CH:1

6.6K 146 0
                                    

(A/N (3)လပိုင်းရဲ့လကုန်ပိုင်းလောက်မှာ ထွက်ရှိမယ့် မောင့်နွယ်သာကီရဲ့ Book versionပါ။ ခေတ်ကာလအရ အံ့ဝင်ခွင်ကျဖြစ်အောင်ပြင်ဆင်ထားတာမို့ တချို့နေရာတွေမှာ Wp versionနဲ့ကွာတာကြောင့် ချစ်တို့အနေနဲ့ အချိန်အားရင်ဖြင့် ထပ်ဖတ်ပြီး ကွာဟချက်တွေကို မှတ်ထားပေးပါအုံးနော်။

ဒီကာလအရ စိုးရိမ်နေတဲ့ ချစ်တို့ကိုထပ်ဆင့်ပြောချင်တာက ဒီစာရေးသူ ကျွန်မယစ်ဒေါင်းညိုသည် စကစလက်အောက်တွင် ကျောင်းတက်နေခြင်းအလျဉ်းမရှိပါ။ အားလုံးပဲ သောကကင်း၍ ရွှင်လန်းကြပါစေ)
________________________________________

မောင့်နွယ်သာကီ
အပိုင်း(၁)

“ ‌အဖ ဦးစိန်ခန့် အမိ ဒေါ်ခက်သွယ်တို့၏သား တရားခံ မောင်ဒီလှိုင်းခက်ထန်သည် ပုဒ်မ ၃၀၄(က)အရ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပါသဖြင့် ထောင်ဒဏ်(၇)နှစ်ကျခံစေ “
တရားသူကြီး၏ နှုတ်မှထွက်သော အမိန့်တို့သည့် သူ၏ (၁၉)ဆိုသော လူငယ်ဘဝ၏ အညွှန့်တလူလူတက်ရမည့်အရွယ်ကို ရိုက်ချိုးနေသယောင်။ အမိန့်ချခံရသည်နှင့် ထွက်ပေါ်လာသော ငိုယိုသံတွေက သူ့ကိုဒူးညွတ်သွားစေသည်။

အခတ်ခံထားရသည့် လက်ထိတ်က သူ့တက်လမ်းတွေကို ပိတ်ပင်ထားသည့် အရံအတားတစ်ခုသဖွယ်။ မျှော်လင့်ချက်ကြီးမားခဲ့သော သူ၏ ဘဝသည်လည်း ရေစုန်မျောခဲ့ရလေသည်။
ဒီအခြေအနေကို နာကျည်းရသည်။ နာကျင်ရသည်။ နောက်ဆုံး အလုံးစုံကို လွှတ်ချနိုင်ဖို့ကြိုးစားခဲ့သော်လည်း ‘လုပ်ရဲရင်ခံရဲရမယ်’ဟူသော  သူ့မာနက လက်မခံခဲ့။
အနာဂတ်အတွက်ရေးဆွဲထားတဲ့ အစီအစဉ်တွေ။ အကြီးမားဆုံးသူ၏ အိမ်မက်တွေ။ သားကြီးတာဝန်ကို ကျေပွန်ပြီး ဖခင်ထံမှ ပခုံးလွှဲပြောင်းရမယ့်တာဝန်တွေ အလုံးစုံသည် သူအလောတကြီးလုပ်မိရာကနေစ၍ ပျက်စီးကုန်သည်။

ထိုနေ့က ဖေဖေခေါ်၍ သူသာကုမ္ပဏီကိုတန်းသွားခဲ့ရင် ဒီလိုကိစ္စရပ်မျိုးဖြစ်မလာချေ။ ထိုနေ့က သူကုမ္ပဏီသွားခါနီး ချစ်ရသူ၏အလောတကြီး    အဝင်ဖုန်းကြောင့် သွားတွေ့မိရာကနေ သူ့ဘဝကမောက်ကမဖြစ်ကုန်ရသည်။ ဘယ်‌လိုပြောရမလဲ..သူတို့မိသားစု၊သူ့ဘဝထဲ စနေဂြိုလ်ဝင်စီးတာမျိုးလား..။

ထိုနေ့က အရေးကြီးတဲ့အစည်းအဝေးရှိတာကို သိရဲ့နဲ့ ချစ်ရသူကိုရ‌အောင်သွားတွေ့ပြီး အလောတကြီးပြန်လာခဲ့ရာမှ ကားတိုက်မှုဖြစ်ကာ တစ်ဖက်လူသေ၍ ထောင်ကျခဲ့ရခြင်းဖြစ်ပေ၏။

