Chapter 5

1.6K 104 6
                                    

ညဦးပိုင်းရောက်လာလေလေ လူ ပိုပိုကျလာခဲ့တဲ့ မီးရောင်စုံ လင်းလက်နေသော Victory ဘားထဲ၌ ရန်ပွဲအကြီးစားဆီမှ ဖုန်းဒိုင်းဂွမ်း အသံတွေက ဆူညံနေသော လူအုပ်ကြားထဲကိုပင် တစ်ချက်တစ်ချက် ထိုးထွက်လာခဲ့သည်။

ခွမ်း!

ဒုန်း!

အ့!

ပွဲကြီးပွဲကောင်းအဖြစ် ပွဲထိုင်ကြည့်နေသူ တချို့ပင် ဘားပိုင်ရှင် အခုလို ကန်ကျောက်ခံနေရတာမျိုးကို မတွေ့ဖူးသေးကြတာမို့ စိတ်ဝင်တစား ထကြည့်ကုန်ကြသည်။

ထိုလူမိုက်တွေရဲ့ ကန်ချက်ကြောင့် ရေးခေတ္တရာ လည်ထွက်သွားရုံမကဘဲ ခေါင်းရိုက်ခွဲခံလိုက်ရတဲ့ အရှိန်အပြင် လက်က နာကျင်မှုကြောင့် ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်တော့ဘဲ လွင့်ထွက်လာခဲ့တာ ဆက်ခွန်းသစ်တို့ဝိုင်းခြေရင်းထိမို့ ဆက်ခွန်းသစ် အလန့်တကြား ထရှောင်လိုက်မိသွားသည်။

"ဟေ့ကောင်တွေ ဒီည အဲ့ကောင်ကို မှတ်‌လောက်သားလောက်အောင် ကျွေးလိုက်တော့"

အခုမှ အရေးသာသွားရတဲ့ လူတစ်စုပါ ခွန်းတို့ဝိုင်းနား လျှောက်လာခဲ့ကာ မှောက်ရက် လဲကျနေသော ရေးကို တစ်ယောက်တစ်ချက်စီ ကန်ကျောက်နေကြတာကြောင့် ဝန်ထမ်းကောင်လေးတွေ သူတို့ပိုင်ရှင်ကို ကူညီဖို့ စတင်ကြိုးစားလိုက်သော်ငြား လူမိုက်အုပ်စုရဲ့ လက်သီးနဲ့တင် ပစ်လဲသွားကြရသည်။

ဆက်ခွန်းသစ် ဆက်ထိုင်နေရမလို ထကူရမလို။ သူ ကူလည်း မကူချင်သလို ကူလည်း မကူနိုင်‌ပေ။ သူ့ကိုယ်ခံပညာက ဒီလောက်ကြီး ရန်ဖြစ်ဖို့လောက်ထိလည်း မကျွမ်း။ သူ ကျွမ်းတာဆိုလို့ သူ့အစ်ကို သေချာသင်ပေးထားခဲ့တဲ့ ရန်ပွဲဖြစ်လာရင် ထွက်သာပြေးဆိုတဲ့ အပြေးတစ်လိုင်းပဲ ရတာ။

ရိုင်းလ်ကတော့ သူ့ဘေးက ပွဲကို ထိုင်ခုံလက်တန်း‌ပေါ် မေးထောက်ပြီး ထိုင်ကြည့်‌နေဆဲပင်။ အဆက်မပြတ် ကန်ကျောက်ခံနေရပေမယ့် မှောက်ရက်လဲ‌‌နေတဲ့ ထိုကောင့်ဆီမှ ဘာသံမှ ထွက်မလာတာကြောင့် သတိလစ်သွားတာလား တစ်ချက်ကြည့်လိုက်ပေမယ့် ထိုကောင်က ပြန်ထဖို့ အားယူနေတာမှန်း သတိထားမိလိုက်တာမို့ ဆက်ကြည့်နေလိုက်သည်။

Snowless Winter Dream [Completed]Where stories live. Discover now