CH:25

914 32 0
                                    

မောင့်နွယ်သာကီ
အပိုင်း(၂၅)

“ ကျန်ရှိတဲ့ ရုပ်ကြွင်းကို ဒယ်ဒီစွဲလမ်းနေမှာမဟုတ်ဘူး ဒယ်ဒီ့သမီးလေး။ ဘယ်ဒေသကိုမှလည်မနေဘဲ ဒယ်ဒီတို့ဆီပဲပြန်လာခဲ့နော် ဒယ်ဒီ့သမီးလေး “

ဒီလှိုင်းသမီးကို ထိုင်းကနေ ရန်ကုန်အထိ ပြန်ခေါ်လာပြီး ရေဝေးမှာပဲ မြေချလိုက်သည်။   လေယာဉ်ကွင်းကနေ ချက်ချင်းသင်္ချိုင်းကိုလာပြီး မြေချလိုက်သည်။ နေ့ခင်းဘက်ကြီး ချက်ချင်းကို မြေချလိုက်တာဖြစ်၏။

မြန်မာအယူ နိုင်ငံကူးပြီး အလောင်းတွေကိုသယ်၍ရပြီး  ရပ်ထဲရွာထဲတန်းမဝင်ဘဲ သင်္ချိုင်းကိုတန်သွားလျှင် ပွဲပေးစရာမလို၊ ဘာမှလုပ်စရာမလိုဟု ဒီလှိုင်းသိလိုက်ရ၍ ချက်ချင်းကို သင်္ဂြိုလ်လိုက်သည်။

သမီးရဲ့မပြည့်စုံခြင်းတွေကို သူ့‌အနေနဲ့ ကပ်တွယ်နေမည် မဟုတ်။ သေချာပေါက် သူ့သမီးက သူ့ဆီပြန်လာမှာဖြစ်သည်။ ဖြစ်ကိုလဲ ဖြစ်ရမည်။

“ ပြန်မယ် A “

ဒီလှိုင်း ကပ်တွယ်ခြင်းကင်းစွာ ချက်ချင်းကျောခိုင်းလျက် ထိုင်းဘက်ကို ပြန်လာခဲ့သည်။

အရာသေးသေးလေးကိုတောင် မစွန့်လွှတ်နိုင်ရင် သင့်ဘဝရဲ့ အကြီးမားဆုံးပျော်ရွှင်မှုတွေက သင်နဲ့မထိုက်တန်ဘူး။

“ မောင် သားငယ်က ဘာလို့အသားမဲလာတာလဲဟင် မောင့်ထက်တောင်မဲမဲလေး ဖြစ်နေတယ် “

“ ခင်ဗျားက မောင့်ကို မဲတယ်လို့ ပြောတာလား မောင့်နွယ်သာကီ "

“ ဟီး..မောင်က ချောကလက်တစ်လုံးတစ်ခဲကြီး သားငယ်က ချောကလက်ပိစိလေးလေ..နွယ်က ချောကလက်ခဲတွေကြားထဲက နို့ခဲလေး ဟိဟိ”

“ ခင်ဗျား လာစမ်း နွယ်သာကီ..ခင်ဗျားသိပ်အူမြူးနေတာပဲ “

ဒီနေ့ နွယ်တို့ ဆေးရုံက ပြန်ဆင်းတဲ့နေ့..။ တစ်လကျော်ကျော်ဆေးရုံမှာနေခဲ့ရပြီး အိမ်ပြန်လာလို့ရလို့ နွယ်အရမ်းပျော်နေသည်။ သားငယ်က ညှက်သေးပေမယ့် ထူထူထောင်ထောင်နှင့် လူသိနေပြီဖြစ်သည်။

နွယ်ကတော့ သားငယ်ကို ချီပိုး၍ရပေမယ့် ကျန်တဲ့အလေးတွေ မ လို့တော့မရ။ မောင်ကိုက မ,မ ခိုင်းတာဖြစ်၏။

ကလေးငယ်သေးလို့ လေယာဉ်စီး၍မရသေး။ ဒါကြောင့် ထိုင်းက အရင်နေခဲ့တဲ့ အိမ်မှာပဲ တစ်လ‌ နှစ်လလောက်ပြန်နေအုံးမည်။

“ အား မောင်နော် ပြန်ချပေးဆို..မောင့် “

ပခုံးအပေါ်ထမ်းထားတဲ့ မောင့် ကျောကို ခပ်ဖွဖွရိုက်ကာ လှုပ်ရမ်းနေသည်။ နွယ့်ကျက်ဆံမြီးတွေက အောက်ငိုက်စိုက်လျက် ရမ်းခါလို့..။