တရားရုံးတော်မှ တရားသူကြီးထွက်ခွာသွားသည်နှင့် သူ့လက်နှစ်ဖက်ကို လာဆွဲကာ အပြင်ခေါ်ထုတ်သွားတော့မည့် တာဝန်ကျရဲတွေကို သူဗလာသက်သက်မျက်လုံးတွေနှင့် ကြည့်လိုက်မိသည်။
ဒီလိုနဲ့ပဲ သူ့ဘဝ၊သူ့အနာဂတ်က ရေစုန်မျောရတော့မယ်ထင်ပ…။

“ သားကြီးရယ် မေမေ့သားသူတော်ကောင်း အလိမ္မာတုံးလေးကျမှ ဒီအဖြစ်မျိုး ကြုံရတယ်လို့ကွယ် မေမေဖြင့်ရင်နာမဆုံးဘူး သားကြီးရယ်။ မေမေ့ကလေးလေးက ဘယ်လောက်လိမ္မာလိုက်သလဲလေ။ မေမေ့ကလေးလေး ဒီလိုဖြစ်လို့မရဘူးလေကွယ်..”

မိခင်ဖြစ်သူက လက်ထိတ်ခတ်ခံရသည့် သူ့လက်တွေကို ညင်ညင်သာသာထိတွေ့လို့ ရင်နာနာနှင့် ငိုယိုပြန်တော့ သူ့လက်သီးတွေဟာ တင်းခနဲ။ ဖခင်ဖြစ်သူကပါ မျက်ရည်ကျတော့ သူ့ရင်အစုံမှာ မီး‌တောက်‌တွေလောင်မြိုက်လို့..။

သိပ်ချစ်ရသည့် ညီမလေးကပါ ရှိုက်ကြီးတငင်ငိုယိုလေတော့ သူ့ကမ္ဘာကြီး အမှောင်အတိဖုံးသွားပေ၏။

သူ့ဘဝထဲက အချစ်ရဆုံး လူသုံးယောက်က သူ့ကြောင့် ပုလဲမြေခနေရပြန်တော့ ယခုအချိန်ထိလာမတွေ့တဲ့ ချစ်ရသူအပေါ်အပြစ်ပုံချကာ နာကျင်ရပြန်သည်။

“ သားကြီးကို မခေါ်သွားလို့မရဘူးလား အရာရှိတို့ရယ်။ ကျွန်မကလေးကလေ သိပ်လိမ္မာတာ ဒီလိုတွေမလုပ်ပါဘူးရှင်။ သားကြီးကလေ သူတစ်ပါးကိုသတ်ဖို့မပြောနဲ့ သူတစ်ပါးပစ္စည်းတောင် မခိုးမဝှက်တတ်တဲ့ သူတော်ကောင်းလေးပါရှင်။ ကျွန်မ သားလေးကို မခေါ်သွားကြပါနဲ့ “

မိခင်ဖြစ်သူက သူ့ရင်ခွင်ထဲဝင်ပြီး တောင်းပန်ခယနေတော့ သူထွက်ပြေးချင်လာသည်။ ထောင်ပြေးတစ်ယောက်လိုပဲ သူ့ဘဝကို ကုန်ဆုံးတော့မည်ဆိုသော စိတ်က လုပ်ရဲရင်ခံရဲရတယ်ဆိုသော ယောင်္ကျားမာနနှင့် ဖိနှိပ်ထားသည့်ကြားက အတားအဆီးမဲ့စွာ ထွက်ပေါ်လာပြန်လေသည်။

အို..သူမှ တမင်လုပ်ခဲ့တာမဟုတ်တာ ဖိနှိပ်လို့မရတာ မဆန်းပါဘူး။ ဒါပေမဲ့ သူ့ပေါ့ဆမှုကြောင့်  ပေးဆပ်ခဲ့ရတာလူ့အသက်ရယ်မို့ ဒီဝဋ်ကြွေးနှင့် ဒီထောင်ဒဏ်ကို သူကျေအောင်ဆပ်‌ရပေအုံးမည်။

