CH:19

845 32 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၁၉)

မောင်ကလေ ဒေါသထွက်‌နေတဲ့ကြားထဲက နွယ့်ကိုအလိုလိုက်တယ်.. မောင်ကလေ နွယ့်မိသားစုကို သိပ်အနိုင်လိုချင်တာ..ပြီးတော့ နွယ့်ကို အဆိပ်သင့်တဲ့ မိသားစုနွံထဲက သိပ်ကိုရုန်းထွက်စေချင်တာ..

ဘယ်လောက်တောင်လဲဆို နွယ်အိမ်မှာကျန်ခဲ့တဲ့အဝတ်အစား၊အသုံးအဆောင် တစ်ခုမှကို မထိခိုင်းဘဲ မောင့်ပိုက်ဆံနဲ့ ဝယ်ထားတဲ့ဟာတွေကိုပဲ သုံးခိုင်းတယ်..။

အိမ်မှာတစ်ပတ်နေတယ်ဆိုတာ အိမ်မှာတောင်မဟုတ် နွယ့်အခန်းထဲမှာပဲ တစ်ပတ်လုံးအခန်းပိတ်နေရတာပါ။ ဘယ်သူ့နဲ့မှ စကားမပြောရသလို လာပို့တဲ့ အစားအစာတစ်ခုမှကိုလည်းမစားရ။ နောက်ဆုံး ဖေဖေအမိန့်ပေးပြီးလာခေါ်ခိုင်းလျှင်တောင် မောင့်ဒေါသကြောင့် နွယ်လိုက်မသွားဖြစ်။

အရင်က နွယ်ဖေဖေ့အမိန့်ကိုမလွန်ဆန်နိုင်ခဲ့ဘူး‌ မောင်~~ အခုကစလို့ မောင့်စိတ်ကိုအခြေတည်ပြီး ဖေဖေ့အမိန့်ကိုတိုက်ဖျက်ပါ့မယ် မောင်~~

နွယ်နေ့ခင်းဘက်တစ်ရေးတစ်မော အိပ်ပျော်သွားသည်။ နွယ်အိပ်ပျော်သွားတဲ့အထိ မောင်ကနွယ့်အနားမှာရှိတုန်း..။

နွယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီး ခဏအကြာ ကလေးမလေးတစ်ယောက် ဆံပင်လေး‌နှစ်ဖက်ကိုစည်းထားတဲ့ သုံး၊လေးနှစ်အရွယ် ကလေးမလေးတစ်ယောက်က နွယ့်ဘေးနားမှာထိုင်ပြီး နွယ့်လက်မောင်းကိုလှုပ်နှိုးနေလေတယ်။

“ ဖေဖေ့ ဖေဖေ့ အထုထတော့..အောက်မှာ မီးတေညားကြီးပဲ..ထ ထတော့..အီးဟီး ဖေဖေ့ အောက်မှာ မီးတေညားကြီးလို့ “

နွယ်လန့်ပြီးနိုးလာရသည်။ အိပ်မက်လား တကယ်လားတော့မသိ။ ကလေးမလေးကိုင်သွားတဲ့ နွယ့်လက်မောင်းလေးကို နွယ်ကိုင်ကြည့်လိုက်တော့‌ နွေးထွေးနေသယောင်ပါပဲ။

နွယ့် ကလေးလေးက သမီးလေးများလားတွေးမိတော့ ဗိုက်ကိုကိုင်ကာပြုံးလိုက်မိသည်။

နွယ်‌ မောင့်ကိုရှာလိုက်တော့ မောင်ကမရှိ။ အရင်ဆို နွယ်နိုးတဲ့အထိ မောင်က စောင့်ပေးတာ..။ မောင့်ကိုရှာမတွေ့တော့တဲ့အဆုံး ထင့်နေတဲ့စိတ်ကြောင့် ကုတင်ပေါ်ကဆင်းကာ အောက်ထပ်ကိုသွားဖို့ပြင်လိုက်သည်။

မောင်ကအပြင်ထွက်ဖို့တားမြစ်ထားပေးမယ့် သမီးလေးလာပြောတဲ့ကိစ္စက နွယ့်စိတ်ထဲမှာ နေရာပိုယူထားလေသည်။