“ ခင်ဗျားကို အပြစ်ပေးရမယ် မောင့်နွယ်သာကီ “

“ မောင်လို့ သားဆီကို နွယ်သွားရအုံးမယ်လို့”

“ သားက အိပ်နေတာကို သိုးလို့ ခင်ဗျား သားကို ခုတုံးမလုပ်နဲ့ မောင့်နွယ် “

ဒီလှိုင်း နွယ့်ကို ကုတင်ပေါ်အကျအနတင်ကာ ပါးစုံအစ်အစ်လေးတွင် သွားရာအကွင်းလိုက်ထင်သည်အထိ ဖိကိုက်ချလိုက်သည်။

“ မောင့် သူများပါးလေးကို သူ့ပါးမဟုတ်တိုင်း..”

“ အဲ့ဆိုပြန်ကိုက်..”

မောင်က သူ့အဆီအပိုမရှိသည့် မျက်နှာကို နွယ့် ပါးစပ်နားတိုးပေးသည်။ နွယ့်လိုပါးအစ်အစ်လေးမရှိသည်မို့ ကိုက်ရတာအဆင်ပြေမည်မဟုတ်။

“ သူ့ပါးကအရိုးကြီးပဲကို လျှောက်ပြောနေတယ်..ဪ ဒါနဲ့ မောင် သားကညှက်နေလို့ နို့မှုန့်ပြောင်းတိုက်မလားဟင်..လိုင်းပေါ်မှာ နွယ်ရှာကြည့်တာတော့ ဆိတ်နို့တိုက်ရင် ကလေးပိုထွားတယ်တဲ့ “

“ အင်း နွယ့်သဘောလေ ကြိုနည်းသိလား “

“ အင်း..ဆိတ်နို့ကို ရေမရောဘဲ ခွက်လေးနဲ့ ပေါင်းအိုးထဲထည့်ပေါင်း ပြီးရင် နို့ဘူးထဲကို ဆိတ်နို့တစ်ရစ်ဆို ရေတစ်ရစ် ဆတူထည့်ပြီး တိုက်ရတယ်တဲ့..အဲ့နည်းက စိတ်ချရတယ် မောင် “

“ အင်း ပြီးကျ ဆိတ်နို့ရှာဝယ်ပေးမယ် "

“ ဟုတ်ကဲ့ပါ ခင်ဗျာ့ အပေါ်ကနေဖယ်ပါတော့ သားဆီသွားတော့မယ် “

နွယ်တို့အခန်းနဲ့ သားအခန်းဟာ ဘေးချင်းကပ်လျက်..။ အခန်းခွဲထားပေမယ့် နွယ်တို့က သားအခန်းထဲမှာ ကုတင်တစ်လုံးထည့်ကာ ညဘက်ကျ အတူအိပ်ကြပြီး တစ်နေကုန်လည်း သားအခန်းထဲမှာပဲ နေဖြစ်ကြသည်။
နွယ်  ကျစ်ဆံမြီးကို လက်နဲ့သပ်လျက် ထရပ်လိုက်သည်။

“ မောင့် “

လက်ကိုဆွဲထားသည့် မောင့်ကို မျက်စောင်းထိုးပြီး ဆောင့်ဆောင့်အောင့်အောင့်ခေါ်လိုက်တော့ ဟက်ခနဲရယ်ကာ အသာတကြည်လွတ်ပေးလာ၏။
ဤသို့ဖြင့် နွယ် သားအခန်းထဲကို အသာတကြည်သွား၍ရခဲ့သည်။

အခန်းထဲရောက်တော့ ဒီဘက်အခန်းက ကိုယ်တော်ချောက လေးထောင့်ပုခက်ထဲမှာ ထည့်ထားသည့်အတိုင်းမဟုတ်တော့ ခြေကားယား လက်ကားယားနှင့် မျက်လုံးနှစ်လုံးကလည်း ‌ဇာခြင်ထောင်လေးကို စိုက်ကြည့်နေလိုက်တာများ ပြူးပြဲလို့..။

“ ကျွတ်စ် ကျွတ်စ် ဖေဖေ့သားက နိုးပြီလား “

“ အိ..အင့် “

“ ဖေဖေ့ သားသားလေးက လိမ္မာလိုက်တာ “

နွယ် ခြင်ထောင်လေးကိုတင်ကာ ပုခက်ထဲက သားကို ပခုံးအပေါ်ခေါင်းလေးတင်ပေးလျက် ချီလိုက်ပြီး ကျောကိုပွတ်ကာ အခန်းထဲလမ်းလျှောက်နေပေးလိုက်သည်။ သားက ဇိမ်အရမ်းခံချင်တာ နိုးလာရင် ဂျီမကျတတ်ပေမယ့် ဒီလိုမလုပ်ပေးရင် နို့မသောက်ဘဲ အသံတိတ်ဆန္ဒပြနေတတ်တာ..။