“ မေမေနဲ့ဖေဖေကို ဂရုစိုက်ပေး အငယ်.. နောက်(၇)နှစ်နေရင် လွတ်လွတ်လပ်လပ် ပြန်ဆုံကြမယ်…ကျန်းမာရေးဂရုစိုက်ကြပါ။ ကျွန်တော့်ကိုစိတ်မပူနဲ့ ကျွန်တော်အဆင်ပြေမှာပါ “
သူ အမေဖြစ်သူရဲ့ လက်နှစ်ဖက်ကို အသာဆွဲခွာက နောက်ပြန်လှည့်မကြည့်ဘဲ ထိုအခန်းကျဉ်းမှ ဗလာသက်သက်စိတ်အပိုင်းအစများနှင့် ထွက်လာခဲ့သည်။ သူလှည့်ကြည့်မိပါက သူဘယ်လောက်ထိရူးမိုက်လိုက်မိမလဲ သူမပြောနိုင်ဘူး..။

မိဘတွေ၏သောက၊ ပူဆွေးမှု၊မျက်ရည်တို့က သူ့အတွက် သေမိန့်တစ်ခါထဲကျနေသကဲ့သို့ နာကျင်ရသည်။
တရားရုံးအဝရောက်တော့ သူ၏ ခြေလှမ်းတွေရပ်တန့်သွားကာ တစ်စုံတစ်ဦးကို ဝေ့ပတ်ရှာမိ၏။ သို့သော် လမိုက်ညကဲ့သို့ သူ၏ပတ်ဝန်းကျင်မှာလဲ ချစ်ရတဲ့လူသား၏ အငွေ့အသက်တောင်မှ မရှိခဲ့ပါချေ။
အရိပ်အယောင်လေး‌တောင်လာမပြတဲ့မင်းက သိပ်နေနိုင်တာပဲ နွယ်..မင်းကိုယ်မင်းအပြစ်တင်နေမယ့်အစား မောင့်ကို တစ်ခါလောက်ဖြစ်ဖြစ် လာတွေ့သင့်တယ် နွယ်..
မင်းအ‌လောတကြီးခေါ်လို့ လာခဲ့ရတဲ့ မောင့်အဖြစ်ကို မင်းတစ်ခါလောက်တော့ လာကြည့်သင့်တယ်..။

သူ အချုပ်ကားပေါ်သို့ တွေဝေခြင်းမရှိဘဲ တက်လိုက်သည်။ အပြင်ကိုကြည့်၍ရသော အပေါက်ငယ်ဆီသို့ မျက်နှာမမူတော့ပဲ အချုပ်ကား၏ထောင့်မှာ ဒူးနှစ်ဖက်ထောင်ကာ ခေါင်းကိုငုံ့ပြီး ထိုဒူးတွေပေါ်လက်တင်ကာ အံကိုကြိတ်၍ ရှိုက်ကြီးတငင် ငိုမိ၏။
မောင် မင်းဆီကိုလာခဲ့မိတာ သိပ်မှားတာပဲ နွယ်ရယ်..              
မိဘပြီးရင် မင်းကိုဦးစားပေးခဲ့တဲ့ မောင် သိပ်မှားတယ်..                           
အရာအားလုံးကမောင့်အမှားဆို မင်းကလဲ မှန်မနေဘူးဆိုတာတော့ သိထားပါ နွယ်..


နှစ်လ..သူထောင်ထဲမှာ တရားဝင်အကျဉ်းသားဖြစ်တာ နှစ်လရှိပြီ။ ဒီနှစ်လအတွင်း သူ့ရဲ့အပေါင်းအသင်းပြေပြစ်မှုကြောင့် အထဲမှာ လူချစ်လူခင်ပေါလာတယ်။ သူ့အိမ်က ပို့လာတဲ့ ရိက္ခာတွေကို မျှစားတတ်တာကြောင့်လဲဖြစ်လိမ့်မယ်။
သူဒီနေ့ စိတ်ရွှင်ပျနေတာကြောင့် ကိုယ့်အိပ်ရာကိုယ် သန့်ရှင်းပြီးတဲ့အပြင် ကိုပိန်နဲ့ သူကြီးရဲ့ အိပ်ရာကိုပါ သန့်ရှင်းပေးလိုက်သေးတယ်။

“ ဟေ့ကောင်လေး တက်ကြွလို့ပါလား။ ဒီနေ့ ထောင်ဝင်စာလာမှာမို့လို့လား “

ကိုပိန်က ရွှင်ပျနေတဲ့ သူ့ကို မေးတော့ သူလည်း ပြုံးပြကာ ကိုပိန့်ကို ပြန်ဖြေလိုက်တယ်။

“ ဟုတ်တယ် ကိုပိန် ဒီနေ့ မေမေတို့ လာမယ်ပြောလို့ “

“ ညီမလေးရော မပါဘူးလား ကောင်လေးရဲ့ “

Mg'd Nwel Thar Kii (Book version)Where stories live. Discover now