CH:26

857 38 1
                                    

မောင့်နွယ်သာကီ

အပိုင်း(၂၆)

အချိန်တွေတလီလီကူးပြောင်းလာလေလေ အနေစိမ်းသွေး‌အေးလာသလိုလိုခံစားရလေလေပဲ..။

သားရဲ့ကြီးပြင်းမှု‌ကို အရိပ်တကြည့် ကြည့်နေကြတာချင်းအတူတူပေမယ့် တစ်ယောက်နဲ့ တစ်ယောက် သွေးအေးလာသလို ခံစားကြရတာတော့ မပျောက်မပျက်သွားခဲ့..။

သားကအခု (၁)နှစ်နဲ့ (၄)လရှိပြီ ‌စကားလည်းအတော်တတ်နေတဲ့ကလေးလေးဖြစ်လာသည်။ သားအသက်ဒီလောက်ရှိပေမယ့် ဒီလှိုင်းတို့ ရန်ကုန်ကိုမပြန်ရသေးပဲ ထိုင်းမှာသာရှိသေး၏။

ပြန်ချင်နေသည့် နွယ်က သားအသက်(၁)နှစ်ပြည့်ထဲကပြောသော်လည်း မောင်က သား(၂)နှစ်လောက်မှ ပြန်ကြရအောင်ဆိုပြီး ပြောလာ၏။ အဓိကကတော့ သားကိုစိတ်ပူလို့ပေါ့။ သားကရာသီအကူးအပြောင်းကျ အရမ်းချူချာတတ်လို့ မောင်ကစိတ်ပူတာလည်းဖြစ်နိုင်သည် ( သို့မဟုတ်) တခြားတစ်ခုလည်းပဲဖြစ်နိုင်သည်။

မောင့်ပြောင်းလဲမှုတွေက သားရက်(၁၀ဝ)ပြည့်ပြီးကထဲက သိသိသာသာဖြစ်လာသည်။ သားရက်(၁၀၀)ပြည့်အပြီးနောက်နေ့မှာ မောင်က မိုးကုတ်ကို တစ်လလောက်ခရီးထွက်သွား၏။ သေချာပေါက် နွယ်တို့သားအဖကို ထားခဲ့သည်။

မောင်က တစ်ပတ်တစ်ခါ ပျောက်ပျောက်သွားတတ်သလို တစ်ခါတလေကျ နှစ်ရက်ခြား သုံးရက်ခြားနှင့် ပျောက်ပျောက်သွားတတ်၏။

အိပ်မပျော်တတ်တဲ့ မောင်က အလုပ်ကိစ္စဘယ်လောက်အရေးကြီးကြီး ညကို(၉)နာရီထက်နောက်မကျစေပဲ နွယ်နှင့်သားကိုပါပွေ့ဖက်ကာ အိပ်တတ်လာ၏။ ‌စီးကရက်၊အရက်သိပ်သောက်တတ်သည့်‌ မောင်က သိသိသာသာရှောင်လာ၏။

အစားအသောက်လည်း ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ မှာစားတတ်၏။ မောင် ကိုယ်တိုင်ချက်တာက တော်တော်ရှားသွားသည်။

နွယ်ကျပြန်တော့ အရှိန်တညီးညီးတောက်လောင်နေတဲ့ မီးတောက်တွေကို ကြောက်တတ်တုန်းဖြစ်၏။ဆံပင်အရှည်ကို ခါးအတိထားတတ်တုန်း။ အပြုံးရေးရေးကို ပြုံးတတ်တုန်း။ မောင့်ကွယ်ရာမှာ ခိုးငိုတတ်တုန်း..။

နွယ့်မှာ ပြောင်းလဲသွားတာ တစ်နှစ်နှစ်ထပ်လာသည့် (၃၂)ကျော်အသက်ပဲရှိ၏။ နောက်ပြီး ကလေးဖအေဆိုသည့် ဂုဏ်ပုဒ်ပဲရှိ၏။ အရင်အတိုင်း သေးသေးသွယ်သွယ်ပဲ။

မောင်ကတော့ ကိုယ်အတက်အကျမမှန် တစ်ခါတလေကျ ကိုယ်ရေစစ်သွားကာ မေးရိုးတွေ၊မျက်တွင်းတွေပါပေါ်သည်အထိ ဖြစ်တတ်သလို တစ်ခါတကျ မောင့်မျက်ခွံတွေကအစ ဝဝဖောင်းဖောင်းလေးဖြစ်နေတတ်၏။