သားရဲ့အခန်းက အအေးဓာတ်နဲ့ အပူဓာတ်ရောရောနှောနှောနှင့် အတော်လေးနေလို့ကောင်းသည်။ နွယ်တို့အခန်းကျ အေးစိမ့်နေ၏။

နွယ် ဟိုဘက်၊ဒီဘက် လေး၊ငါးခါလျှောက်ပေးအပြီးမှာ သားက မှိန်းလာသည်။ ပြီးနောက် ထငိုပါတော့သည်။

“ အူဝဲ..အူဝဲ “

သားရဲ့အော်သံက တော်တော်စူးတာမို့ နွယ့်နားအူသွားရသည်။ ဒီလိုပဲ ကိုယ်တော်ချောက စိတ်မကြည်ရင် မကြည်သလို ထ ထငိုတာ..။

“ အာ ဖေဖေ့သားလေးက ဘာလို့ငိုတာလဲ..မငိုပါနဲ့ သားသားလေးရယ် ကျွတ်စ် ကျွတ်စ်..”

“ အူဝဲ အူဝဲ “

နွယ် ဘယ်လိုချော့ချော့မရသည့်အဆုံး ကြားလျက်နဲ့ မလာသည့် မောင့်ကို အော်ခေါ်တော့သည်။ အဲ့မောင်ကလေ နွယ် ကလေးမထိန်းတတ်ဘူးဆိုပြီး သိပ်အခြေကြီးနေတာ။

“ မောင်ရေ မောင့် သားငိုနေတာမကြားဘူးလား မောင်ရေ "

“ အူဝဲ..အူဝဲ “

“ ကျွတ်စ် ကျွတ်စ် မငိုပါနဲ့တော့ကွာ ဖေဖေ့သားသားရယ် ဟိုမှာ ဒယ်ဒီလာပြီ ဒယ်ဒီဝက်ဝံစုတ်ကြီးလာပြီ ဝက်ဝံပေါက်ရဲ့ “

သူ့ဒယ်ဒီအသံလည်းကြားရော တစ်ချက်တစ်ချက်ရှိုက်ရုံမှအပ တိတ်သွားလိုက်တာများ အမြင်ကပ်စရာ..။

“ ဒယ်ဒီ့ သားငယ်က ဒယ်ဒီ့ကို လွမ်းနေတာလား..ကြည့်စမ်းပါအုံး သားငယ်ကို ဘယ်သူလုပ်တာလဲ..ဖေဖေလား အဲ့ဖေဖေကို ရိုက်အုံးမှပါ “

မောင်က နွယ့်လက်ပေါ်က သားသားကို မြှူတော့ ဘာတွေသဘောကျနေမှန်းမသိ သူ့ဒယ်ဒီကိုလိုက်ကြည့်နေလိုက်တာများ..။

“ သားကို ဒီနေ့ ရေချိုးပေးမှာမလား မောင်ရေသွားစပ်လိုက်မယ် နွယ်သားကို မငိုအောင်ချီထားနော် ဟက် “

“ နေနေ မောင်တို့သားအဖပဲနေခဲ့ နွယ်ပဲသွားစပ်တော့မယ် တကယ်တည်း ဒီကလုပ်လို့ သူ့သားငိုရတယ်ရှိသေး။ သားကကဲကဲ ဖအေကသဲသဲ “

သားကို တစ်ပတ်တစ်ခါလောက်ရေချိုးပေးဖြစ်၏။ ကျန်တဲ့အချိန်တွေတော့ ရေပတ်ပဲတိုက်ပေး၏။

နွယ် သားကို မောင့်ဆီပြောင်းပေးခဲ့ကာ ပွစိပွစိပြောပြီး သားအခန်းထဲက ရေချိုးခန်းကိုလာကာ ဖိုက်ပါ ရေဇလားလေးထဲ ရေပူနဲ့ရေအေးကို အချိုးကျထည့်ပြီး ရေစပ်လိုက်သည်။ ပြီးနောက် ကိုယ်တော်ချောလေးရဲ့ ဘဲရုပ်ကလေး၊ ရေချိုးဆပ်ပြာလေးတွေကို တန်းစီချခဲ့ပြီးပြန်ထွက်လာခဲ့သည်။

အရှေ့မှာတော့ မောင်က သားကို သူ့ညာလက်မောင်းအပေါ်တင်ကာ ဘာတွေပြောနေမှန်းမသိ။ သားက စိတ်ဝင်တစားလိုက်ကြည့်လို့..။

