CH:6

1K 43 1
                                    

မောင့် နွယ်သာကီ
အပိုင်း(၆)

လက်လှုတ်မှ ပါးစပ်စားရမည့်ဘဝတွေက တကယ်ခါးသည်။ ဖျားနာရင်တောင် ဝမ်းရေးမငတ်ဖို့အတွက် အလုပ်လုပ်ရသည့်အချိန်တွေသည် လူ့ဘဝ၏အခါးသက်ဆုံးအချိန်တွေဖြစ်ပေ၏။

သူတို့မောင်နှမနှစ်ယောက်သည် ငယ်စဉ်ကတည်းက ပြေလည်တဲ့မိသားစုမှာနေခဲ့ရသူတွေမို့ ဒီဘဝတွေက သေချင်စရာကောင်းလောက်အောင်ကို ခက်ခဲလွန်းသည်။
ပင်ပန်းတာအတူတူကို ဘယ်သူပင်ပန်းလဲတော့ နှိုင်းယှဉ်မကြည့်နိုင်တော့။ တစ်ယောက်က စိတ်ကြောင့်ပင်ပန်းသလို..တစ်ယောက်က စားဝတ်နေရေးအဖို့ ရုန်းကန်နေရ၍ ပင်ပန်းသည်။

ဒီလှိုင်း အခုလုပ်နေသည့်အလုပ်သည် ငါးထပ်တိုက်ကို အပေါ်အောက်ဆင်းကာ အုတ်၊သဲ‌၊ကျောက်သယ်ရသည့်အလုပ်ပင်။ အရင်းအနှီးမရှိသည့်သူသည် တတ်သိတဲ့ ကျောက်ပညာနှင့်ကုမ္ပဏီကိစ္စရပ်‌တွေကိုလုပ်ဖို့မဖြစ်နိုင်သောကြောင့် သာမာန်ရွက်ကြမ်းရေကြိုကြုံရာအလုပ်ကို လိုင်းခန်းက အန်တီကြီးမှ သွင်းပေးထား၍သာ ဝမ်းရေးဖူလုံနေရသည်။

ပုဆိုးအပိုင်းကို တောင့်တင်းလှသည့်ပခုံးပေါ်ခေါက်တင်ကာ သဲအိတ်နှစ်အိတ်ကိုဆင့်ပြီး လှေကားအလီလီကို ဖြတ်ကျော်၍ အမြင့်ဆုံးအထပ်သို့ သွားပို့နေသည်။ နေပူပူမို့ အသားညိုညိုမှာ ချွေးတွေကြောင့် ပြောင်လက်နေ၏။ သူ့ပုံစံမှာ‌ ‌‌ ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်းမို့ ဆိုဒ်မန်နေဂျာ သဘောတွေ့ကာ ပိုခိုင်း၏။ ပိုခိုင်းပေမယ့် လုပ်ခတော့ တန်းတူပဲရသည်။

ဒီအလုပ်တစ်ခုပဲရှိလို့ သူလည်း စောဒက မတက်နေတော့..။

သူညနေနေဝင်ခါနီးတော့ ကားတိုးစီးကာ အိမ်ပြန်လာ၏။ လမ်းထိပ်က ဈေးကိုဝင်ပြီး ဟင်းချက်စရာဝယ်ဖို့လဲ သူမမေ့ချေ..။

“ အဒေါ်ဗျ ဝက်သား‌ ထောင့်ငါးရာဖိူးလောက်ထည့်ပေးပါဗျ"

“ အေးကွယ်”

သူပြန်လာတဲ့အချိန်က ဈေးကွဲချိန်မို့ ထောင့်ငါးရာဖိုးကျော်ကျော်အထိ ဝက်သားအများကြီးရပါသည်။ လယ်ကန်စွန်း နှစ်ရာဖိုး သုံးစည်း သူဝယ်လိုက်ပြီး အိမ်ပြန်လာခဲ့သည်။ တစ်စည်း ငါးရာဖြစ်နေသည့် တရုတ်ကန်စွန်းဘက်တော့ လက်ကိုမလှမ်းနိုင်ခဲ့ချေ။
အရင်ကသိပ်ကြိုက်ခဲ့ဖူးပေမယ့် ခြွေတာနေရသည့်အချိန်မို့ ဟင်းမမယ်မည့် ပစ္စည်းတွေနဲ့ သူပါးစပ်အရသာမခံလို..။