ပြီးကျ မောင်က အနေစိမ်းသလိုရှိပေမယ့် သားနဲ့ နွယ့်ကိုတော့ သိပ်ချစ်ပေးရှာပါတယ်။

“ ဖီဖီ ဒယ်ဒယ်က ကျန်မရာတေးဝူးလား “

နွယ် သားရဲ့အခန်းထဲမှာ သားဆော့ထားတဲ့ ပွသလောင်းလန်နေတဲ့ အရုပ်တွေကို သူ့နေရာနှင့်သူ စီနေစဉ် သားက နွယ့်ဘောင်းဘီပျော့ပျော့ကို ဒူးခေါင်းနားက စုတ်ကိုင်ကာ ထရပ်လာပြီး မပီသည့်အသံနှင့် နှုတ်ခမ်းကိုထော်ကာ ပြောလာ၏။

“ ပြန်လာတော့မှာပါ သားသားရဲ့..။ သားသားက ဒယ်ဒီကိုလွမ်းလို့လား..”

“ ဟုတ်တယ် ယွမ်းယို့ အညားကြီး ယွမ်းတာ “

အများကြီးဆိုသည့်ပုံနှင့် နွယ့်ဘောင်းဘီကိုကိုင်ထားသည့်လက်တွေကိုလွှတ်လိုက်ကာ စက်ဝိုင်းသဏ္ဍာန်လုပ်ပြလာ၏။

သားသားက မတ်တက်ရပ်နေနိုင်ပြီဖြစ်သော်လည်း လမ်းအဝေးကြီးမလျှောက်နိုင်သေး‌ပဲ မတ်တက်ရပ်ရုံလောက်ဆိုရ၏။

“ ဟုတ်ပါပြီ ဖေဖေဖုန်းခေါ်ပေးမယ်နော် လာ လေယာဉ်ပျံကြီးစီးရအောင် “

နွယ် သားသားကို ကောက်,မ လိုက်ပြီး လက်နှစ်ဖက်အပေါ် ဝမ်းလျားမှောက်ကာ လေယာဉ်စီးသလို ‌လေပေါ်မှာ တစ်ခဏ ဝေ့ဝဲပေးလိုက်သည်။ အကြာကြီးတော့ နွယ်မလုပ်နိုင်ချေ။ သားသားက မွေးတုန်းကသာ သေးသေးလေး ဆိတ်နို့တွေ အာဟာရဖြည့်စွပ်စာတွေကြောင့် (၁)နှစ်နဲ့ (၄)လမှာ အတော်လေး ဝဝကစ်ကစ်လေးဖြစ်နေ၏။ ပါးစုံနှစ်ဖက်ကလည်း ဖောင်းကားနေ၏။

ဒါ့အပြင် သားက မွေး‌တုန်းက အနည်းငယ်အသားမဲပေမယ့် အခုကျ အဲ့လောက်မဟုတ်တော့..။ ဖြူလာတာမဟုတ်ပေမယ့် မွေးတုန်းကထက် ကြည်လာက ညိုညိုကြည်ကြည်လေးဖြစ်၏။ သားက မောင်နဲ့ တစ်ထပ်ထဲသွားတူ၍ နှုတ်ခမ်းပြည့်ပြည့်တွေ မျက်တောင်စိတ်စိတ်တွေနဲ့ မျက်ခုံးကောင်းကောင်း၊ဆံပင်နက်နက်တွေပါ၏။

သားကို မွေးပြီးတုန်းက တစ်ခါ၊နှစ်ခါသာ ကတုံးတုံးပေး၏။ကတုံးမတုံးပေးတာထက် တုံးပေးလို့မရတာဖြစ်၏။ တုံးပေးလိုက်တာနဲ့သားက နှာစေးပြီး ဖျားပါရော..။နောက်ပိုင်းကျ ဆံပင်ကို အုန်းမုတ်ခွက်ပုံမျိုးပဲထားပေး၏။ ဒါကိုတောင် (၁)နှစ်နဲ့ (၄)လသားက ငြင်းချင်နေ၏။

“ ဟယ်လို မောင် အခုဘယ်မှာလဲ “

နွယ်တို့သားအဖ သားရဲ့ကုတင်ပေါ်မှာ နှစ်ယောက်သား မှောက်ကာ မောင့်ကို ‌ဖုန်းခေါ်နေမိသည်။ ဖုန်းထဲကနေ တဝေါဝေါအသံတွေကြားရပုံထောက် မောင်ပြန်လာနေလောက်ပြီဖြစ်သည်။