“ မောင် ပြီးပြီ သားကို အင်္ကျီချွတ်ပေးပြီး ခေါ်လာလို့ရပြီ “

“ ခဏလေး နွယ်သာကီ ခုနက သူ့သားဆိုတာလေးရှင်းပါအုံး ဒီအကောင်ပေါက်က ဘယ်ဥက ပေါက်တာလဲ”

“ ဂွေးဥကဟေ့ ဂွေးဥက သားကိုရေချိုးပေးပါမယ်ဆိုနေ လာရစ်နေသေးတယ် “

နွယ် စိတ်တိုတိုနဲ့ပြောချပြီး သူတို့နားလျှောက်သွားတော့ မောင်က ခပ်စစရယ်ကာ နွယ့်နားကို ကပ်ပြီးမေးလာပြန်၏။
“ ဘယ်သူ့ဂွေးဥကလဲ “

“ မောင်နော် “

နွယ် သားကို အင်္ကျီတွေချွန်ပေးပြီးနောက် မောင့်ကိုပဲချီခိုင်းကာ သားအဖသုံးယောက် ‌ရေချိုးခန်းကိုချီတက်ကြလေသည်။
သားက ရေချိုးရင် မောင်နဲ့မှ ဖြစ်တာ..။

“ မောင် သားကို ဒီပေး မောင်ပါ အင်္ကျီချွတ်လိုက် “

“ ဟာ ရေချိုးခန်းကြီးထဲမှာနော် နွယ်.. ပြီးတော့ သားလည်းရှိတယ် “

“ မောင့် ဘယ်လိုဖြစ်လို့ အဲ့တာပဲ တွေးနေတာလဲ တော်တော့ သားအင်္ကျီချွတ်ထားတာကြာရင် အအေးပက်လိမ့်မယ် “

နွယ် သားကို မောင့်လက်ထဲကနေ ပြောင်းချီလိုက်ပြီး မောင့်ကိုအင်္ကျီချွတ်စေသည်။
ဒီလှိုင်းအင်္ကျီချွတ်ပြီးတော့ သားက ဒီလှိုင်း လက်မောင်းအပေါ် အလို‌လိုရောက်လာသည်။ သိတာပေါ့ နွယ်သာကီက အခုထိသားကို ရေချိုးပေးဖို့မရဲသေးဘူး။

ဒီလှိုင်း ရေစပ်ထားတဲ့ ဇလားထဲက ရေကိုလက်ဝါးနှစ်လိုက်ပြီးနောက် သားရဲ့မျက်နှာဆီသို့ ရေစိုလက်ဝါးနှင့်သက်ကာ မျက်နှာသစ်ပေးလိုက်သည်။

ပါးစပ်မှလည်း
‘ဗုဒ္ဓံ သံရဏံ ဂစ္စာမိ
ဓမ္မံ သံရဏံ ဂစ္စာမိ
သံဃံ သံရဏံ ဂစ္စာမိ’ဟု ရေရွတ်ဖို့လည်း မမေ့ခဲ့ပါချေ။
ဤသို့ရွတ်ဆိုခြင်းဖြင့် ကလေးလေး ဘေးအန္တရာယ်ကင်းတယ်၊ လူချစ်လူခင်ပေါများတယ်လို့ ဗုဒ္ဓဘာသာတွေမှာ အယူရှိ၏။ ထို့ကြောင့် ဒီလှိုင်းသားကို မျက်နှာသစ်တိုင်းထိုသို့လုပ်ပေးသည်။ ဒီလှိုင်း လက်မောင်းကြီးအပေါ်မှာသားကိုတင်ကာ ရေလေးလောင်းပေးလိုက် ဆပ်ပြာလေးတိုက်ပေးလိုက်နှင့် ငါးမိနစ်တာရေချိုးပေးခြင်း ပြီးစီးသွား၏။ အမှန်စင်စစ် ငါးမိနစ် ကြာချင်မှကြာလိမ့်မည်။

သားကိုအဝတ်နဲ့ထုတ်ကာ ဒီလှိုင်းရေစိုလျက် နွယ့်ဆီကမ်းပေးလိုက်သည်။ နွယ်က ကုတင်ပေါ်မှာသားကိုတင်ကာ Lotionလူးခြင်းအမှုကိုပြုပြီးနောက် အင်္ကျီထူထူတန်းဝတ်ပေး၏။ ပြီးနောက် ပေါင်းပြီးသား ဖျော်ပြီးသားနို့ဘူးကိုတိုက်ကာ ပွေ့ပိုက်ကာချီလျက် ဘယ်ပြန်ညာပြန်လျှောက်ပြီး သားကို တစ်ခါထပ်သိပ်လိုက်သည်။