နွယ် လှေကားလက်ရန်းကို သေချာကိုင်ကာ တစ်ထစ်ချင်းဖြည်းဖြည်းဆင်းလာပြီး လှေကားအလည်လောက်မှာ လူသံတွေဆူဆူညံညံကြားရသည်။ ယခင်က နွယ်တို့အိမ်က အဲ့လိုမျိုး ဆူညံမနေ။

နွယ်ဆက်အဆင်းပြီးမှာ မီးသတ်ဆေးဘူးကိုင်ထားတဲ့လူတွေက ‌စာကြည့်ခန်းထဲပြေးသွားသည်။ ဟုတ်ပါရဲ့ နွယ့်နှာခေါင်းထဲ ညှော်နံ့ရလာသည်။

ဒါဆို သမီးပြောတဲ့ မီးတွေ..အို ဘုရားရေ..။
နွယ် ဖြေးဖြေးချင်းလျှောက်ကာ လူစုနေတဲ့ အောက်ထပ်ရှိ ဖွားရဲ့ စာကြည့်ခန်းရှေ့ရောက်သွားသည်။ စာအုပ်တွေကို လောင်မြိုက်နေတာဆိုတော့ ညှော်နံ့‌ကတော်တော်ပြင်းသည်။

ပြီး..ပြီးတော့ မီးတောက်တွေ အရှိန်ညီးညီးတောက်လောင်နေတဲ့ မီးတောက်တွေ..။
နွယ် မျက်စိတွေဝေဝါးလာသည်။ နွယ့်အတွေးထဲက အကြောက်တရားက လက်ရှိပစ္စုပ္ပန်ကို အစားထိုးဝင်နေသည့်ပုံ။ နွယ့်အတွေးထဲမှာ မီးလောင်နေတဲ့ စာအုပ်ပုံတွေမဟုတ်..။ မီးလောင်နေတဲ့ စံအိမ်ကြီး..။ မီးသတ်ဆေးဘူးကိုင်ထားပြီး နွယ့်ကို လှောင်ရယ်ကာကြည့်နေတဲ့သူတွေမဟုတ်..။ စံအိမ်ကြီးကို ကြိုးစားပမ်းစားမီးသတ်ပေးနေသူတွေ..။

နွယ် ခေါင်းတွေမူးလာကာ အမြင်တွေဝေဝါးလာပြီး ဗိုက်ကိုကိုင်ကာ လေဟာနယ်တစ်ခုထဲကို ပြုတ်ကျသွားသလို အေးခနဲဖြစ်သွားရသည်။

အသိစိတ်မလွတ်ခင် နွယ် တဖွဖွရေရွတ်လိုက်သည်က…

“ မေမေ့ကို နွယ်မုန်းပေမယ့် ဒီလိုအဆုံးသတ်မျိုးမပေးချင်ဘူး”

နွယ့်စိတ်ကအတိတ်ကာလကိုရောက်သွား၍ အတိတ်ကကိစ္စရပ်တွေကိုပဲ တမ်းတနေသလို..။

ဒီလှိုင်း ကိုဘုန်းဆီကပြန်အလာ မီးခိုးတွေထွက်နေတဲ့အခန်းရှေ့မှာ လဲကျခါနီးဖြစ်နေတဲ့ နွယ်သာကီကို တွေ့လိုက်ရသည်။ ဘေးဘီကြည့်တော့ မည်သည့်အိမ်အကူမှမရှိ။ ဒီလှိုင်းကိုင်ထားသည့် ဆိုင်ကယ်သော့နှင့် ဖုန်းကို ပြစ်ချခဲ့ကာ လဲကျတော့မည့် နွယ်သာကီ့ခန္ဓာကိုယ်ကို အပြေး သွားဖမ်းလိုက်သည်။

မျက်ရည်တွေကြားထဲက မျက်လုံးကြောင်တောင်တောင်နှင့် အသိစိတ်လွတ်နေတဲ့ နွယ်သာကီ။ အသားတွေဟာလည်း အေးစက်လို့..။

အို..နွယ်ရယ် မောင့်ကို ဒီလိုတော့မနောက်လိုက်ပါနဲ့ကွာ..။

“ နွယ်..နွယ် သတိထား..သတိထားအုံး။
မောင်ရှိတယ်လေ မောင့်ကိုကြည့်ပါအုံးကွာ”

“ မောင်..မောင် မီး..မီးတွေ‌ရှိတယ် မောင်ရဲ့ အဲ့ကို မ..မသွားပါနဲ့..”