“ ဟာ ကိုကြီးပြန်လာပြီ အငယ့်အတွက်မုန့်ပါလား”

အငယ်က အခုမှငယ်မူပြန်နေသလိုပါပဲ။ ပါးကွက်ဝိုင်းလေးတွေနဲ့ ထွက်ကြိုပြီး မုန့်ပါလား မေးနေသည့် ကလေးပေါက်စနလေး..။
အငယ် မုန့်မေးတိုင်း အရင်ကလို အကောင်းစာကွတ်ကီးတွေ၊ပေါင်မုန့်တွေ မပေးနိုင်လို့ သူ့မှာစိတ်မကောင်းဖြစ်ရသည်။ အခုတော့ nabatiဝေဖာ တစ်ထုတ်ပဲ ‌အငယ့်ကို အဆာပြေကျွေးနိုင်၏။

လုပ်အားခ (၆၀၀၀)မှာ ဈေးဖိုး၊အငယ့်မုန့်ဖိုးနဲ့ ‌သူ့ဆေးလိပ်ဖိုး(၂၀၀၀) ဆန်ဖိုး(၁၀၀၀)သာသုံးပြီး ကျန်(၃၀၀၀)ထောင်ကို ခြေစောင့်လက်စောင့်ထားထားကာ အမြဲစုထားပြီး အငယ်ဆေးခန်းပြတဲ့နေ့ကျ ဆရာကြီးကို ဆရာဝန်ခမပေးနိုင်သော်လည်း ဆေးဖို့တော့ရှင်းနိုင်ပါသည်။

သူ ပြန်ရောက်တာနဲ့ ထမင်းအိုးတည်၊ဟင်းချက် ရေမိုးချိုးကာ တအောင့်တနားနားပြီး မောင်နှမနှစ်ယောက်ထမင်းစားသည်။ ပြီးနောက် သူတစ်နေကုန်ပင်ပန်းထားသမျှ ကျောချပြီး အနားယူသည်။

သူပင်ပန်းလာတာသိလို့ အငယ်က‌ နင်းပေးရမလားမေးပါတယ် သူ့မှာမခိုင်းရက်လို့၊အငယ်စိတ်မကောင်းဖြစ်မှာစိုးလို့ အပြုံးမပျက်နိုင်။ တကယ်တော့ သူအရှုံးပေးချင်လောက်အောင် ပင်ပန်းသည်။ဆေးစာတွေရေးပြီး လူနာကုနေရမည့်လက်တစ်စုံက အုတ်၊သဲ‌၊ကျောက်၊ဘိလပ်မြေများကိုကိုင်ရ၍ အသားမာတက်နေသည့် လက်တစ်စုံအဖြစ်သို့ပြောင်းနေလေပြီ။

ဘဝမှာရင်အနာဆုံးနှင့်နောင်တအရဆုံးကိစ္စရပ်နှစ်ခုရှိ၏။ ပထမသည် အလျင်လိုစွာကားမောင်းခဲ့ခြင်းဖြစ်၍ ဒုတိယသည် စနေဂြိုလ်ထံနှလုံးသားတစ်ခုလုံးပုံအပ်ကာ ချစ်ခဲ့မိခြင်းဖြစ်၏။

အငယ်က အရင်ကလောက်မဆိုးပေမယ့် ညဘက်ဆို ငိုမြဲပါပဲ။ ထို့ကြောင့် သူ့မှာရတုန်း မှေးရသည်။

“ မနက်ဖြန်နေ့လည်ကျရင် ဆရာကြီးဆီသွားဖို့ ကိုကြီး အလုပ်က စောစောပြန်လာခဲ့မယ်နော် ရေမိုးချိုးပြီး စောင့်နေနော် အငယ်"

သူမျက်လုံးမဖွင့်ပဲ အငယ့်ကိုပြောလိုက်သည်။

လက်လှုတ်မှ ပါးစပ်စားရမည်မို့ တစ်နေကုန်အလုပ်မသွားလို့မရချေ။ နေ့ဝက်ခ(၃၀၀၀)တော့ကျွဲလို နွားလိုရုန်းပြီး သွားယူရပါအုံးမည်။