ဒီအ‌ရွယ်ကလေးတွေက တအားအိပ်၏။ သားက ပိုအိပ်ပြီး အချိန်အခါမဟုတ်ကျ ပိုငိုတတ်၏။

သားကိုပုခတ်ထဲထည့်ကာ ဇာခြင်ထောင်လေးချပေးခဲ့ပြီးနောက် ‌လင်သားတာဝန်ထမ်းဆောင်ဖို့ နွယ်တစ်ဖက်အခန်းသို့ကူးလာလိုက်သည်။

နွယ်ကူးလာတော့ မောင်က ကျကျနနဝတ်လို့ အိမ်နေရင်းပုံစံနဲ့တောင်မတူ ကျော့ကော့နေ၏။

မှန်ရှေ့မှာ ဆံပင်တွေကိုသပ်တင်နေသည့်ပုံများ မင်းသားရှုံးသည်။

“ မောင့် ဘယ်သွားမလို့လဲ “

“ ဘာသွားလုပ်မှာလဲ “

လည်ပင်းမှာ တစ်လုံးလျှော့ဖြုတ်ထားသည့် မောင့်အင်္ကျီကြယ်သီးကို နွယ်အမြင်ကပ်စွာပြန်တပ်ပေးလိုက်ပြီး မော့မေးလိုက်သည်။

“ မောင့်အချစ်တွေအတွက် ငွေရှာရမှာပေါ့ “

ဒီလှိုင်း နွယ့်မေးစေ့ကိုကိုင်ကာ ပြုံး၍ ပြန်ဖြေလိုက်သည်။

“ အင်းပါ စောစောတော့ပြန်လာခဲ့နော် မောင် “

“ ဟုတ်ကဲ့ပါ ခင်ဗျ “

ဒီလှိုင်း နွယ့်ကိုပြုံးကာနှုတ်ဆက်ပြီးနောက် လှည့်ထွက်မလိုလိုနဲ့ ပြန်လှည့်ကာ နှုတ်ခမ်းနုနု အကြင်နာဝေစေ၏။

အကြင်နာနုနု၏ တိုက်စားမှုကြောင့် နုလုံးသားရပ်ဝန်းအတွင်း လိပ်ပြာများပျံဝဲနေသလိုလို တသိမ့်သိမ့်နဲ့..။

“ ဂရုစိုက် မောင် “

“ အင်း “

မောင်က လှည့်ထွက်သွားခဲ့၏။ အလုပ်သွားတဲ့ မောင့်ကို မနှောက်ယှက်သင့်မှန်း နွယ်သိပါလျက်နဲ့ မသွားပါနဲ့လို့ အမြဲတားချင်နေမိခဲ့သည်။

မောင်က ဒီတစ်လလုံး နေ့တိုင်းနီးပါးအပြင်ထွက်ပြီး ညကျမှပြန်ရောက်လာတတ်သည်မို့ မျှော်ရသည့် နွယ့်မှာလည်း ရင်မောရသည်။
နွယ် မောင့်ကိုလွမ်းတဲ့အလွမ်းကို ဖြေဖျောက်စွာ သားရဲ့အခန်းထဲက တီဗွီစင်အောက်မှာထည့်ထားသည့် သိုးမွှေးလုံးလေးတွေကိုထုတ်ယူလိုက်သည်။

နွယ်မှအိမ်အလုပ်မလုပ်တတ်ဘဲ ဒါပဲအပျင်းဖြေစရာရှိသည်။ နွယ့်က မိတ်ဆွေသူငယ်ချင်း‌တွေနဲ့ အဆက်အသွယ်ပျက်နေတာမို့ ဖုန်းပြောရမည့်သူလည်းမရှိ။
နွယ် သိုးမွှေးတွေထုတ်ယူရင်း နွယ်မထိုးဖြစ်တာ တစ်လကျော်ကျော်ရှိပြီဖြစ်သည့် အနီရောင်အင်္ကျီလေးက အောက်ဆုံးကနေ ပေါ်ထွက်လာခဲ့သည်။

နွယ် သိုးမွှေးလုံးနှင့်တန်းလန်းရှိသေးသည့် အင်္ကျီလေးကိုထုတ်ကာဖျန့်ပြီး လည်ပင်းသားလေးကိုခပ်ဖွဖွလေးထိကြည့်ပြီး လက်သီးပြန်စုတ်ကာ တသိမ့်သိမ့်ငိုမိသည်။
ဒီအင်္ကျီလေးက အိပ်မက်ထဲမှာတွေ့တွေ့နေခဲ့ရတဲ့ သမီးကိုရည်ညွှန်းတာ..။ သမီးဖို့ ထိုးနေတာ..။

