင်လေး သူ့အား အခုလို မိန်းမငယ်လေးတွေလို ဂရုစိုက်နေပြန်တာကို ရိုင်းလ် ကျင့်သားမရနိုင်သော်ငြား ခေတ္တရာ သူ့ကို လျစ်လျူရှုထားတာကသာ ပိုရင်နာရတာမို့ အလိုက်သင့် လက်ကမ်းပေးလိုက်ရပြီး ဆင်းလာခဲ့ရသည်။

"ကိုကို ကျွန်တော့်ထက် အရွယ်နည်းနည်းသေးရင် တကယ်ကောင်းမှာပဲ"

"ဘာလို့"

"ဒါဆို ကိုကို့ကို ကျွန်တော် မင်းသမီးလေးတွေလို ပွေ့ခေါ်သွားလို့ ရမှာလေ။ အခုကျ ကျွန်တော် ကိုကို့ကို မနိုင်ဘူး။ အင်း. . .ကုန်းတောင် မပိုးနိုင်လောက်ဘူးထင်တယ်"

Snowless Winter Dream [Completed]Where stories live. Discover now