နွယ့်အမြင်တွေထဲ မီးတောက်တွေကြားထဲ မောင်က တိုးဝင်သွားသည့်ပုံစံမျိုး။ လောင်လောင်မြိုက်မြိုက် ဆိုးဆိုးဝါးဝါးရယ်ပါ။

“ မောင် ဘယ်မှမသွားဘူး နွယ်။ သတိထားပါအုံးကွာ..။ ဒီလိုပုံနဲ့ မောင့်ကို မသတ်ပါနဲ့”

ဒီလှိုင်း နွယ်သာကီ့မျက်နှာကို ဖွဖွလေးပုတ်ကာ အသိအမြန်ဝင်စေလျက်..သို့သော် နွယ်သာကီ့မျက်လုံးတွေပိတ်ကျသွားသည်။

“ နွယ့် သတိပြန်ရ‌စမ်း.. ခင်ဗျားမျက်လုံးတွေကိုဖွင့်စမ်း နွယ်သာကီ ကျုပ်ပြောနေတယ်လေကွာ”

ဒီလှိုင်း နွယ့်ပုံစံကိုကြည့်ကာ အော်ဟစ်ငိုကြွေးလိုက်သည်။ ဒီလှိုင်းရဲ့မျက်လုံးတွေကသားရဲလို နီရဲနေသည်။
ကြေကွဲရတယ် နွယ်..

ဒီလှိုင်းသတိဝင်ကာ နွယ့်ကိုကောက် မ ပြီး မီးလောင်နေတယ်ဆိုတဲ့အခန်းကို ကြည့်လိုက်သည်။ တကယ်တော့ မီးလောင်နေတယ်ဆိုတာထက် မီးရှို့နေတာဆို ပိုမှန်လိမ့်မယ်။ သံလင်ဗန်းကြီးကြီးအပေါ်မှာ စာအုပ်တွေမီးပုံရှို့ထားတာဖြစ်သည်။

ကလေးတစ်ယောက်သာ ထိုမီးပုံကိုမြင်ရင် လန့်သွားစေလောက်တဲ့အထိ စာအုပ်အထူကြီးတွေကို မီးပုံရှို့နေတာဖြစ်သည်။
ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာသိလို့ သက်သက်မဲ့လုပ်ထားတာဖြစ်မည်။

“ ဒီအခန်းထဲကလူတွေက အကျိုးဆက်ကိုခံစားနိုင်လို့ ဒီလိုလုပ်တယ်ဆိုပါတော့..အဲ့တော့ အကျိုးဆက်ကို ကျုပ်က ခံစားခွင့်ပြုရမှာပေါ့..”

“ ပြီးတော့ ချက်ချင်းလွမ်နောင်ကိုမရရတဲ့နည်းနဲ့ ခေါ်လာခဲ့”

B နှင့် Cကို တစ်မျိုးစီအမိန့်ပေးလိုက်ပြီး ဒီလှိုင်းနွယ့်ကိုချီလျက် အိမ်ပေါ်ကို တက်လာခဲ့သည်။ ဒီလှိုင်းရဲ့ ရင်ဘတ်ပေါ်မှာမေ့မြောနေတဲ့ ခန္ဓာကိုယ်လေးက ရင်နင့်စရာပါ။

တစ်ခဏအကြာမှာ ရန်ကုန်ရောက်နေသည့် လွမ်နောင်က ချက်ချင်းရောက်လာသည်။ လွမ်နောင်နှင့်အတူ ဧရာဇင်ပါ ပါလာသည်။
လွမ်နောင်က နွယ့်ကို စစ်ဆေးပေးကာ ကိုယ်ဝန်တော့မထိခိုက်သွားပဲ အကြောက်လွန်နေလို့ မေ့မြောသွားတာဖြစ်ကြောင်း သေချာရှင်းပြသည်။

“ ဖြစ်နိုင်ရင် ဘန်ကောက်မှာပြောင်းနေစေချင်တယ်။ တကယ့်တကယ်မွေးချင်လာရင် ဆေးရုံတစ်ခုလုံး လေယာဉ်ပေါ်တင်လာလို့ မရဘူး..ပြီးတော့ ဒီလိုတိုက်တိုက်ဆိုင်ဆိုင် ငါကလဲ ဒီမှာရောက်နေမှာမဟုတ်ဘူး..”