သမီးက ဖေဖေ့ညံ့ဖျင်းမှုကြောင့် ဖေဖေ့ဆီ မလာနိုင်တော့ဘူး..။ ဖေဖေ တောင်းပန်ပါတယ် ဖေဖေ့သမီးရယ်..။

နွယ် အင်္ကျီလေးကိုမတွေ့လျှင်တောင် သမီးကိုသတိရတိုင်း မောင်မသိအောင် ခိုးခိုးငိုတတ်၏။ ပြန်လာမှာလို့ တထစ်ချယုံထားတဲ့ မောင်ကတော့ ငိုတာမတွေ့။ သမီးကိုပြန်မခေါ်ပေးနိုင်တော့တဲ့ နွယ့်မှာတော့ ရင်ကွဲရ‌တာ အခါခါ..။ အကယ်လို့ သမီးကိုသာ ခေါ်ပေးနိုင်ခဲ့ပါလျှင် ဟူ၍ မဖြစ်နိုင်သည့် ကိစ္စရပ်ကို နွယ်ခဏခဏတွေးမိ၍ ပိုပိုနာကျင်ရလေသည်။

နွယ် တကယ်တောင်းပန်ပါတယ် မောင်ရယ်..

“ တီ..တီ “

ည(၁၀)နာရီကျော်ပြီမို့ နွယ် မောင့်ဖုန်းကို ခဏခဏခေါ်ကြည့်၏။ ဘယ်လိုမှခေါ်မရ..။ နွယ်တော်တော်စိတ်ပူလာသည်။ နွယ် သားရဲ့အခန်းပြတင်းက လိုက်ကာကိုဖွင့်ပြီး ကြည့်ရတာလည်း အကြိမ်ကြိမ်..။

ဒီအချိန်ထိ မောင် ဘာတွေများလုပ်နေသလဲ..။
မိုးကုတ်က ဧရာဇင်ကိုလှမ်းမေးတော့လဲ မရှိဘူးတဲ့..။

နွယ် စိတ်ပူလိုက်တာ မောင်..။ပြီးတော့ ဒီအခြေအနေကလေ နွယ် သိပ်မုန်းခဲ့ရတဲ့ နွယ့်မေမေပုံနဲ့ သွား‌တူနေတယ် မောင်ရဲ့..။

နွယ် သားပုခက်လေးကိုတစ်လှည့် မှန်အပြင်ကိုတစ်လှည့်ကြည့်ကာ အတိတ်က နေ့ရက်များဆီသို့..။

နွယ် ငါးနှစ်လောက်က ညဘက်အပြင်းဖျား၏။ အပြင်းဖျား‌နေသည့် နွယ့်ကို မေမေကလာကြည့်ခဲ့ပြီး ရေဖက်တင်ပေးခဲ့၏။ ပြီးနောက် နွယ့်အခန်းပြတင်းပေါက်ကနေ အိမ်ရှေ့ကိုမျှော်ကြည့်ပြီး ဖုန်းကိုလည်း ကျစ်ကျစ်ပါအောင်စုတ်ကိုင်ထားကာ ငေးငေးမောမောဖြစ်နေ၏။

အနောက်က နွယ်အဖျားတွေအရမ်းတက်ပြီး ခေါ်နေတာလည်း မေမေမကြား..။ မေမေသိတာက ဖေဖေပြန်လာဖို့ပဲ..။

နွယ် မေမေ့ကိုစာနာတတ်လာပြီထင်တယ်..။ ဒါပေမဲ့ မေမေ နွယ်ကလေ နွယ့်ကလေးကိုတော့ သတိလစ်တဲ့အထိ မေ့မထားနိုင်ပါဘူး။

နွယ် နက်မှောင်နေတဲ့ ကောင်းကင်ပြင်ကို ငေးမောကာ အတွေးလွန်နေစဉ် နောက်မှ အင့်ခနဲ လာဖက်သည့် မောင့်ကိုယ်လုံးကြီး။ နွယ့်ဂုတ်စပ်ကို ဖွဖွနမ်းကာ နွယ့်ပခုံးပေါ် ခေါင်းတင်ထား၏။

