Chapter 11

1.5K 103 4
                                    

နှင်းမြူမှုန်အနည်းငယ်ပါ ခပ်သောသော ကျ‌ဆင်းနေတာကို အအေးဓာတ်ကဲလွန်းသည့် ပုဂံ ‌ဆောင်းနံနက်ခင်း၌ တွေ့နေရပေသည်။

သျှိုင်းစက်မာန် ရောက်လာတာမို့ ရေးခေတ္တရာ ထိုကောင့်အား မနက်စာ လိုက်ကျွေးဖို့အတွက် အခန်းအောင်းခြင်းမှ ထွက်လာခဲ့ရကာ နှစ်ယောက်သား ဟိုတယ်နဲ့ အလှမ်းဝေးတဲ့ ဆိုင်ရှိရာသို့ ဆိုင်ကယ်နဲ့သာ ထွက်လာခဲ့ကြသည်။

ရေးကတော့ လက်ကို သိပ်မသုံးချင်သေးတာမို့ မာန့်နောက်ကနေသာ လိုက်စီးခဲ့ရရင်း ဆိုင်ထဲသို့ ရောက်နေကြပေပြီ။

သျှိုင်းစက်မာန် သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ရာသီဥတု ဒီလောက်အေးနေတာတောင် အနွေးထည် ထပ်ဝတ်မလာတဲ့ ရေးကို ရေနွေးခွက် လှမ်းပေးလိုက်ပြီး-

"ငါ ပြောသားပဲ၊ ဆိုင်ကယ်လေတိုးရင် ချမ်းမှာပါဆိုတာကို အနွေးထည် မဝတ်ချင်ဘူး။ ရော့. .ရေနွေးသောက်လိုက်ဦး"

မနက်မိုးလင်းကထဲက သူ ဘာပြောပြော ပြန်မပြော နားမထောင်လုပ်နေသည့် ရေးအား သျှိုင်းစက်မာန် စိတ်သိပ်မရှည်ချင်တော့။ သူတို့နှစ်ယောက်က အခုလို အမြဲရန်ဖြစ်နေကျပဲမို့ မထူးဆန်းသော်လည်း ရေးက သူ့ကို ညကထဲက အခန်းထဲမှ မောင်းထုတ်နေခဲ့သည်။ သို့သော်ငြား သျှိုင်းစက်မာန် ပေကပ်ပြီး နေခဲ့တာကြောင့် ရေးက ဆိုဖာပေါ်မှာပဲ အိပ်သည်။

ပုံမှန်ဆို မာန် ထိုကောင့်ကို ချော့မော့ပြောမိဦးမှာပေမယ့် သူကိုယ်တိုင်လည်း ခရီးပန်းလာတာရော ညကတော့ ခွန်းကို ကြာပန်းဖြူလို့ ပြောခဲ့တာရောက သူ့အား ဒေါသအလွန်ထွက်စေခဲ့တာမို့ ရေး ဆိုဖာပေါ်မှာအိပ်စဥ် သူ ကုတင်ပေါ်မှာသာ အိပ်လိုက်တော့ရင်း ထိုကောင့်ကို ပလစ်ထားခဲ့လိုက်ရသည်။

ထို့အတွက် အခုမနက်ထိ ရေးက သူ့ကို စကားသေချာပြန်မပြောချင်သေးပုံပင်။

"မင်းအမေနဲ့ရော သွားတွေ့ပြီးပြီလား"

ရေး၏ မိသားစုအကြောင်းကို ခွန်းပြောဖူးသလောက်ပဲ သူလည်း သိထားတာမို့ ရေး အမေအရင်းက ပုဂံမှာ ရှိတယ်ဆိုတာလောက်ပဲ မာန် သိသည်။

Snowless Winter Dream [Completed]Where stories live. Discover now