“ ကျုပ်သိပါတယ်”

ဆရာကြီးမလုပ်နဲ့ဆိုသည့်သဘောဖြင့် ဒီလှိုင်းက ပြန်ဖြေတော့ လွမ်နောင်က ‘မင်း’ဆိုပြီး လက်ညှိုးတထိုးထိုးနဲ့ ဒေါသထွက်ကာ ပြန်သွားသည်။ ကျန်သူက ဧရာဇင်..။

“ ဘယ်သူက ငါတို့ဗိုက်ဗိုက်လေးကို မကောင်းကြံရဲတာလဲ”

ဧရာဇင် ဒေါသထွက်လာသည်။ သူတို့သေချာပြုစုထားသည့် ဗိုက်လေးကို ဘယ်သူကအရဲကိုးပြီးတော့…။

“ သူ့အိမ်က သူ့အကြောင်းသိတဲ့လူတွေနေမှာပေါ့ “

“ အဲ့တာကြောင့်ပြောတာ သေနာရဲ့။ သူများတွေက မယားပြောတစ်ည မင်းကျမှ လင်ပြောတစ်ခွန်း..။ ‌ဗိုက်ဗိုက်လေး သတိရတာနဲ့ ပြန်လာခဲ့ ကြားလား ကောင်စုတ်”

ဧရာဇင်က ထိုင်နေသည့် ဒီလှိုင်းရဲ့ ဇက်ပိုးကိုအုပ်ကာ ကြိတ်မနိုင်အားမရဖြစ်နေပြီး ခဏအကြာ ရာဇသံပေးပြီး ပြန်ထွက်သွားလေသည်။

အားလုံးပြန်ထွက်သွားမှ Dက အလျင်စလိုရောက်လာပြီး သူရှာဖွေထားသမျှကို ဒီလှိုင်းထံသတင်းပို့သည်။

“ အစ်ကိုလေး ကိုးနှစ်လောက်မှာ ဒီရောဂါကို စဖြစ်တာ..။ ကိုးနှစ်လောက်မှာ အစ်ကိုလေးရဲ့အမေ သီရိနွယ်က ဒီခြံမှာရှိတဲ့အရင်စံအိမ်ကြီးမီးလောင်တဲ့အထဲ ပါသွားတာ။ အဲ့အချိန်တုန်းက အစ်ကိုလေးလည်းရှိခဲ့ပေမယ့် နှစ်ယောက်ထဲမှာ အစ်ကိုလေးပဲ ဘေးကင်းခဲ့တာ။ အဲ့ကစလို့ အရှိန်ညီးညီးနဲ့တောက်နေတဲ့ မီးတောက်ကိုမြင်ရင် အခုလိုဖြစ်သွားတာပဲလို့ သူတို့မိသားစုဆရာဝန်ကပြောပါတယ်”

“ ဆိုတော့ အခုကိစ္စက တမင်လုပ်တာပေါ့..”

“ မှန်ပါတယ်”

“ သွားလို့ရပြီ”

ဒီလှိုင်းလက်ကာ၍ ထွက်သွားခိုင်းလိုက်သည်။

ထိုနေ့က ငြိမ်ချက်သားကောင်းနေသည့် လူနှစ်ယောက်အတွက် တငွေ့ငွေ့တိုက်စားမည့်  ငရဲမီးမြိုက်ဟာလည်း စတင်ချေသည်။

အဆိပ်တကာ့အဆိပ်ထဲမှာ ကိုယ့်အကြောင်းသိသူတွေရဲ့ အဆိပ်ကအပြင်းထန်ဆုံးဖြစ်ပြီး သေရာပါ ဒဏ်ရာရစေနိုင်ကြောင်း နွယ်နှောင်းသာကီရဲ့ အဆိပ်သင့်နေတဲ့မိသားစုကပြသွားလေသည်။