မောင်ကလေ နွယ် သားကိုမွေးတဲ့နေ့ထဲက ကားပြန်စီးနိုင်သွား၏။ အဆိုးထဲက အကောင်းတစ်ခုကို နွယ်တို့ရလိုက်ပါသည်။

သို့ပေမယ့် မောင်က ဒီနေ့ ဆိုင်ကယ်စီးသွား၏။

“ မောင် ပြန်လာနေပြီ‌နွယ်..မောင်‌ ပြောစရာရှိတယ် သားကိုကြိုသိပ်ထားလိုက်နော် “

“ အီးရား..ဒယ်ဒယ်မတောင်းဝူး သားသားက ယွမ်းနေတာကို အိပ်ခိုင်းနေတယ် ဒယ်ဒယ်မတောင်းဝူး “

သားက မျက်ရည်မကျပါဘဲနဲ့ အသံထွက်ပြီး အော်ကာ ငိုချင်ယောင်ဆောင်လာ၏။ မောင်နဲ့ သား တူတဲ့အချက်က အသံသိပ်ပြဲပြီး ထင်ရာလုပ်တတ်တာဖြစ်သည်။

“ ကြားတဲ့အတိုင်းပဲ မောင်ရေ..မောင့်သားကလူကြည့်တော့(၁)နှစ် အိုင်တင်က အကယ်ဒမီရှုံးတယ် “

နွယ့်အပြောကို သားသားကသိစွာ ရှိသမျှ သွားတွေပေါ်အောင် ဟီးခနဲရယ်ချပြီး ဝမ်းလျားမှောက်နေတဲ့ နွယ့်အပေါ်ကုတ်တက်လာကာ နွယ့်ကျောအပေါ်မှာ သူကကျောချင်းကပ်ပြီး ပက်လက်ပြန်လှန်၏။

“ အင့်..ဒါပဲနော် မောင် ပြန်လာမှတွေ့မယ် ချစ်တယ် “

နွယ် အင့်ခနဲ နေသွားရသည်။ အပေါ်က ဖိထားတဲ့ အလေးချိန်က ကလေးဆိုအုံး နည်းမှမနည်းဘဲ..။

နွယ် သားသားပြုတ်ကျမှာဆိုး၍ မလှုပ်ရက်စွာ နောက်ပြန်ကိုင်ထားပေးပြီး ပွစိပွစိနှင့် သား‌ကြား‌အောင်တစ်ခုချင်းရေရွတ်နေသည်။

“ အက္ခရာတို့က ဖေဖေ့ကိုဆို မညှာမတာလုပ်တယ် “

“ အက္ခရာတို့က ဒီဖအေကို ‌ဖအေလို့ထင်သေးရဲ့လား မသိဘူး “

“ အက္ခရာတို့က အလိုလိုက်ထားလို့ တစ်နေ့တခြား ဆိုးဆိုးလာတယ်..ဖအေက ချစ်လို့အလိုလိုက်ထားတာကို အကောင်းမှတ်”

“ မထင်ရင်မထင်သလို ခွေးစိတ်ထထပေါက်သေးတယ် ဝက်ဝံပေါက်စမဟုတ်ဘဲ ခွေးပေါက်စဖြစ်သွားရမှာ..အဲ ဆောရီးပါ မောင်ရယ် မောင့်သားကို မနိုင်လို့ “

နွယ် ပြောနေရင်းမှ နှုတ်ခမ်းနှစ်ခုကိုပိတ်ကာ အရှေ့တည့်တည့်မှာပဲ မောင်ထိုင်နေသလိုလိုနှင့် ရယ်ပြလိုက်မိပါ၏။ ပြီးနောက် နွယ့်ကျောပေါ်က လှုပ်ရှားမှုကို မတွေ့တော့သဖြင့် နွယ် နောက်ပြန်လှည့်ကြည့်လိုက်ရာ သကောင့်သားလေးက အိပ်ပျော်လို့နေပြီ..။