နွယ် မောင့်ဘက်ကိုလှည့်လိုက်ကာ မောင့်ခေါင်းကို ပခုံးအပေါ်ပြန်တင်ပြီး မေးလိုက်၏။

“ ဘာဖြစ်လို့လဲ မောင် “

“ ဟင့်အင်း နွယ့်ကိုလွမ်းလို့လေ “

“ မောင်ကလေ ကလေးလေးလား “

နွယ် မောင့်ခေါင်းကို ခပ်ဖွဖွသပ်ပေးလျက် ကျလာသည့် မျက်ရည်‌ကိုခိုးသုတ်မိသည်။
နွယ်က မောင်နဲ့တွေ့မှ ဆက်ဆက်ထိမခံဖြစ်နေတာ‌ပါ မောင်..။

နွယ်ပြောခဲ့သလိုပေါ့ တွေ့နေရရင် မျက်ရည်ကျတဲ့အထိပျော်ပြီး မတွေ့ရရင် မျက်ရည်မကျလောက်တော့တဲ့အထိ လွမ်းတယ်လို့..။

ထိုနေ့ညက ဖိုးလမင်းသည် မှန်ပြင်ထက်က လူသားနှစ်ဦးကို တိမ်စိုင်တွေကြားမှာ ကြယ်စုတွေနဲ့အတူ တိတ်တခိုးကြည့်နေခဲ့ပါ၏။

“ ရက်တစ်ရာပြည့်မှသည် နှစ်တစ်ရာတိုင်အောင် ငါတို့ဝက်ဝံပေါက်လေး ပျော်ရွှင်ပါစေ “

တစ်နေ့တစ်ခြား မောင်နဲ့ပိုပိုတူလာသည့် သားကို ကိုလွမ်၊ဧရာ၊ကိုဘုန်းသာမက မောင့်လူယုံတွေကပါ ထိုသို့ခေါ်ကြသည်။

ဒီနေ့က သားရဲ့ ရက်တစ်ရာပြည့် နာမည်ပေး ကင်ပွန်းတက်ပွဲနေ့လို့ပြောရမည်။ မောင့်လူယုံတွေနဲ့ မောင့်ညီအစ်ကိုတွေသာတက်‌သည့် ပွဲပေါ့။

သားကို ဒီနေ့ ဝက်ဝံပေါက်စနလို အညိုတွေကြီးဝတ်ပေးထားတာဖြစ်၏။ အပေါ်အောက်တွဲရက် Carhartt တံဆိပ် Hoodie အညိုကိုဝတ်ပေးထားတာဖြစ်သည်။ သားက မြှူတဲ့လူနောက်ကိုလိုက်သည်မို့ မောင်တို့အဖွဲ့နဲ့ အုပ်ကြီးပျော်ဖြစ်နေ၏။

နွယ်က စကားနည်းစွာ ထိုအထဲ ဘာမှဝင်ပြောချင်းမရှိဘဲ သားရဲ့ပြုံးပျော်နေသည့်မျက်နှာနှင့် မောင့်ရဲ့ သားရှင်ဆိုသည့် ဂုဏ်ဝင့်နေသည့်မျက်နှာကို တသိမ့်သိမ့်ကြည်နူးမှုဖြင့် တစိမ့်စိမ့်ကြည့်နေမိပါသည်။

“ ဝက်ဝံပေါက်အတွက် လေးငယ်က ရက်တစ်ရာပြည့် မွေးနေ့လက်ဆောင်ယူလာတယ် ဘာလေးလဲခန့်မှန်းကြည့် “

သားက အခုဧရာဇင့်ပေါ်ပေါ်ရောက်နေပြီး ဧရာဇင်နဲ့ အဖွဲ့ကျနေသည်။ ဒီလူတွေက သားကိုတော်တော်ကြီးချစ်လို့ လက်ဆောင်ပေးကြမှာ နွယ်တို့နှစ်ယောက်လုံးသိ၏။ သို့ပေမယ့် လွှတ်ထားလိုက်သည်။
ပေးတဲ့သူကပေးမှတော့ ယူရမှာပေါ့..။

“ လက်ဆောင်က ဘာလေးလဲ…ဆိုတော့က..ဆိုတော့က “

ဧရာဇင်က သားရှေ့ ပဟေဠိဖွင့်ချမည့်ပုံ လက်ငါးချောင်းကလည်း လှုပ်လှုပ်ရွရွလုပ်ကာ သားရဲ့အာရုံစိုက်မှုကို ဆွဲဆောင်နေပြီးနောက်တော့ နောက်ကျောဘက်က ဘူးကိုယူကာ…

“ ဟက်ချလောင်း..ဝက်ဝံပေါက်အတွက် ကိုနှောင်း သားသားအတွက်နော် ဟိုကောင်ဖျက်ဆီးဖို့မဟုတ်ဘူး “