နွယ်နှောင်းသာကီရဲ့အမေသေရခြင်းက ရှို့မီးဖြစ်ဖြစ်၊မတော်တဆမီးဖြစ်ဖြစ် ဒီလှိုင်းခက်ထန်မသိချင်။ သူဆက်လုပ်သမျှ အရာတွေသည် နွယ်သာကီ့နှလုံးသားထဲက ဒဏ်ရာနက်နက်ကိုသာ ပျောက်စေဖို့ သူရည်စူး၏။

သူထိုနေ့ကထဲက နွယ်သာကီသတိရတာနဲ့ ရန်ကုန်ကအိမ်ကိုသွားပြီး ပစ္စည်းများသိမ်းဆည်းကာ‌  နောက်နေ့မနက်လေယာဉ်နှင့် ဘန်ကောက်ရှိ ကိုလွမ်စေး၏အိမ်ကိုသွားသည်။

ဘန်ကောက်မှာလူရောက်နေလို့ ဒေဝီသာကီကိုကျေအေးပေးလိုက်ပါမထင်ပါနှင့်။ ဒေဝီသာကီသတင်းတွေကိုတောက်လျှောက်စုံစမ်းနေပြီး လှပသစ်လွင်သော စိန်နှင့်နီလာကို ပလက်တီနမ်နှင့်ရောကာပြုလုပ်ထားသည့် ဘရက်တစ်ခုကိုဒီဇိုင်းရေးဆွဲနေပြီး ဒီတစ်နှစ်လုံးမရောင်းချရသေးသည့် ပစ္စည်းများနှင့်အတူ ပြခန်းတင်ရန်ပြင်နေ၏။ ပြီးနောက်ထိုဘရက်ကို လေလံတင်၍ တစ်ခါထဲရောင်းချမည်ဖြစ်သည်။

ထိုသတင်းကိုလဲ ဒီလှိုင်းခက်ထန် တစ်ဦးထဲပိုင်ဆိုင်သော Yit Kyoe Nwel(ရစ်ကြိုးနွယ်)ဟူသော ရတနာဆိုင်၏ pageမှ ကျင်းပမည့်ရက်စွဲအတိအကျမကြေညာသေးပေမယ့် သေချာသောသတင်းကိုတင်ထား၏။

ရတနာဒီဇိုင်းတွေကိုကြိုက်သည့်လူတွေသည် BBrown ကိုယ်တိုင် ဒီဇိုင်းဆွဲသော ဘရက်သည် မည်မျှလှပနေမည်ကို စိတ်ဝင်စားနေကြသည်။

ထိုစဉ် ဒေါ်ဒေဝီသာကီသည် တောက်တခပ်ခပ်နှင့်ဖြစ်နေ၏။ အကြောင်းမှာ သူ၏ရတနာဆိုင်တွေလဲ ဒီတစ်လောအတွင်းပြပွဲလုပ်ဖို့ ရည်ရွယ်ကာ ကြိုတင်ပြင်ဆင်နေပြီဖြစ်၏။

တိုက်တိုက်ဆိုင်ဆိုင်ကို ဒေဝီသာကီပြပွဲကျင်းပသည့်ရက်တွင် ဒီလှိုင်းခက်ထန်သည်လည်း ပြပွဲကျင်းပလေ၏။ သတင်းမီဒီယာတွေကအစ တင်းကြပ်ထားသည့် BBrown ၏ပြပွဲသို့ရောက်နေကာ ဒေါ်ဒေဝီသာကီ၏ပြပွဲမှာမူ ခင်မင်သူတချို့သာရှိသောကြောင့် ဒေါသတွေတရှူးရှူး တရှဲရှဲထွက်နေလေသည်။

ထိုနေ့က သန်းချီတန်သည့် ဘရက်ကြီးကို လေလံပွဲမှာအလုအယက်ပြိုင်ဝယ်ကြသည်မို့ ဈေးအမြောက်အမြားနဲ့ရောင်းထွက်သွားကာ ကျန်သည့်ပစ္စည်းများလဲ နေ့တွင်းချင်းရောင်းထွက်သွားတာမို့ ဘန်ကောက်မှာပဲရှိနေသည့် ဒီလှိုင်းခက်ထန်က သဘောဟွေ့နေတော့သည်။

သူ့ကိုစိတ်အနှောက်အယှက်ပေးထားသူကို ပြန်ကာ အနှောက်အယှက်ပေးလိုက်ရ၍ ပိုပြီးစိတ်ချမ်းသာနေတော့သည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now