အိပ်နေပုံများ နှုတ်ခမ်းထူထူတွေကို ထော်ထားပြီး ခြေကားယား လက်ကားယားနှင့်..။

“ သူ့ဒယ်ဒီစကားတော့ မြေဝယ်မကျနားထောင်တာပဲ ဝက်ဝံပေါက်က အမြင်ကပ်စရာလေး “

နွယ် ကျောပေါ်က သားကို စူပါမန်းအရုပ်တွေပါသည့် မွေ့ရာပေါ် ‌ဖွဖွလေးချကာ သားရဲ့ခေါင်းအောက်လက်ခံကာ  ခေါင်းအုံးသေးသေးကို ထည့်ပေးလိုက်သည်။ ပြီးနောက် တင်ပါလုံးလုံးလေးတွေကို နှစ်ချက်လောက်ရိုက်ကာ ပါးစုံဖောင်းဖောင်းကြီးကို စိတ်ကြိုက်မွှေးကြူပြစ်လိုက်သည်။

နိုးလာလို့ ဂျီကျခြင်းမရှိသည့်သားက သူ့ဒယ်ဒီကိုမတွေ့လျှင်အော်ငိုတုန်း..။

နွယ်တစ်ယောက်တော့ သားကိုယ်ဝန်လွယ်ထားလျက်နဲ့ မောင့်အ‌ပေါ်အရမ်းပျော်ဝင်သွားမိလို့ ထင်ပါသည်။ သားကလည်း မောင်မှ မောင်ပဲ..။ အကယ်၍ သမီးလေးသာရှိလျှင်…။

နွယ်ရှေ့ဆက်၍ မတွေးတော့ပဲ သားရဲ့ကုတင်ဘေးက အကာနှစ်ခုကို အပေါ်ဆွဲတင်ပေးခဲ့ကာ အိမ်အောက်ကိုဆင်းလာခဲ့သည်။

နွယ်အိမ်အောက်အရောက် မောင်ကလည်းအိမ်ထဲအဝင်နှင့် တန်းတိုးတော့ ဆင်းဖို့လှေကတစ်ထစ်ကျန်သေးသည့် နွယ့်ကို မောင်က ပြေးလာကာ စီးကြိုပြီး ပွေ့ဖက်လိုက်၏။ မောင့် မျက်နှာထက် အပြုံးများနှင့်..။ မောင့်ညာလက်မှာလည်း ဖိုင်တစ်ခုကို ကိုင်ထား၏။

“ မောင် ဘာဝမ်းသာစရာရှိလို့လဲဟင် “

“ အင်း..ရှိတယ်..တကယ့်..တကယ့်ကို အကြီးကြီး..အပေါ်ကို သွားကြရအောင် နွယ် “

မောင်က နွယ့်ကို ပွေ့ချီကာ လှေကားထစ်အတိုင်း နွယ်တို့အခန်းဆီသို့ တက်လာခဲ့သည်။ မောင်က မွေ့ရာပေါ်မှာ နွယ့်ကို ဖြေးဖြေးချပေးပြီး ဘေးနားဝင်ထိုင်သည်။ နွယ်လည်း ထိုင်လျက်နှင့် မောင် ဘာပြောမလဲ စောင့်စားနေစဉ် မောင်က လက်ထဲမှ ဖိုင်ကို နွယ့်ဘက်ပေးလာ၏။

“ မောင် ဒါဘာလဲ”

“ ဖွင့်ကြည့်လိုက် နွယ်”

နွယ် စက္ကူဖိုင်ကိုထုတ်လိုက်တော့ စာရွက်တစ်ရွက်ထွက်လာ၏။ အင်္ဂလိပ်လိုတွေရေးထား၍ နွယ်အာရုံတစိုက်ဖတ်နေပြီး တစ်ခဏအကြာ၌ စာရွက်ကို တစ်လှည့် မောင့်ကို တစ်လှည်ကြည့်ကာ မယုံကြည်ခြင်းတွေ အံ့ဩခြင်းတွေနှင့် စာရွက်၏ အဆုံးသို့ဖတ်ပြီးသွားသော် နွယ့်လက်ထဲက စာရွက်လေး ‌‌အောက်သို့ ပေါ့ပေါ့ပါးပါးပြုတ်ကျသွားပြီးနောက် နွယ်သည်လည်း မတ်တက်ရပ်လျက်ဖြစ်သွား၏။

နွယ် မငိုပါပဲနဲ့ မျက်ဝန်းထဲက မျက်ရည်တွေကျနေသည်။ ရင်ဘတ်ထဲမှာလည်း တင်းတင်းကြပ်ကြပ်နှင့် အသက်ရှူရခက်စေ၏။ နွယ်လက်ဖဝါးနုနုနှင့် ပါးပြင်ကို ပွတ်ကာ ငေးမောနေတဲ့ မောင့်ဆီသို့ အကြိမ်ကြိမ်ကြည့်မိပါ၏။