ဧရာဇင် တန်ဖိုးကြီး စက်ရုပ်တွေ သားကိုမွေးစထဲက မဆော့တတ်သေးဘူးဆိုလဲ ဝယ်ပေး၏။ သားနှစ်လပြည့်တော့ သားနဲ့ မောင်စူးစမ်းလိုစိတ်နဲ့ စက်ရုပ်ကို တစ်စစီဖြုတ်ကြည့်ပြီးနောက် ပြန်မတပ်တတ်၍ အတိုအထွာတွေကို အမှိုက်ပုံးထဲထည့်လိုက်ရ၏။ ဒါကို ဧရာဇင်တို့ မကျေမနပ်နိုင် ခဏခဏကိုပြော၏။

“ အောင်မယ် ငါ့သားဟာ ငါ့ဟာပေါ့..ပေးပြီးမှ ဘယ်သူ့အဖို့လာခွဲမနေနဲ့..နော် ဟုတ်တယ်နော် ဒယ်ဒီ့သားလေဟာ ဒယ်ဒီ့ဟာ “

“ ခိခ် ခိခ် “

မောင်က မြှူတော့ သားကသဘောကျကာ လက်ခုပ်လက်ဝါးတီးလျက် မောင်ပြောတာဟုတ်မှန်ကြောင်း ထောက်ခံ၏။

“ အေးပါ အေးပါ မင်းတို့ပဲ သိပ်ချစ်နေကြ “

ဧရာ စိတ်ဆိုးသည့်ပုံနှင့် ဝက်ဝံသားအဖကို မျက်စောင်းထိုးကာ ဟိုဘက်ကိုလှည့်တော့ ဝက်ဝံပေါက်က ဧရာ့အင်္ကျီကိုဆောင့်ဆောင့်ဆွဲပြီး ဧရာငုံ့ကြည့်လာရင် ရယ်ပြကာ ပြေလည်မှုပြန်ယူ၏။

သားက ငယ်သေးပေမယ့် လူ့အရိပ်အကဲကြည့်တတ်ပြီး အမျိုးမျိုးချော့တတ်၏။ သားအချော့ရဆုံးကတော့ နွယ့်ကိုပဲ..။

“ ခဏနေကြရင် သစ်ခွပန်းတွေလာပို့လိုက်မယ် နွယ်နှောင်းသာကီဖို့ နိုင်ငံခြားကမှာပေးထားတာ..မွေးထားတဲ့ ‌ဖအေကိုလဲ ဂုဏ်ပြုသင့်တယ် ဟုတ်..”

“ ကျွန်တော့်ကိုရော..”

လွမ်စေးက နွယ်နှောင်းသာကီကို လက်ဆောင်ပေးသည်မို့ လက်ဆောင်ရနေသည့်သားအဖနှစ်ယောင် ကြားထဲမှာ လက်ဆောင်မရသည့် ဒီလှိုင်းသာကျန်တာမို့ မနာလိုစွာထမေးလိုက်သည်။ ကိုလွမ်စေးက ဒီကောင်ဘာကြောင်တာလဲဟူသည့်ပုံနှင့် လာကြည့်နေသည်မို့ ပြန်စိုက်ကြည့်ပေးလိုက်သည်။

“ လူကြီးတွေ ခဏရပ်ကြပါ။ ဒီကသားသားလေးနာမည်ကို မသိချင်ကြဘူးလား။သားသားလေးနာမည်ကတော့…တော့…ဒီလှိုင်းအက္ခရာဖြစ်ပါတယ်..။ သာကီမဟုတ်ဘဲ အက္ခရာဖြစ်သွားတဲ့အကြောင်းကတော့ သူ့ဒယ်ဒီ ကဲကဲသဲသဲက လောကမှာ သူ့နွယ်သာကီပန်းတစ်ပွင့်ပဲ ရှိစေရမယ်ဆိုလို့ပါ”

ဧရာ ကာတွန်းကားထဲက ကလေးလေးအသံလုပ်ပြီး သားရဲ့လက်ကိုကိုင်ကာ သားကိုယ်တိုင်ကပြောနေသလို သဏ္ဍာန်လုပ် သရုပ်ဆောင်လေသည်။ နောက်ဆုံးအနားမှာတော့ ဒီလှိုင်းကို အလကားငပိုဆိုပြီး မျက်စောင်းထိုးလိုက်သည်။

“ ငါ့သားကို အရုပ်များအောက်မေ့နေလား ငနာ”

ဒီလှိုင်းရဲ့ ခက်ဩဩအသံကြီးထွက်လာလေတော့လေသည်။

သားကိုကလိချင်ရင် ဒီဖအေကိုကျော်ရမယ်ဆိုတာ ဒီကောင်မသိလေရောသလား…. ။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now