ဒီလှိုင်း အလုပ်မှစောစောပြန်လာပြီး ရေမိုးချိုးကာ ညီမလေးကိုလက်ဆွဲလျက် တစ်မှတ်တိုင်ပဲဝေးသည့်ဆေးခန်းကို ကျန်းမာရေးညီညွတ်စွာ  လမ်းလျှောက်၍သွားလိုက်သည်။ လမ်းမှာမြင်မြင်သမျှ အရာရာတိုင်းကို အငယ်က လက်ညှိုးထိုးကာ အသစ်အဆန်းသဖွယ်မေးနေသည်ကို စိတ်ရှည်လက်ရှည်ရှင်းပြရသေးသည်။ ပြီးနောက် အငယ်ပူဆာသည့်မုန့်များကို ဆေးဖိုးသာချန်ပြီး ရှိရှိသမျှပိုက်ဆံအကုန် မုန့်ဝယ်ကျွေးလိုက်သည်မို့ အငယ်ကပျော်ရွှင်နေပါတော့၏။

ဆေးခန်းရောက်တော့ ဘိုကင်နံပါတ်မကျသေး၍ ထိုင်စောင့်နေသည့်အချိန် ခင်နေသည့်ဆေးကောင်တာမှ ကောင်မလေးတွေနဲ့ အငယ်က ပျော်ပျော်ရွှင်ရွှင်စကားပြောနေ၏။ အငယ်သည် အခုနောက်ပိုင်း သူ့ထက်ငယ်သည့်သူဖြစ်စေ ကြီးသည့်သူဖြစ်စေ ‘မမ၊ကိုကို’ဟုခေါ်ကာ ကလေးလေးတစ်ယောက်သဖွယ် ချွဲနွဲ့နေတတ်သူမို့ ပတ်ဝန်းကျင်ကအားလုံးကလဲ ကလေးလေးတစ်ယောက်လိုအလိုလိုက်  အကြိုက်ဆောင်ပေးတတ်ကြ၏။

ဆရာကြီးရောက်လာတော့ အငယ်ကအ‌စောဆုံးမို့ အရင်ဆုံးဝင်ရ၏။ ဆရာကြီးကိုတောင် ‘အန်ကယ်’ခေါ်ကာ မုန့်ပူဆာတတ်သည့် ညီမငယ်ကြောင့် ဒီလှိုင်းမျက်နှာပူရပါ၏။

“အန်ကယ် အငယ်မှာလိုက်တဲ့မုန့်ရော..”

“အငယ်.."

ဒီလှိုင်းက အငယ့်လက်ကိုခုံအောက်မှကိုင်ကာ ဟန့်တားလိုက်သည်။ သို့သော် ဆရာကြီးကခေါင်းခါပြကာ လွှတ်ထားရန်အချက်ပြသည်။ ပြီးနောက် အိတ်ထဲမှ ပျော့အိအိချောကလက်သကြားလုံးတစ်ဘူးထုတ်ပေးကာ အငယ့်ကိုပေးလိုက်၏။ အငယ်ကပျော်ရွှင်သွားကာ ချက်ချင်းကျေးဇူးတင်ပြီးနောက် ဖောက်စား၏။

“သားဒီလှိုင်း နောက်ဆို ညီမလေးကို မတားပါနဲ့  ကလေးကမပျော်ရွှင်ရတာကြာပြီ မဟုတ်လား..ပန်းအိုးအကွဲတစ်လုံးကိုဆက်သလိုပေါ့.. ပျော်စရာတဒင်္ဂမှတ်ဉာဏ်လေးတွေကိုဆက်ပြီး ပင်ပန်းရတဲ့မှတ်ဉာဏ်ကိုမေ့သွားတဲ့အထိ ကုသမှရမယ် သား..”

“ ကျွန်တော်က ဆရာကြီးကိုအားနာလို့ပါ..”

“ တခြားလူနာကိုလဲ ဆရာဒီလိုပဲကုတာမို့ အားမနာနဲ့သား..”

“ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်ဆရာ..”

ဒီလှိုင်းတို့မောင်နှမ ဆေးတွေယူကာ အိမ်သို့လမ်းလျှောက်၍ပြန်မည်ဖြစ်သည်။

Mg'd Nwel Thar Kii (Book version)Where stories live. Discover now