ပြီးနောက် မောင်ကပါ မတ်တက်ရပ်လာတော့ နွယ် မောင့်ကို ခပ်လေးလေးမေးလိုက်၏။

“ ဘာလို့လဲ မောင်..ဘာလို့ နွယ့်ကို အခုမှပြောရတာလဲ..မောင်လိုချင်ရင် နွယ်ပဲဖြစ်ပေးမှာပေါ့ မောင်ရယ်..ဘာလို့ မောင်က စတေးရတာလဲ..မအပ်စပ်တဲ့ အရာတစ်ခုကို ဘယ်လိုယုံကြည်ချက်တွေနဲ့ အသက်ကိုလောင်းကြေးထပ်ရဲ ရတာလဲ မောင်..နွယ်ရော သားရောက မောင်မရှိရင် မဖြစ်ဘူး‌ဆိုတာ မောင်မသိလို့လား မောင်..ဒီအခြေအနေအထိ မောင်မို့ နေရက်တယ်..”

နွယ် မောင့်ရင်ဘတ်ကို ထုကာ ထုကာဖြင့် မောင့်ရင်ခွင်အတွင်း ငိုကြွေးနေမိပါ၏။

နွယ့်ရဲ့အသုံးမကျမှုတွေကြောင့် မောင်နဲ့သား နာကျင်ရတာ များပြီ မောင်ရဲ့..။ အသက်ကိုစတေးပြီး နွယ့် အသုံးမကျမှုတွေကို မီးမောင်းထိုးပြလေသလား မောင်..။

“ မငိုပါနဲ့တော့ နွယ်..ဒီကောင်ကလေ မင်းမျက်ရည်တစ်စက်ကျရင် အစတစ်ရာနာကျင်ရလွန်းလို့ ရူးသွားမတက်ဘဲ မောင့်နွယ်..တစ်ခါတလေကျ မင်း သားကိုကြည့်ပြီး ငိုနေတတ်တယ်..။ တစ်ခါ‌တလေကျ သိုးမွေးလုံးတွေကို ကိုင်ပြီး မောင်မသိအောင် ခိုးခိုးငိုနေတတ်တယ်။ မင်းငိုရခြင်းအကြောင်းကို သိနေတဲ့ ဒီကောင်က နာကျင်မှုလေးသက်သာစေရုံ ကြိုးစားမိတာပါ မောင့်နွယ်..”

“ နွယ့်ကြောင့် မောင့်အသက်ထပ်ပြီး ရန်ရှာခံရမှာကို နွယ်မလိုလားဘူး မောင်.. နွယ် ရင်ကျိုးအောင် ဘာကြောင့်များ ဒီလောက်အထိစွန့်စားဝံ့ရတာလဲ မောင်ရယ်..”

“  နွယ့်ကြောင့်ကြီးပဲ မဟုတ်ဘူး နွယ်.. မောင်လေ သမီးကို ဆုံးရှုံးပြီးထဲက သမီးကိုပဲအိပ်မက်တွေမက်နေခဲ့တယ်။ မောင့်အိပ်မက်ထဲမှာ သမီးကလေ မောင်တို့မေတ္တာကို အေးစက်စက်တောင်ကျချောင်း‌ဘေးမှာ ထိုင်ပြီး ငံ့လင့်နေတယ် နွယ်ရဲ့..သမီးကို မောင် အဲ့နေရာမှာ ကြာကြာမထားနိုင်တာ မောင့်ရဲ့ဖခင်မေတ္တာတစ်ခုဖြစ်ဆို.. မင်းကို မျက်ရည်အကျမခံတာလည်း ခင်ပွန်းသည်တစ်ယောက်ရဲ့ ယုယခြင်းတွေမို့ပါ မောင့်နွယ်သာကီ “

ဒီလှိုင်းခက်ထန်ဆိုသော လူသားသည် နွယ့်ပါးပြင်ကိုကိုင်ကာ ငုံ့ကြည့်လျက် မျက်နှာချင်းဆိုင်စေပြီးနောက် ကြင်နာခြင်းတွေဝေလျှံနေသည့် အကြည့်၊ နှုတ်ဖျားကထွက်သည့် တစ်သတ်တာမေ့မရနိုင်သော ထွက်ဆိုချက်တွေနှင့် ခိုင်ခိုင်မာမာပြော‌ဆိုနေလေ၏။

နွယ် မျက်လုံးကိုမှိတ်ချလိုက်ပြီးနော်က မောင်နဲ့ နဖူးချင်းထိကပ်ကာ နှာခေါင်းခြင်းထိတွေ့လျက် သက်ပြင်းအကြိမ်ကြိမ်ချပြီးမှ တည်ငြိမ်မှုတစ်ခုရသွားသည်နှင့် မျက်လုံးပြန်ဖွင့်လာကာ မောင့်ပါးပြင်ကို ခပ်ဖွဖွပွတ်ပြီးနောက် မျက်ရည်ဝေ့နေသည့် အကြည့်တို့ဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ပြောလိုက်လေသည်။

“ နောက်တစ်ခါ ဘယ်အရာမှ နွယ့်ကို မဖုံးကွယ် ထားပါနဲ့နော် မောင်..ပြီးတော့ ဒီကိစ္စကို နွယ်လက်ခံပါတယ်..မောင်တစ်နှစ်လုံးကြိုးစားထားတာကို နွယ် မဖျက်စီးဝံ့ပါဘူး..နွယ့်ကိုတော့ အသေးစိတ်ပြောပြပေးပါ မောင် “

“ အင်း ဘယ် အရာမှ မောင်ဖုံးကွယ်မထားတော့ဘူး..။ ပြောရမှာ နည်းနည်းရှည်လို့ မောင်ရေအရင်ချိုးလိုက်အုံးမယ်။ ပြီးရင် သားကိုသွားခေါ်ပြီး အိပ်ရင်းမှ ပြောပြမယ်နော်”

“ ညစာစားပြီပြီလား မောင်”

“ စားပြီးပြီ နွယ် အဲ့တာကြောင့် ခဏစောင့်နေနော်”

ဒီလှိုင်း နွယ့်ရှေ့မှာ အဝတ်အစားမချွတ်ဘဲ ရေချိုးခန်းထဲရောက်မှ ချွတ်ကာ ရေချိုးလိုက်လေသည်။

ဒီလှိုင်းအခုမှစိတ်ထဲပေါ့သွား၏။ လုပ်ချင်တာကိုလုပ်လိုက်ရပြီး သက်ဆိုင်သူ၏ ခွင့်ပြုချက်ပါပူးတွဲရတော့ ဒီလှိုင်းအနေနှင့် မသက်သာမှုတွေမရှိတော့။ တစ်နှစ်နီးပါး ခံစားလာရတဲ့ ဝေဒနာတွေက အရှင်းပျောက်သွားသလိုပါပဲ..။

ဒီလှိုင်းရေသုတ်ကာ တဘတ်ပဲပတ်လျက်ထွက်လာပြီး ပေါ့ပါးသည့်ညအိပ်ဝတ်စုံကိုထုတ်ကာ အပြင်မှာပဲ လဲလိုက်၏။ အရင်ကဆို ဒီလှိုင်းအခန်းထဲမှာပဲ လဲဖြစ်တာဖြစ်၏။

“ အာ နွယ်ရယ် သားကို မောင်သွားခေါ်မှာပေါ့ “

ဒီလှိုင်းအဝတ်စားဝတ်ပြီးသွားမှ နွယ်က သားကို အခန်းထဲခေါ်ချလာသည်။ သားကလည်း နွယ့်အပေါ်မှာ အိပ်လို့ကောင်းတုန်း။

နွယ်သားကို ကုတင်အလယ်မှာတင်ပေးပြီး ကျကျနနပြန်သိပ်လိုက်ကာ သားကိုအသည်းယားစွာ ပါးစုံကြီးထဲ နွယ့်နားခေါင်းကိုနှစ်မြုပ်စေလိုက်ပြန်သည်။

ဒီလှိုင်းအက္ခရာတို့က ဘယ်လောက်လှုပ်လှုပ် သူ့ limitမပြည့်မချင်းနိုးမည်မဟုတ်..။

ပြီးနောက် ဆိုဖာပေါ်မှာ ကျကျနနသွားထိုင်နေသည့် မောင့်အနားသွားထိုင်လိုက်သည်။

‘ကဲဆိုစမ်းပါအုံး’ဆိုသည့်သဘောဖြင့် မောင့်မျက်နှာကို ခပ်တည်တည်စိုက်ကြည့်ပေးလိုက်တော့ မောင်က ပြုံးပြလာပြန်သည်။

“ မောင် နွယ်တို့ဆေးရုံတက်နေကထဲက အဲ့ကိစ္စကို လိုက်စုံစမ်းနေတာ ဆေးရုံဆင်းပြီးနှစ်ရက်လောက်ကြာမှ ဟိုကောင်လွမ်‌နောင်က နိုင်ငံခြားက သူ့ဆရာနဲ့အဆက်အသွယ်ပြန်ရပြီး မောင့်အကြောင်းတိုင်ပင်တော့ ဟိုက လက်ခံလိုက်တယ်ဆိုပြီး ဖုန်းဆက်လာတာ “

ကြားထဲ လွမ်နောင်နဲ့ ဘယ်လောက်ရန်ဖြစ်ထားရတယ်တော့ ဒီလှိုင်းမပြောဖြစ်။

“ တစ်လ‌ခွဲလောက် အဲ့ဆရာနဲ့ Video callပြောပြီး ဆွေးနွေးတယ်။ အဲ့ဆရာစစ်ခိုင်းတာမှန်သမျှ လွမ်နောင် အကူအညီနဲ့ပဲ သွားစစ်တယ်လေ.. resultတွေက ကောင်းပေမယ့် အိပ်ချိန်၊စားချိန် အစရှိသဖြင့်အကုန်လုံးကို သေချာလုပ်ပြီး အိပ်မရတဲ့ရောဂါကို တစ်လအတွင်းသေချာကုပြီး အိပ်‌ဆေးတွေရဲ့ side effectကိုလျှော့ချခဲ့တယ်။ သားရက်(၁၀၀)ပြည့်ပြီး နောက်နေ့မှာ ဆရာက ထိုင်းကိုရောက်လာပြီး မောင်နဲ့ တွေ့ဖြစ်တယ်။ သူ့မှာလဲ အမျိုးသမီးစုံတွဲက တစ်စုံလာလှူထားတာ ရှိတယ်တဲ့ မောင်အဆင်ပြေတဲ့အချိန် ပြောင်းပေးမယ်လို့ပြောတယ် “

“ မောင်လည်း နွယ့်ကိုမပြောရက်လို့ မိုးကုတ်သွားမယ်ဆိုပြီး (၆)လပိုင်းမှာ ဆေးရုံတက်ပြီး ခွဲစိတ်ခဲ့တာ..။ ခွဲခန်းအစအဆုံး (၁၂)နာရီလောက်ကြာပေမယ့် မောင့်မျှော်လင့်ချက်ယဲ့ယဲ့လေးကြောင့် မောင်ပျော်နေတာပဲ..”

နွယ့်ကြောင့်နဲ့ (၁၂)နာရီလောက် ခွဲခန်းထဲနေရဲခဲ့သည့် မောင့်ကို နွယ်ငေးရုံသာတက်နိုင်တော့၏။

ဒီလှိုင်းခက်ထန်ဆိုတဲ့ အမျိုးသားက နွယ့်အပေါ်ခင်ပွန်းတာဝန်ကျေပွန်သလို နွယ့်ကလေးတွေအပေါ်လည်း ရုပ်နာမ်ကွဲလွဲနေလျှင်တောင် ဖခင်တာဝန်ကျေပွန်သည့် သူတစ်ဦးဖြစ်၏။

သားသမီးရဲ့ ကတိတစ်လုံးကို မြဲအောင်ဆောင်ရွက်တတ်သည့် ဖခင်တစ်ဦးလည်းဖြစ်ကြောင်း နွယ် ဒီနေ့မှ သိလိုက်ရ၏။

မောင့်အချစ်ကိုရတာ နွယ်ရော နွယ့်ကလေးတွေရော ကံကောင်းပါတယ် မောင်..။

“ အခုခွဲပြီးတာတစ်နှစ်ပြည့်ပြီး သားအိမ်ကလည်း မောင့်ခန္ဓာကိုယ်နဲ့အသားကျပြီလို့ ပြောတယ် အဲ့တာမို့ မောင်တို့ ကလေးထပ်ယူကြရအောင် နွယ်..sexဖြစ်ပြီး ယူမလား.. နည်းလမ်းတွေနဲ့ ယူကြမလား နွယ် “

ဒီလှိုင်းအနေနဲ့ sexကိစ္စအပေါ် နွယ်ဦးဆောင်မှ ဒီလှိုင်းဦးဆောင်မှဆိုသည့် အမြင်မရှိ။ နွယ်သာကီကို ယောင်္ကျားတစ်ယောက်လို့မြင်လို့ကို နွယ်သာကီ့စိတ်တိုင်းကျသည် ဒီလှိုင်း နေရမည့်နေရာပင်ဟူ၍ သက်မှတ်ထား၏။

တုန်ရင်နေတဲ့ နွယ့်လက်ဖဝါးတွေကိုကိုင်ကာ ဝေခွဲရခက်နေသည့် နွယ့်မျက်နှာကို ဒီလှိုင်းငေးငေးမောမောကြည့်နေမိသည်။

နွယ့်အနေနဲ့လဲ သမီးကိုလိုချင်ပါ၏။ သို့သော် မောင့်ကို ဒီလောက်ထိ မလုပ်စေချင်ဘူး။ မောင်သာ တစ်ခုခုလွဲမှားခဲ့ရင် နွယ်ရူးမှာ..။

ဘာပဲပြောပြော နွယ်ကအကြီးပဲ ဒါကြောင့်မို့ နွယ် သက်ပြင်းယဲ့ယဲ့ကိုချကာ ရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်ပါတော့သည်။

“ sexဖြစ်ပြီးဆို အရမ်းကြာလိမ့်မယ် မောင်..ပြီးတော့ မောင့်ကို နွယ်မလုပ်ရက်ပါဘူး.. ပြီးတော့ IVFနည်းကိုဖယ်လိုက် မောင် သူကပိုကြာတယ်.. IUIနည်းကလည်း ကြာတော့ကြာတယ် နွယ်တို့ IUTPIနည်းကို သုံးကြရင် ကောင်းမယ် သူက ထိရောက်တာ မြန်သလို ကျရှုံးရင်လဲ မြန်မြန်သိရတယ် “

နွယ့်အနေနဲ့ မောင့်ကို ဘယ်လိုမှမလုပ်ရက်။ ပြီးတော့ အဲ့ကိစ္စနဲ့ကလေးယူလျှင် နွယ်မလုပ်ရဲတာနဲ့တင် နှစ်ဝက်ကျိုးသွားလိမ့်မည်..။

ယောင်္ကျားသားတော့ ယောင်္ကျားသားပါပဲ အဲ့ကိစ္စနဲ့ နွယ်မှ အကျွမ်းတဝင်မရှိတာ။ တခြားသူတွေလို အပေါင်းအသင်းမရှိသည့်သူမို့ ပိုဆိုး၏။

“ အာ..မောင့်အမျိုးသားလေးက ဆရာဝန်ဆိုတာ မောင်မေ့နေတာပဲ..”

ဒီလှိုင်း ဆေးအကြောင်းတွေရှင်းပြနေတဲ့ နွယ့်ကို အသည်းယားကာ ဆွဲဖက်ပြီး လှုပ်ရမ်းနေမိသည်။ မရတော့ဘူး ဒီလှိုင်းအသည်းတွေ တော်တော်လေးယားနေပြီ..။

“ ဟွန်း သားအဖနှစ်ယောက် တစ်ထပ်ထဲပဲ သူတို့လိုချင်တာရသွားရင်တစ်မျိုး မရရင်တစ်မျိုး အမျိုးမျိုးနဲ့ “

“ နွယ်က မောင့်ကိုချစ်တော့ ‌သားကို မောင်နဲ့တူ အောင်မွေးထားတာလေ စိတ်ချ မောင်လည်း သမီးကို နွယ်နဲ့တူပြီး ချစ်ဖို့ကောင်းအောင် မွေးပေးမယ်..ဒါနဲ့လေ သားရဲ့အပြင်ပုံကသာ မောင်နဲ့တူတာ ဂျစ်တာ နွယ့်အတိုင်းလေ “

“ အာ..မောင် အစုတ်အပဲ့..သူ့သားက ဆိုးတာကို “

ဒီလိုနဲ့ အနေအေးနေသည့် နှစ်ယောက်သားရဲ့ ဆက်ဆံရေးသည် ဤသတင်းလေးတစ်ခုနဲ့တင် ‌ပြေလည်သွားတော့၏။

နွယ်ပြောဖူးသလိုပဲ အချစ်ဆိုတာ ကြင်နာပြီးရင် နာကျင်ရမယ်တဲ့..

မောင်လည်း နွယ့်အကြင်နာတွေကို ထွေးပွေ့ထားပြီး ကံကြမ္မာကပေးတဲ့ နာကျင်မှုကို နွယ့်မေတ္တာတွေနဲ့ဖျက်ကျော်ပါ့မယ် မောင့် နွယ်သာကီ…။
_______________________

Mg'd Nwel Thar Kii (Book version)Where stories live. Discover now